နို့စိုရွယ် ကလေးငယ်က မိန်းမရှာပေးရန် တောင်းဆိုနေသကဲ့သို့ပင်

by Hla Soewai - Jan 09 2021

ဝါရှင်တန်တွင် မဲလိမ် မဲခိုး ပါသည်ဟု သွေးရူးသွေးတန်း ဟစ်အော်နေသော ၎င်းတို့ စံထားရာ ပုဂ္ဂိုလ်ကြီး ဒေါ်နယ် ထရန့် တယောက် အပျက်ပျက် နှင့် နှာခေါင်းသွေးထွက်ပြီး အရှက်တကွဲဖြစ်ကာ အိမ်ဖြူတော်မှ ထွက်ခွာရတော့မည်ဆိုတာ သေချာသွားချိန်တွင်တော့ ကြံခိုင်ရေး ပါတီသည် မည်သို့ ရှေ့လျှောက် စခန်းသွား လေမည် မသိ။

 

ရွေးကော်ကိုလည်း လေးနှစ်သား ကလေးပင် မဲလာထည့်ပါသည် ဆိုသော ပေါက်ပန်းဈေး သက်သေ သက္ကာရများ ဖြင့် အမှုပေါင်း ရာထောင်ချီကာ တင်သွင်းခဲ့ကြရုံမက နိုင်ငံ ရင်သွေး ကလေးသူငယ်များကို အနီးကပ် သွန်သင် ဆုံးမပေးနေကြသည့် ဆရာဆရာမများကိုပင် အယုံအကြည် မဲ့အောင် ပြောဆို လုပ်ကိုင်လာကြရုံမက တရားပင် စွဲဆိုလာခဲ့ပြန်သည်။ ယခင်က စစ်တပ်ရှေ့နေချုပ်လုပ်ခဲ့ပါသည် ဆိုသော ပုဂ္ဂိုလ်ကြီးသည်လည်း ယခု ရွေးကောက်ပွဲ ကိစ္စသည် အိုင်စီစီ၊ အိုင်စီဂျေ တို့ ဖြင့် သက်ဆိုင်မှန်းပင် မသိရှာ၊ ဘူးလုံး နားမထွင်း ဖြစ်ကာ သွေးရူးသွေးတမ်းဖြင့် တိုင်မည်တောမည် လုပ်နေသည်။

 

ထိုအဖြစ်များကို မြင်သူတိုင်း ဩချကြရရုံမက မနေ့ကပင် အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးမှပင် ကိုယ့်နိုင်ငံရေး ကိုယ်ပြန်သတ်နေသည့် နိုင်ငံရေး သေကြောင်းကြံမှုကြီး အဖြစ် ပြောဆိုသွားခဲ့ပေသည်။

 

တကယ်တော့ ၎င်းတို့သည် နိုင်ငံရေး သမားများ မဟုတ်ကြ၊ နိုင်ငံရေး သမား ဆိုသည်မှာ နိုင်ငံ၏ အရေးကိစ္စများ၊ တိုးတက်ရာ တိုးတက်ကြောင်းများကို စိတ်ဝင်တစား ဝင်ရောက် ဆွေးနွေးလုပ်ကိုင်သူများကို ဆိုလိုရင်း ဖြစ်သည်။ ၎င်းတို့ အဖို့က နိုင်ငံကို ဆက်လက် ချုပ်ကိုင်သွားနိုင်ရန် ယူနီဖောင်း ချွတ်ပြီး ဝင်ရောက်လာသူများသာ ဖြစ်သည်။ လက်ရှိ ပြည်ခိုင်ဖြိုး ထိပ်တန်း ခေါင်းဆောင်များ အားလုံးနည်းပါးသည် ယူနီဖောင်းချွတ် စစ်ဗိုလ်ချုပ် အဟောင်းကြီးများသာ ဖြစ်ပြီး မိခင်စစ်တပ်၏ အပြည့်အဝ ထောက်ခံမှုကို ရရှိထားကြသူများ လည်း ဖြစ်ကြသည်။

 

နိုင်ငံရေး တွင် နို့သက်မျှ မစင်သေးသူများ အဆင့်တွင် ရှိနေသေးပြီး သိအောင်လည်း မကြိုးစား ကြပေ။ ထိုအထဲတွင် စာပေရေးရာ နှံ့စပ်ပုံရသော ပြန်ဝန်ဟောင်း ဦးရဲထွတ်က ၎င်းတို့ထက် ခေါင်းတလုံး ပြူထွက်လာနိုင်ခဲ့သည်မှာ အထင်အရှားပင် ဖြစ်သည်။ ကျန်လူများ အဖို့မှာ အာဏာရရေးသည်သာ အဓိက ဖြစ်၍ စောစောက ပြောခဲ့သလို ဥပဒေပိုင်းတွင် ထိပ်ဆုံးရာထူး ခန့်အပ်ခြင်း ခံခဲ့ရသူသည် အိုင်စီစီ၊ အိုင်စီဂျေ၏ လုပ်ပိုင်ခွင့်သည် မည်သို့ရှိသည် ကို နကန်းတလုံးမျှပင် မသိရှာသော သူ အဖြစ် ထွက်ပေါ်လာခဲ့ရသည်။

 

ခေါင်းကိုင် ပုဂ္ဂိုလ်ကြီးသည် ၂၀၁၀ ရွေးကောက်ပွဲ ဖြင့် တိုင်းပြည်ကို ဆက်လက်ချုပ်ကိုင်သွားနိုင်ရေး စီစဉ်ပေးခဲ့ပြီး ၂၀၁၅ တွင် တရားမျှတစွာ ရွေးကောက်ပွဲကို ကျင်းပပြီး အနိုင်မရရှိက ပြည်သူများ စိတ်ကျေနပ်စေရန် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ကို အာဏာ လွှဲပေးရမည် ဟူသော မှာကြားချက်ကြောင့် ပြဿနာ တစုံတရာ မပေါ်ဘဲ ရာထူးမှ ဆင်းပေးသွားကြသည်။

 

သို့သော် ခေါင်းကိုင် ပုဂ္ဂိုလ်ကြီး ဖြစ်စေချင်သလို မိမိတို့ ပါတီ ၏ အမှားများကို ပြန်လည် သုံးသပ်ပြီး ပြည်သူများ၏ ယုံကြည်မှုကို တည်ဆောက်နိုင်မည့် ငါးနှစ်မျှ ရှိနေသည့် အခွင့် အရေးကို လက်လွှတ်ခံခဲ့ကြပြီး နောက်တကြိမ်တော့ မည်သည့်နည်းနှင့် မျှ အနိုင်ပေး၍ မဖြစ်ဟူသော မူဝါဒ ဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရ သည် တိုင်းပြည်ကို ဦးဆောင်နိုင်စွမ်း မရှိဟု ပြည်သူများ အယုံအကြည် မဲ့လာစေရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းလာကြသည်။ အတွေ့အကြုံ မရှိ ထောင်ထွက်များသာ ဖြစ်၍ ဖရိုဖရဲ ဖြစ်မည်ဟု တွက်ဆထားခဲ့ကြသော်လည်း ထင်သလို ဖြစ်မလာသည့်အခါ အမျိုးဘာသာ သာသနာဟု လွယ်လင့်တကူပင် လူပြိန်းကြိုက် ဟစ်ကြွေးကာ နည်းမျိုးစုံဖြင့် တိုင်းပြည်တွင် လှုပ်လှုပ်ရွရွ ဖြစ်အောင် စီမံလာကြသည်။

 

သို့သော် ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများ ကြောင့် အိုင်စီဂျေတွင် တရားစွဲခံရသည်ကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သွားရောက် ဖြေရှင်းခဲ့ရာမှ အစ နိုင်ငံရေး ဒီရေ သည် ရုတ်ခြည်းပြောင်း လဲသွားခဲ့ရသည်။

 

တိုင်းပြည်အာဏာကို ၂၀၂၀ နောက်ပိုင်း အလုံးစုံချုပ်ကိုင်နိုင်ရေးမှသည် တဆင့်လျော့၍ ၎င်းတို့ ဦးဆောင်၍ ထားရာနေ စေရာသွားမည့် အလားအလာ ရှိသော ပါတီများ စုဝေးကာ ညွှန်ပေါင်း အစိုးရ ပုံစံမျိုး ကို လက်ခံလိုက်ရသည်။ တကယ်လည်း ထိုသို့ ဖြစ်လာလိမ့်မည်ဟု အခိုင်အမာ ယုံကြည်ခဲ့ကြသည်။

 

သို့သော် ၂၀၂၀ ရွေးကောက်ပွဲ တွင် ပြည်သူများက လက်ရှိ NLD အစိုးရကို သောင်ပြိုကမ်းပြို မဲပေးလိုက် ကြချိန်တွင်တော့ ဘာလုပ်လို့ လုပ်ရမှန်း မသိ ဖြစ်သွားသည်။ စစ်တပ်ဖက်မှလည်း ဒုတိယ အကြိမ် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကာ ပြည်သူများ ဆန္ဒကို လေးစားပါမည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ပထမအကြိမ် အိုင်စီဂျေတွင် တရားစွဲခံရစဉ်ကလည်း အလားတူ ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်ကာ အစိုးရကို အပြည့်အဝ ထောက်ခံသွားမည်ဟု ဂမူးရှူးထိုး ပြောဆိုခဲ့ကြဖူးသည်။ သို့သော် သွေးအေးလာသည့် အခါ၊ ထွက်ပေါက် ရှိမည်ဟု ထင်လာသည့် အခါ၊ လေသံများ ပြန်ပြောင်းသွားကြသည်ကို အားလုံး အသိပင် ဖြစ်သည်။

 

ယခုလည်း နိုင်ငံတော် သမ္မတ၊ ရွေးကော် ဥက္ကဌ တို့ကိုပင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ အာဏာပိုင်မေး စာချွန်တော် ဆင့်ရန် ထုတ်ပြန်ရသည့်အထိ ကြံစည် နိုင်ခဲ့ကြသည်။ သို့သော် ဇန်နဝါရီ ၂၉ ရက်နေ့တွင် ပြုလုပ်မည် ဆိုသော ကြားနာပွဲလုပ်ဖြစ်သည့် အဆင့် ရောက်လာခဲ့လျှင်လည်း သေချာပေါက် ပယ်ချခံရမည်သာ ဖြစ်သည်။ ဤသည်ကို သိနေသော်လည်း တရားသူကြီးချုပ်မှ မည်သို့ အဓိပ္ပါယ်ဖွင့်ဆိုမည်ဆိုသည်ကို သာ အဓိက သဘောဖြင့် ကံစမ်းမဲ ထိုးနေကြသည့် အဆင့် ဖြစ်သည်။

 

NLD သည် ၎င်းတို့ နှစ်ပေါင်းများစွာ ရေးဆွဲ ခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ ဘောင်ထဲမှ အတိအကျ လုပ်ကိုင်နေခြင်း ဖြစ်ပြီး ထို ဖွဲ့စည်းပုံကို ဖျက်လို ဖျက်ဆီး၊ လိုသလို ဆွဲယူနေကြသူများက ၎င်းတို့ပင် ပြန်ဖြစ်နေသည့် အလှည့်အပြောင်းကြီးကို မျက်ဝါးထင်ထင် တွေ့လာကြရပြီ ဖြစ်သည်။ ပြည်သူများက ရွေးချယ်တင် မြှောက်သော အစိုးရအား ဖွဲ့စည်းပုံနှင့် အညီ သစ္စာစောင့်သိရိုသေပါမည်ဟူသော တပ်မတော်ကပင် စည်းဘောင်ကျော်ကာ အမိန့်များ ပေးလာနေပြီး ရွေးကောက်ပွဲ ရလဒ်ကို ဝင်ရောက် စွက်ဖက်ရန် ဦးဆောင် ကြိုးပမ်းလာခဲ့သည်။

 

ယခုလောက်ဆိုလျှင် ဒေါ်နယ် ထရန့် သည် အိမ်ဖြူတော် ရှိ ဘဲဥပုံ ရုံးခန်းကြီးထဲတွင် ထိုင်ကာ ထိုကဲ့သို့သော တပ်မတော် မျိုး မိမိတွင် ရှိပါက မည်မျှ ကောင်းလိုက်လေမည်နည်း ဟု စိတ်ကူးယဉ်နေမည်မှာ ကြိမ်းသေလှပေသည်။

 

နိုင်ငံတကာ မှ ခေါင်းဆောင်များ၊ မြို့ပြ လူ့အခွင်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့များ၊ ရွေးကောက်ပွဲကို ကိုယ်တိုင်ကိုယ်ကျလာရောက် လေ့လာခဲ့ကြသော ပြည်ပ အဖွဲ့အစည်း အသီးသီးနှင့် မီဒီယာများက တညီ တညွတ်တည်း ထောက်ခံ အတည်ပြုခဲ့ကြပြီး ဖြစ်ရုံမက မည်သည့် ပြည်ပအစိုးရ မည်သည့် အဖွဲ့အစည်း၊ မီဒီယာများ မှ ရွေးကောက်ပွဲ၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည့် အပြောအဆိုမျိုး တလုံးတပါဒမျှ ပင် ထုတ်ဖေါ်ပြောဆိုရေးသားခြင်း မျိုးမရှိပါပဲလျက် ကာချုပ်ကြီးမှ အမှားအယွင်းများ ကြောင့် ရွေးကောက်ပွဲ ဂုဏ်သိက္ခာထိခိုက်မည် စိုး၍ ၎င်းတို့ ထောက်ပြနေရခြင်း ဖြစ်သည်ဟု ပြောဆိုလာခြင်းကို မည်သို့မျှပင် နားမလည် နိုင် ဖြစ်နေသည်။

 

လက်ရှိ ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့သော ရွေးကောက်ပွဲမျိုးကိုပင် အယုံအကြည်မဲ့ရန် နည်းမျိုးစုံဖြင့် မဟုတ်မမှန် ကြံစည်လာနေမှုကို သံယောင်လိုက်လာခြင်းဖြင့် တပ်မတော်သည် ရွေးကောက်ပွဲ ကျင်းပပြီးတိုင်း ရှုံးနိမ့်သူများက ထိုသို့ ပြောဆို လုပ်ကိုင်လာကြမည့် အစဉ်အလာကြီးကို ဖန်တီးပေးနေပြီ ဖြစ်သည်။ ရှုံးနိမ့်သူမှန်သမျှ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် ပြုကြတော့မည်မဟုတ်၍ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကြီး က ထိခိုက်လာတော့မည် ဖြစ်သည်။

 

မည်သို့ပင် အနှောက်အယှက် များ ရှိနေသော်ငြားလည်းလာမည့် ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်ကြီး ပြန်လည် အသက်ဝင်လာတော့မည်ကို ပြည်သူများက ဝမ်းသာအားရ ငံ့လင့်နေကြပြီ ဖြစ်သည်။

 

သို့သော် ကြံ့ခိုင်းရေး ပါတီ မှ လွှတ်တော်ကိုယ်စားလှယ်များသည် ၎င်းတို့ အရေးကို လွှတ်တော်တွင် ကိုယ်စားပြု ပြောဆိုပေးလိမ့်မည်ဟု ယုံကြည်မှု ဖြင့် ရွေးချယ်စေလွှတ်ရန် ဆုံးဖြတ်ခဲ့ကြသည့် မဲဆန္ဒနယ် ၃၃ ခုမှ ပြည်သူများ အတွက်က စိတ်မကောင်းစရာ ဖြစ်ရတော့မည်လား ဆိုသည်က ယတိပြတ်တော့ မပြောနိုင်သေးပေ။

 

ကျွန်တော် အဖို့က တော့ ၎င်းတို့၏ လုပ်ရပ်များသည် ဆရာဗန်းမော်တင်အောင် ပြောသလို နို့စို့ကလေးငယ်က မိန်းမရှာပေးရန် တောင်းဆိုနေသကဲ့သို့ ဟူ၍ပင် ခေါင်းစဉ်ပေးလိုက်ချင်ပါတော့သည်။

 

Image credit – United State Institute of Peace