တရုတ်မှ NLD အစိုးရအား ပြတ်သားစွာ ထောက်ခံလိုက်ပြီ

by Hla Soewai - Jan 14 2021

အာဏာရူးများ အတွက် ဤမြေကမ္ဘာတွင် ၎င်းတို့၏တခုတည်းသော မှီတွယ်ရာ ဖြစ်သည့် တရုတ် မှ NLD အစိုးရအနေနှင့် နိုင်ငံကို အဆင်ပြေ ချောမွေ့စွာ အုပ်ချုပ်သွားနိုင်ရေး အတွက် အခိုင်အမာ ထောက်ခံကြောင်း ပြောကြားခဲ့ပြီ ဖြစ်သဖြင့် မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသလို ဖြစ်သွားခဲ့ပေသည်။

 

ထိုစကားကို နေပြည်တော်သို့ အလည်အပတ် ရောက်ရှိနေသော တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီမှ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု တရုတ် အစိုးရ အာဘော် ပြည်သူ့နေစဉ် သတင်းစာကြီးမှ ၎င်းတို့ နှစ်ဦး တွေ့ဆုံသည့် ဓါတ်ပုံကို မျက်နှာဖုံး သတင်း အဖြစ် ဝင့်ဝင့် ကြွားကြွား ဖေါ်ပြထားပေသည်။

 

လက်ရှိ အစိုးရ အား နိုင်ငံရေး စီးပွားရေး နယ်ပယ်များတွင် ထပ်မံ အကျပ်အတည်း ကျစေရန် ယခင်က ရှိနေပြီးသား တရုတ်ဆန့်ကျင်ရေး များကို လိုသည်ထက် ပိုကာ စနစ်တကျ အကွက်ချ၍ သူ့လူကိုယ့်ဘက်သား များဖြင့် ထိုးဖေါက် ဝါဒ ဖြန့်ချီမှုများကလည်း မအောင်မြင်ခဲ့ပြန်ပေ။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ လက်ရှိ အစိုးရအား တရုတ်မှ ထောက်ခံမှု ပေးနေသည်ကို ရုတ်သိမ်းသွားရန်ပင် ဖြစ်သည်။ ထို့အတွက် တပ်မတော် အကြီးအကဲမှ ရခိုင်ပြည်နယ် အရေးတွင် ပြည်ပ အင်အားကြီး နိုင်ငံမှ အထောာက်အပံ့ပေးနေသည်ဟုပင် မပြောစဖူး အပြောထူးကာ လမ်းကြောင်းပေးခဲ့ပြန်သည်။ မိမိတို့အနေဖြင့် တရုတ်သည် အင်အားကြီး အိမ်နီးချင်း နိုင်ငံ ဖြစ်နေပြီး ဒုက္ခပေးနိုင်သည့် အနေအထားလည်း ရှိနေသဖြင့် လွန်စွာ သတိထားပြီး ဆက်ဆံရမည် ကတော့ အမှန်ပင် ဖြစ်သည်။ သို့သော် နိုင်ငံ၏ အကျိုးအတွက် တရုတ်နှင့် ဆက်ဆံရေးကို ပျက်ပြား သွားသည်အထိ အဖြစ်ခံ၍ မဖြစ်ပေ။

 

၎င်းတို့ ဖက်ကလည်း အာဏာရလာပါက ထိုသို့ ဆက်ဆံရေး ပျက်ပြားသွားသည်ကို လက်ဖျောက်တချက်တီးပြီး အလိုရှိရာ ပေးလိုက်ရုံဖြင့် ပြန်လည် တည်ဆောက်၍ရသည်ဟု စွဲမြဲစွာ ယုံကြည်ထားကြပြီး ဖြစ်သည်။

 

မိမိတို့သည် ဖြစ်ပေါ်လာသည့် နိုင်ငံရေး မုန်တိုင်း၏ လားရာ၊ လာသည့် လမ်းကြောင်းကို အသေအချာ ရှုမြင်တတ်မှ ဖြစ်ပေမည်။

 

တရုတ်သည် ဂျိုးဘိုင်ဒင် သမ္မတ ဖြစ်လာမှု နှင့် အတူ ဒေါ်နယ် ထရန့်လက်ထက်က ပျက်ပြားသွားခဲ့သော ဆက်ဆံရေး အတွက် မြန်မာ အပါအဝင် အရှေ့တောင် အာရှ နိုင်ငံများကို ချစ်ကြည်ရေး ထိုးစစ်ကြီး ပြန်လည် ဆင်နွှဲလာတော့မည့် အရေးကို ကြိုတင် ရှုမြင်ထားပြီး ဖြစ်သဖြင့် လက်ဦးမှု ယူကာ NLD အစိုးရနှင့် ဆက်ဆံရေး အခိုင်အမာ တည်ဆောက်နိုင်ရန် ရောက်ရှိလာခြင်း ဖြစ်ပြီး မြန်မာအားလည်း မကြုံဖူးအောင် အတိုးမဲ့ ချေးငွေများ ထုတ်ချေးသွားမည်ဟုပင် ပြောလာခဲ့သည်။

 

(၂)

 

ဝမ်ယီမှ မြန်မာ အစိုးရ ကို ကိုဗစ်-၁၉ တိုက်ဖျက်ရေး တွင် ကူညီ ပေးသွားမည် ဖြစ်ပြီး ကာကွယ်ဆေး ပထမ အသုတ်ကိုလည်း အခမဲ့ ပေးသွားမည်ဟု ပြောခဲ့သည်။

 

တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် လမ်းမ စီမံကိန်းများ အလျှင်အမြန် အကောင်အထည် ဖေါ်သွားနိုင်ရေး အတွက် ငါးနှစ် စီမံကိန်းချပြီး အတူ လက်တွဲ ဆောင်ရွက်သွားရန်လည်း လိုလားသည်ဟု ဆိုသည်။ ဧရာဝတီ သတင်းအရမူ စင်္ကာပူထက် အကျယ်အဝန်းအားဖြင့် နှစ်ဆကြီးမည့် ရန်ကုန် မြို့သစ် စီမံကိန်း တန်ဖိုးကို ဒေါ်လာ ၁.၅ ဘီလီယံမှ သန်း ၈၀၀ အထိ လျော့ချနိုင်ခဲ့သည်ဟု သိရသည်။ စီမံကိန်းပါ လုပ်ငန်းများအတွက် တရုတ် ကုမ္ပဏီများသည် အိန္ဒိယ၊ စင်္ကာပူ၊ ပြင်သစ် နှင့် တိုင်ဝမ် ကုမ္ပဏီများနှင့် တန်းတူ ဝင်ရောက် ယှဉ်ပြိုင်ရမည်လည်း ဖြစ်သည်။

 

မြန်မာသည် တရုတ်-အာဆီယံ ဆက်ဆံရေး အတွက် ညှိနှိုင်းရေး တာဝန်ခံ နှင့် လန်ကန်း-မဲခေါင် မြစ် ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲ ဥက္ကဌ ရာထူးကို ရယူရတော့မည် ဖြစ်၍ တရုတ်-အာဆီယံ အကြား ဆက်ဆံရေးကို ပိုမို အဆင့်မြင့်လာအောင် ကြိုးပမ်းပေးပါရန်လည်း တိုက်တွန်းသွားခဲ့သည်။

 

ဒေါ်အောင်ဆန်းစုကြည်မှလည်း တရုတ်-မြန်မာ ဆက်ဆံရေးသည် လွန်စွာမှ အရေးပါသည်ဟု ခံယူထားကြောင်း၊ တရုတ်နှင့် နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် ပူးပေါင်းဆောင်ရွက်ရေး ပိုမို နက်ရှိုင်းစွာ ဖေါ်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြန်လည် ပြောကြားခဲ့သည်။ (ဆိုလိုသည်က တရုတ်တို့ လိုလားနေသော စီမံကိန်းများသည် တိုင်းပြည်အတွက် အကျိုးရှိရာ ရှိကြောင်း ကို လေ့လာဆန်းစစ်ပြီးမှသာ ဆောင်ရွက်မည် ဖြစ်သည်)

 

ကိုဗစ်-၁၉ ကာကွယ်ဆေး အတွက်လည်း ကျေးဇူးဥပကာရ တင်ရှိကြောင်း၊ တရုတ်သို့ လယ်ယာပို့ကုန်များ ဆက်လက် တိုးမြှင့် တင်ပို့နိုင်ရေး နှင့် အလုပ်သမားများ အရေးတွင် ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်းလည်း ‌ဒေါ်အောင်ဆန်းစုကြည်မှ ပြောခဲ့သည်။

 

မြန်မာတွင် တရုတ်၏ Sinopharm နှင့် Sinovac တို့အား အရေးပေါ် အသုံးပြုခွင့် အတည်ပြုပေးပြီးပါက ၂၀၂၁ အစောပိုင်း ကာလများတွင် ပထမအသုတ် ရောက်ရှိလာဖွယ် ရှိသည်ဟု သိရသည်။ အင်ဒိုနီးရှားသို့ တင်ပို့ပေးပြီး ဖြစ်ပြီး ထိုင်း နှင့် မလေးရှားတို့မှလည်း အလားတူ လက်ခံရဖို့ ရှိနေသည်။

 

ပြီးခဲ့သည့် အပတ်က ရွှေလီ နယ်ခြားဂိတ်ကို နှစ်ဆယ့်လေးနာရီ ပတ်လုံးဖြင့် တပတ်ခန့် ပြန်လည် ဖွင့်လှစ်ပေးသွားမည်ဟု ဆိုသည်။

 

(၃)

 

တိုင်းရင်းသား လူနည်းစု လက်နက်ကိုင်များနှင့် ပြုလုပ်နေသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကို မိမိတို့ ဖက်မှ တတ်နိုင်သမျှ ဆက်လက်ထောက်ခံမှု ပေးသွားမည် ဖြစ်ပြီး နိုင်ငံတကာ နယ်ပယ်တွင် မြန်မာ၏ ဥပဒေနှင့် အညီ ရရှိထားသည့် အခွင့်အရေး၊ အကျိုးစီးပွားများ အတွက် ကာကွယ်ပေးသွားမည်ဟု ဝမ်ယီက ကတိပေးခဲ့သည်။

 

မြန်မာကလည်း ရှင်ကျန်း၊ တိုင်ဝမ် နှင့် တိဘက်အပေါ် တရုတ်၏ ရပ်တည်ချက်ကိုလည်း ဆက်လက် ထောက်ခံမှု ပေးသွားမည် ဖြစ်သည်ဟု သမ္မတကြီး ဦးဝင်းမြင့်က ဝမ်ယီနှင့် တွေ့ဆုံခဲ့ရာတွင် ပြောကြားခဲ့သည်။

 

ဝမ်ယီမှ ကာကွယ်ရေး ဦးစီးချုပ် ဆိုသူနှင့်လည်း တွေ့ဆုံခဲ့ပြီး တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်လမ်း ကြီးအတွက် စစ်တပ်၏ ထောက်ခံမှု ရရန်ပါ ကြိုးပမ်းခဲ့သည်ဟု ဆိုသည်။ အဆိုပါ စင်္ကြန်လမ်းမကြီး သည် တိုင်းရင်းသား လက်နက်ကိုင်များ နှင့် စစ်တပ်အကြား တိုက်ပွဲများ ဖြစ်ပွားနေသည့် နယ်မြေများ အတွင်း အကောင်အထည် ဖေါ်ရန် ရှိနေပေသည်။

 

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီသည် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေ နှင့် နေပြည်တော်တွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

 

ဝမ်ယီ ရောက်ရှိမလာမီ တရက်အလိုတွင် မန္တလေး-ကျောက်ဖြူ မီးရထားလမ်း ဖေါက်လုပ်ရေး ဖြစ်နိုင်မှု နှင့် ပတ်သက်၍ လေ့လာမှုများ ပြုလုပ်သွားရေး၊ ရောဂါ ထိန်းချုပ်မှု ဌာန (CDC) ဖွင့်လှစ်နိုင်ရေး နှင့် ဆေးပညာသင်တန်းကျောင်း တည်ထောင်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာများ အားလည်း လက်မှတ်ရေးထိုးခဲ့ကြသည်။

 

နောက်ဆုံး ရရှိသော သတင်းအရ လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ်က ရွေးကောက်ပွဲ ဆိုင်ရာ အငြင်းပွားမှု များသည် ပုဒ်မ ၈၁ အရ လွှတ်တော်နှင့် မသက်ဆိုင်သဖြင့် စစ်တပ် နှင့် ကြံ့ခိုင်ရေး မှ လွှတ်တော် အထူး အစည်းအဝေး ခေါ်ယူရန် တောင်းဆိုမှုကို ပယ်ချလိုက်သည်ဟု သိရသည်။ ၎င်းက ဖွဲ့စည်းပုံ ဥပဒေ ပုဒ်မ ၄၀၂ နှင့် ၁၁ အရရော၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေအရပါ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ အတွက် ကော်မရှင်၏ ဆုံးဖြတ်ချက်များ နှင့် ဆောင်ရွက်ချက်များသည်သာ အပြီးအပြတ် အတည် ဖြစ်စေရမည် ဟု ပြဌာန်းထားပြီး ဖြစ်သည်ဟု ဆိုသည်။

 

(ကိုးကား - People’s Daily, South China Morning Post / REUTERS/ Irrawaddy)