ကမ္ဘာနိုင်ငံရေး ဇာတ်ခုံပေါ်က ဂရိုမီကို၏ နေ့ရက်များ(20)

by Hla Soewai - Jan 09 2021

“ကျွန်တော် သိပါတယ်၊ ရုစ်ဘဲလ် အစိုးရ က ကိစ္စတိုင်းကို မော်စကို ကျေနပ်အောင် တော့ လုပ်မပေးနိုင်တာ  ရှိနေမှာပဲလေ၊ အခု ကျွန်တော်တို့ကြားမှာ ရှိနေတဲ့ အဖုအထစ်တွေကို ပြေလည်အောင် လုပ်နိုင်ခဲ့ပြီဆိုတော့ ကျွန်တော်တို့ဖက်က စစ်လေယာဉ်တွေ၊ ထရပ်ကား တွေနဲ့ သင်္ဘောတွေ အပြင် အစားအသောက်တွေ အတော် ကိုလုံလုံလောက်လောက် ထောက်ပံ့ပေးနေပြီလေဗျာ”

 

သူ နှင့် ဆက်လက်ငြင်းခုံနေလို့က မလိမ္မာရာ ကျပေမည်။ အမှန်ဆိုလျှင် ကျွနုပ်တို့ဖက်က အလွန်အမင်း အဆိုးဝါးဆုံး အချိန် နှင့် ကြုံနေရပြီဟု ပြော၍ ရသည့် ဟစ်တလာ ထိုးစစ်ဆင်လာပြီး တနှစ်အတွင်းတွင် အမေရိကန်ဖက်မှ အကူအညီဆို၍ ဘာတခုမှ လက်ခံရရှိခဲ့ခြင်း မရှိပေ။ နောက်ပိုင်း ဆိုဗီယက်တို့ဖက်မှ ကိုယ့်အားကိုယ်ကိုးပြီး အခိုင်အမာ အသာစီး ရလာနေချိန်မှသာ အမေရိကန်၏ အကူအညီများ တဖြေးဖြေး လက်ခံရရှိလာခဲ့ခြင်းသာ ဖြစ်သည်။

 

“သမ္မတ က တော့ ဗျာ အရင်က ပြည်တွင်းရေးကို အာရုံစိုက်နေရတော့ ဒါမျိုးတွေ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ ဂျပန်တွေက ပုလဲဆိပ်ကမ်းကို တိုက်လာပြီး အမေရိကန်လည်း စစ်ထဲဝင်ပါလာရတဲ့ အခါမှ သူလည်း ခင်ဗျားတို့နဲ့ ကျွန်တော်တို့ အကြား အနာဂတ်ဆက်ဆံရေးကို အတော် အလေးပေး စဉ်းစားလာခဲ့တာပါ”

 

သူပြောသည်က အမှန်ပင်။ ဟော့ကင်းသည် အရှင်းရှင် လမ်းကြောင်း နှင့် အမေရိကန်  ဒီမိုကရေစီအတွက် အာရုံထားနေသူဖြစ်သဖြင့် သဘောတရားရေး ဆိုင်ရာ ပြဿနာများတွင် သူကိုယ်စားပြုသည့် လူတန်းစား ဖက်ကသာ ရပ်တည်မည် ဖြစ်သည်။ သို့သော် သူသည် ရုစ်ဘဲလ်၏ လက်ရုံးတဆူ ဖြစ်ခဲ့သည့် အပြင် မျိုးချစ် အမေရိကန်တဦးလည်း ဖြစ်သဖြင့် ဖက်ဆစ်ဝါဒ အပေါ် အောင်ပွဲခံနိုင်ရေး အတွက် အမေရိကန်-ဆိုဗီယက် ဆက်ဆံရေးတွင် ကြီးမားစွာ အထောက်အကူ ပေးနိုင်ခဲ့သူ ဖြစ်သည်။

 

ဟော့ကင်း လိုပင် ထပ်တူနည်းပါး အမြင်ရှိသူ နောက်တဦးသည် ကျွနုပ်နှင့်လည်း ဆက်ဆံရေး ကောင်းမွန်စွာ တည်ဆောက်နိုင်ခဲ့သည့် ဘဏ္ဍာရေး ဝန်ကြီး ဟင်နရီ မော်ဂင်သော ဂျူနီယာ ဖြစ်သည်။ မော်ဂင်သော သည် စစ်ပြီးနောက် ကမ္ဘာ အုပ်ချုပ်ရေး စနစ်တရပ် ဖြစ်ရန် တွန်းတွန်းတိုက်တိုက် လုပ်နေသူ တဦးဖြစ်သည်။ “ဂျာမဏီကိုတော့ ဘယ်နည်းနဲ့မှ ရန်လိုတဲ့ သဘောထား ရှိတဲ့ နိုင်ငံ အဖြစ် အရောက်ခံလို့ မရတော့ဘူးဗျ၊  ဟစ်တလာ လက်အောက်မှာတင် ရာဇဝတ်မှုတွေ တပုံကြီး ကျူးလွန်ခဲ့ကြပြီးပြီ၊ ခင်ဗျားတို့ဖက်ကရော ကျွန်တော်တို့ ဖက်ကပါ နောက်ထပ် ဘယ်နည်းနဲ့မှ ဒါမျိုး အဖြစ်ခံလို့ မရတော့ဘူးဗျ”

 

သို့သော် ၎င်းပြောဆိုနေသည်များက ဝါရှင်တန်ရှိ ဩဇာတက္ကိမ ရှိသော နိုင်ငံရေး သမားများနှင့် ဖီလာဆန့်ကျင်နေမည်ကိုကား ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိပေ။

 

“စစ်တပ်ကလည်း ဒီကိစ္စကို ကျွန်တော်တို့လိုပဲ ယတိပြတ် ဆုံးဖြတ်ထားပြီးသား၊ အမေရိကန် စီးပွားရေး သမားတွေ ဆို ပိုဆိုးသေးတယ်၊ သူတို့ဖက်က ကမ္ဘာဈေးကွက်မှာ အဓိက ပြိုင်ဖက်လို ဖြစ်နေတဲ့ ဂျာမဏီမျိုး နောက်ထပ် မရှိစေချင်တဲ့ သဘောပေါ့ဗျာ”

 

မောဂင်သော က ထိုသို့ ပြတ်ပြတ်သားသား ပြောလာသည်ကပင် အတော် လေး စိတ်ဝင်စားဖို့ ကောင်းနေရသည်။ ။ ဘဏ္ဍာရေး ဝန်ကြီး ဖြစ်လာပြီးမှ အမေရိကန် ကုမ္ပဏီများသည် စစ်ပွဲကာလ တလျှောက်လုံး ဟစ်တလာ စစ်တပ်ကြီး အတွက် လက်နက်များ ထုတ်လုပ်နိုင်ရန် ဂျာမန် စက်မှုလုပ်ငန်းများကို ဒိုင်ခံ အကူ အညီ ပေးနေသည့် အဖြစ်ကို သိလာသောကြောင့်လည်း ဖြစ်မည်။ ထိုအကြောင်းများကို စစ်ကြီး ပြီးသွားပြီး နောက်တွင် အမေရိကန် စာနယ်ဇင်းများက သက်သေအထောက်အထားများနှင့် တကွ ဖွင့်ချရေးသားလာခဲ့ကြသည်။ မော်ဂင်သော လို ထိုအချိန်များက ဘဏ္ဍာရေး ဝန်ကြီး လုပ်နေသူ တဦးက ထိုအကြောင်းများကို မသိဟု ယူဆဖို့ ခက်ခဲလှပေသည်။

 

တဖက်က ကြည့်ပြန်လျှင် ထိုအချိန်က အမေရိကန် ပေါ်လစီအား ချောင်ကြိုချောင်ကြား မကျန် သိနိုင်ဖို့ ဆိုသည်မှာ မလွယ်ကူလှသဖြင့် အစိုးရ အဖွဲ့အတွင်း ရှိ ထိပ်တန်း ပုဂ္ဂိုလ်များ အနေဖြင့် စစ်ကြီး အတွင်း အမေရိကန်နှင့် ဂျာမဏီတို့ မည်မျှ အတိုင်းအတာ အထိ ပူးပေါင်း ခဲ့ကြသည်ဆိုသည်ကို မသိကြခြင်းလည်း ဖြစ်မည်။ စစ်ကြီးအပြီး ထိုကိစ္စကို စုံစမ်းစစ်ဆေးလာသော ကွန်ဂရက် ကော်မတီသည် စောစောစီးစီး လုပ်ငန်း အဆုံးသတ်သွားရသည်မှာ အံ့ဩစရာတော့ မဟုတ်ပေ။

 

ဂျာမဏီ အနာဂတ် အရေးနှင့် ပတ်သက်၍ မော်ဂန်သော၏ အဆိုပြုချက်သည် ကျွနုပ် သိခဲ့ရသမျှ ထဲတွင် အပြင်းထန်ဆုံးဟု ပြော၍ရပေသည်။ “ဥရောပမှာ နောက်ထပ် ကျူးကျော်စစ်ကြီး ထပ်ဖြစ်မလာအောင် ရှောင်ရှားနိုင်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ ဂျာမဏီကို အစိတ်စိတ် အမွှာမွှာဖြစ်အောင် ပိုင်းပြစ်၊ သူတို့ လူမျိုးတွေကို အခြား နိုင်ငံတွေကို ခွဲပို့ လိုက်တာမျိုးမှ ဖြစ်မယ်၊ ဥပမာဗျာ.. မြောက်အာဖရိက မှာ ရှိတဲ့ နိုင်ငံမျိုးတွေကို”

 

ရုစ်ဘဲလ် အစိုးရ အဖွဲ့အတွင်း ကျွနုပ် နှင့် ဆက်သွယ် ဆောင်ရွက်ခဲ့ဖူးသော အထက်တန်း အရာရှိကြီးများ အနက် ဒုသမ္မတ ဟင်နရီ အေ ဝေါလေ့စ်အကြောင်းကို အထူးတလည် ဖေါ်ပြသင့်သည်ဟု ယူဆမိသည်။

 

ဝေါ့လေ့စ်သည် အမေရိကန်သို့ ဆယ့်ကိုးရာစုနှစ်ကတည်းက ရွှေ့ပြောင်း ဝင်ရောက်လာခဲ့သည့် စကော့ နှင့် အိုင်းရစ်ချ် မြေပိုင်ရှင် မိသားစုမှ ဆင်းသက်ပေါက်ဖွားလာသူ တဦး ဖြစ်သည်။ ဝေါ့လေ့စ်သည် သူ၏ အမျိုးအနွယ်များကဲ့သို့ ဘူဇွာပေါက်စ သဘောထား အမြင်ရှိသော်ငြားလည်း အရင်း များသူတို့က နေရာတကာတွင် တွင်ကျယ်လာပြီး လက်ဝါးကြီး အုပ်လာမည့် စနစ်မျိုး ဖြစ်ပေါ်လာမည်ကို စိုးရိမ်ထိတ်လန့်နေသူ တဦး ဖြစ်ပြီး အလယ်အလတ် လမ်းကြောင်းဖြင့် လူမှုဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်သင့်သည်ဆိုသော အမြင်ကို စွဲကိုင်ထားသူ တဦး ဖြစ်သည်။

 

ဝေါလေ့စ်သည် ဘာသာရပ်မျိုးစုံကို လေ့လာလိုက်စားသင်ယူခဲ့သူ တဦးလည်း ဖြစ်သည်။ စီးပွားရေး၊ စာရင်းအင်း၊ ဇီဝဗေဒ နှင့် မျိုးရိုးဗီဇ ဆိုင်ရာ ဘာသာရပ်များ အပြင် သမိုင်း နှင့် ဒဿနိက ဗေဒ တို့ကိုလည်း စိတ်ဝင်စားသူ ဖြစ်သည်။ သူ့အား စိုက်ပျိုးရေး သိပ္ပံပညာရပ်တွင် အများ၏ လေးစားခြင်းကို ခံခဲ့ရသူဖြစ်ပြီး ထိုအကြောင်းများနှင့် ပတ်သက်၍ လေ့လာတွေ့ရှိချက် စာတမ်းပေါင်းများစွာကို ရေးသားထုတ်ဝေခဲ့ပြီးလည်း ဖြစ်သည်။

 

ရုစ်ဘဲလ်၏ တတိယမြောက်သက်တမ်း တွင် ဒုသမ္မတ ဖြစ်မလာမီ ခုနှစ်နှစ်ခန့် တိုင်အောင် စိုက်ပျိုးရေး ဝန်ကြီး လည်း ဖြစ်ခဲ့ပြီး ရုစ်ဘဲလ်၏ New Deal ဟု ထင်ရှားလာမည့် အစီအစဉ် သစ်များတွင် လယ်ယာစိုက်ပျိုးရေး မူဝါဒ သဘောတရားကို ရေးဆွဲပေးခဲ့သူလည်း ဖြစ်သည်။

 

အမေရိကန် နိုင်ငံရေး အသိုက်အဝန်းတွင် ရာထူးကြီးကြီး ရထားသူများ အားလုံး လိုလိုက နိုင်ငံခြားရေး မူဝါဒ နှင့် ပတ်သက်၍ လတ်တလော ထွက်ပေါ်လာမည့် ရလဒ်အတွက်သာ ဦးစားပေး စဉ်းစားကြသူများ ဖြစ်သည်။ ထိုလူများ အထဲတွင် ဝေါလေ့စ်တော့ ပါဝင်ခဲ့ခြင်း မရှိပေ။ သူသည် နိုင်ငံရေး မုန်တိုင်းကြီး၏ အလယ်ဗဟို တည့်တည့်မှနေ၍ ဖက်ဆစ်ဝါဒ တိုက်ဖျက်ရေး၊ စစ်ပြီးနောက် တည်ငြိမ်သော ငြိမ်းချမ်းရေး ရရှိရေး တို့အတွက် ဆိုဗီယက်နှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားရေးကို အားသွန်ကြိုးပမ်းခဲ့သူ ဖြစ်သည်။

 

စစ်ကြီး အတွင်း နှင့် စစ်ကြီး အပြီး ကမ္ဘာတွင် တွေ့ကြုံလာရမည့် ပြဿနာတိုင်းအတွက် ဆိုဗီယက် ပြည်ထောင်စု မပါဘဲနှင့် မည်သို့မျှ ဖြေရှင်း၍ မရနိုင်ဟု ခံယူထားခဲ့သည်။ ကမ္ဘာစစ်ကြီး အောင်ပွဲခံနိုင်ခြင်းအတွက် ဆိုဗီယက် သည် အဓိက နေရာမှ ပါဝင်ခဲ့သည်ဟူ၍ပင် ရဲရဲတင်းတင်း ပြောဆိုဝံ့သူ လည်း ဖြစ်သည်။

 

“ရုရှားတွေကြောင့် ရန်သူ့ဖက်က အကျအဆုံးဆို မဟာမိတ်နိုင်ငံအားလုံးပေါင်းထက် အနည်းဆုံး အဆ နှစ်ဆယ်လောက် များတယ်” ဟု ပြောခဲ့ဖူးသည်။

 

ဆိုဗီယက်-အမေရိကန် ပူးပေါင်းဆောင်ရွက်ရေးအား ထောက်ခံသူ တဦး အနေဖြင့် စစ်ကြီး အပြီး ဆိုဗီယက်-အမေရိကန် ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်သွားနိုင်ရေး သည် နံပါတ်တစ် ဖြေရှင်းရမည့် ပြဿနာ အဖြစ် သူ၏ ဒိုင်ယာယီတွင် ၁၉၄၃ ဇန်နဝါရီလ အစောပိုင်း ကတည်းကပင် ရေးသားထားခဲ့ပြီး ဖြစ်သည်။ ၁၉၄၂ ခုနှစ် အတွင်း ဆိုဗီယက်သို့ သွားရောက်လည်ပတ်ရန် စိတ်ကူးနေခဲ့ပြီး ရုရှားဘာသာစကားကိုပင် အတော်အသင့် ပြောတတ်အောင် သင်ယူခဲ့သည်။

 

၁၉၄၄ မေလ တွင် ဆိုဗီယက်သို့ ရောက်ရှိလာခဲ့ပြီး သူ၏ အယူအဆသည် ပို၍ ခိုင်မာလာခဲ့ရသည်။ ပို၍လည်း တလေးတစား ဖြစ်လာခဲ့ရသည်။ ထိုအကြောင်းများအား ကျွနုပ်ကို တကြိမ်မက ဖွင့်ဟပြောဆိုခဲ့ဖူးသည်။

 

သူသည် အမေရိကန် နှင့် ဆိုဗီယက်အကြား လူမှုရေး စနစ်များ ကွဲပြားခြားနားစွာ ကျင့်သုံးနေခဲ့သော်လည်း နှစ်နိုင်ငံစလုံး အကျိုးရှိစွာ ဖြင့် ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အယူအဆကို မပြောင်းမလဲ ခံယူထားသူ ဖြစ်သည်။ ထိုသို့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြင့်သာ စစ်ရေးအရ ထိတ်တိုက်ရင်ဆိုင် တွေ့မှုများကို ရှောင်ရှားနိုင် မည်ကို ယုံကြည်ကြောင်း ပြောပြခဲ့ပေသည်။

 

(ဟင်နရီ မော်ဂင်သော (ဘယ်) နှင့် ဒုသမ္မတ ဟင်နရီ အေ ဝေါလေ့စ် (ညာ) တို့အား တွေ့နိုင်ပေသည်)