ထွက်တော်မူ နန်းက စောစီးစွာ ခွာတော့မည်လော

by Hla Soewai - Jan 09 2021

ထိုခေါင်းစဉ် ကို ဆရာ မောင်ဝံသ က နစ်ဆင်၏ ဝါးတားဂိတ် အရေးတော်ပုံ နှင့် ပတ်သက်၍ ရေးသားသော စာအုပ်ကို အမည်ပေးထားခဲ့ရာ ငယ်စဉ်ကပင် သဘောကျမိခဲ့သည်။ မျက်နှာဖုံးကလည်း နစ်ဆင်တို့ ဇနီးမောင်နှံ အိမ်ဖြူတော် ရှေ့ မြက်ခင်းပြင်ရှိ မရိမ်းဝမ်း ရဟတ်ယာဉ်ပေါ်သို့ တက်သွားပုံ နှင့် ဖြစ်သည်။

 

ဤသည်ကိုပင် ဇန်နဝါရီ ၂၀ ရက်နေ့ ထရန့် အိမ်ဖြူတော်မှ ထွက်သည့် အချိန်တွင် သုံးမည်ဟု မှန်းထား သော်လည်း ဖြစ်ပေါ်လာသော အခြေအနေများအရ ယခုပင် သုံးရတော့မလို ဖြစ်နေသည်။

 

ယခုအခါ အောက်လွှတ်တော် ဥက္ကဌ နန်စီ ပေါ်လိုစီ ဦးဆောင်သော ထိပ်တန်း ဒီမိုကရက်ခေါင်းဆောင်များက ထရန့်ကို ဒုတိယအကြိမ် ရုံးတင်တရားစွဲရန် ကြံစည်လာနေကြပြီဖြစ်သည်။ ထရန့်အား သမ္မတတာဝန်ကို ထမ်းဆောင်ရန် မသင့်ဟူသော အခြေခံ ဥပဒေ ပုဒ်မ ၂၅ ဖြင့် ဒုသမ္မတ မိုက်ပင့်စ်မှ ချက်ခြင်း ဖယ်ရှားခြင်း မပြုပါက မဖြစ်မနေ မဲခွဲ ဆုံးဖြတ်တော့မည်ဟု ကျယ်လောင်စွာပြောဆိုလာနေကြသည်။ နောက်ထပ် ကျန်ရှိသော ၁၃ ရက်အတွင်း တိုင်းပြည်ကို ဒီထက်ဆိုးဝါးအောင် ဖန်တီး မလာဟု မပြောနိုင်သည့်အတွက် အကြောင်းပြချက် တခုဖြစ်လာခဲ့ကြသည်။ နောက်ထပ် တရက် ဆက်ရှိနေပါလျှင် လွန်စွာ အန္တရာယ်များ လှသဖြင့် မိုက်ပင့်စ် ထံမှ အဖြေကို ဒီနေကုန်သည်အထိ စောင့်မည်ဟု ကွန်ဂရက် အရေးပေါ် အစည်းအဝေးတွင် ပေါ်လိုစီက ကြေညာလိုက်ပြီ ဖြစ်သည်။

 

ပြင်ဆင်ချက် ပုဒ်မ ၂၅ တွင် အပိုဒ်ခွဲ လေးပိုဒ် ပါရှိပြီး ပထမ သုံးပိုဒ်တွင် သမ္မတသည် သေဆုံးခြင်း၊ နာမကျန်း ဖြစ်နေခြင်း၊ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းလာနေမှုများ ဖြစ်က ဖယ်ရှားနိုင်ခွင့် ရှိပြီး ထရန့် အတွက် နောက်ဆုံး အပိုဒ်ကို အသုံးချရန် စိုင်းပြင်းနေကြခြင်း ဖြစ်သည်။ နောက်ဆုံး အပိုဒ်တွင် သမ္မတသည် သူတွင်ရှိ အာဏာအရပ်ရပ်ကို အသုံးပြု၍ တာဝန်ထမ်းဆောင်နိုင်ခြင်း မရှိ ဖြစ်လာသည့် အခါ ဒုသမ္မတနှင့် ကက်ဘိနက် အဖွဲ့ဝင်များက ရာထူးမှ ဖယ်ရှားပြစ်ရမည်။ ထို့အတွက် လွှတ်တော် နှစ်ရပ်ပေါင်း ၏ သုံးပုံနှစ်ပုံ က အတည်ပြုပေးရမည် ဖြစ်သည်ဟု ပါရှိသည်။ သမ္မတ ကိုယ်တိုင်က သူသည် တာဝန်ထမ်းဆောင်နိုင်ပါသေးသည်ဟု အာမခံသည့် စာ ကို အထက်နှင့် အောက်လွှတ်တော် ဥက္ကဌ ထံ ကိုယ်တိုင်လက်မှတ်ရေးထိုးပြီး ပေးပို့မည် ဆိုက ပျက်ပျယ် သွားနိုင်သည်။ သို့သော် ဒုသမ္မတ က ၎င်းတို့ အနေဖြင့် မယုံကြည်ကြောင်း ထပ်မံ စာရေးသား ပေးပို့ပါက ဒုသမ္မတ အား ယာယီ သမ္မတ ခန့်အပ်ပြီး ကွန်ဂရက်မှ ၄၈ နာရီအတွင်း အထူး အစည်းအဝေး ခေါ်ကာ သုံးပတ်အတွင်း မဲခွဲ ဆုံးဖြတ်ရမည် ဖြစ်သည်။ သုံးပုံနှစ်ပုံက အတည်ပြုပေးမှသာ အတည် ဖြစ်၍ လွယ်ကူလှမည်တော့ မဟုတ်ပေ။

 

ယမန်နေ့က ဂျိုး ဘိုင်ဒင် သမ္မတ ဖြစ်ကြောင်းကို ကွန်ဂရက်တွင် ညလုံးပေါက် မဲခွဲ ဆုံးဖြတ်ပြီး ရဲရဲတောက် ကျန်နေသော အမာခံ သုံးလေးငါးယောက် ကန့်ကွက်သည်မှ လွဲ၍ တညီတညွတ်တည်း အတည်ပြုပေးခဲ့ပြီ ဖြစ်သည်။

 

ထရန့်ကိုယ်တိုင်ကလည်း အရှုံးကို ဝန်ခံလိုက်ရပြီး ဇန်နဝါရီ ၂၀ ရက်နေ့တွင် အိမ်ဖြူတော်မှ ထွက်ခွာ ပေးပါမည်ဟု ကတိပေး ကြေညာချက် ထုတ်ပြန်ခဲ့ရပြီ ဖြစ်သည်။ ထရန့် အဖို့ အဖြစ်ဆိုး ပုံက ထိုကြေညာချက်ကိုပင် သူ၏ လက်ထောက် ၏ တွစ်တာ အကောင့်မှတဆင့် ထုတ်ပြန်ခဲ့ရသည်။ ၎င်း၏ ဖေ့စ်ဘုတ် အကောင့် နှင့် တွစ်တာ အကောင့်နှစ်ခုစလုံး ပိတ်ပင်ခံထားရ၍ ဖြစ်သည်။

 

ယခုအခါ ဂျော်ဂျီယာ ရှိ ဆီးနိတ် ရွေးကောက်ပွဲတွင် နှစ်နေရာစလုံး ဒီမိုကရက်များက အပြတ်အသတ် အနိုင်ရရှိသွားပြီ ဖြစ်သဖြင့် ပထမတကြိမ်ကလို ထရန့် အတွက် အခြေအနေ မပေးတော့ပေ။ ရီပတ်ဘလီကင် ခေါင်းဆောင် မစ်ချ် မက်ကွန်းနယ်၏ ဇနီးဖြစ်သူ ပို့ဆောင်ရေး ဝန်ကြီး အီလိန်း ချောင်းသည် မနေ့က အဖြစ်အပျက်ကြောင့် ရာထူးမှ နှုတ်ထွက်သွားသဖြင့် ထရန့် ၏ နစ်မြုပ်နေပြီဖြစ်သော သင်္ဘောကြီးပေါ်မှ ပထမဆုံး ခုန်ဆင်းသူ ဖြစ်လာခဲ့သည်။ သူ့နောက်မှ ထရန့် အစိုးရ အဖွဲ့ အထက်တန်း အရာရှိကြီး ရှစ်ဦး ထပ်မံ နှုတ်ထွက်သွားခဲ့ကြပြန်သည်။

 

ထရန့်ကတော့ အိမ်ဖြူတော်ထဲတွင် ငြိမ်သက်နေသော်လည်း အပြင်တွင်တော့ ၎င်းအား ဖယ်ရှားရေးကို စီးပွားရေး လောက ရှိ ထိပ်တန်း ကုမ္ပဏီ အကြီးအကဲများ အပါအဝင် ဆူညံစွာ တောင်းဆိုသံများနှင့် ပွက်လောရိုက်နေပြီ ဖြစ်သည်။

 

ထရန့် က မိမိကိုယ်မိမိ အပြစ်မှ လွတ်ငြိမ်းချမ်သာခွင့် ပြန်ပေးသည့် အမိန့်ကို ထုတ်ပြန်ရန် လက်ထောက်များနှင့် ခေါင်းချင်း ရိုက်နေသည်ဟု သတင်းများ ထွက်ပေါ်နေပေသည်။ ထိုကဲ့သို့ သမ္မတ တဦးမှ မိမိကိုယ်မိမိ လွတ်ငြိမ်းချမ်းသာခွင့် ပေးသည် မျိုး အမေရိကန် သမိုင်းတွင် တကြိမ် တခါဖူးမျှ မရှိခဲ့ဟု ဆိုသည်။

 

ကွန်ဂရက် အဆောက်အအုံကို ကာကွယ်ပေးရန် တာဝန်ရှိနေသော ကက်ပီတို ရဲတပ်ဖွဲ့ အပါအဝင် တာဝန်ရှိ လုံခြုံရေး အေဂျင်စီများ ကို စတင် စုံစမ်း စစ်ဆေးနေပြီ ဖြစ်ပြီး နန်စီ ပေါ်လိုစီက ကွန်ဂရက် လုံခြုံရေး ဆိုင်ရာ အကြီးအကဲအား မိမိသဘောဖြင့် မိမိ မနှုတ်ထွက်က ရာထူးမှ ထုတ်ပယ်ပြစ်မည်ဟုလည်း ပြောကြားခဲ့သည်။ ကွန်ဂရက်ထဲသို့ ဝင်ရောက် စီးနင်းသူများထဲမှ ၁၄ ဦးအား ရာဇဝတ်ကြောင်းအရ စတင်အရေးယူနေပြီ ဖြစ်သည်။ အချို့က ဝင်ရောက်စီးနင်းသူ များသည်သာ လူမည်းများ ဖြစ်က ယခုလောက်ဆို အလောင်းချင်း ထပ်နေလောက်ပြီ ဖြစ်သည်ဟု ဝေဖန်လာခဲ့ကြသည်။

 

ကက်ပီတို အဆောက်အအုံထဲတွင် ပြစ်သတ်ခံခဲ့ရသော အမျိုးသမီးသည် အသက် ၃၅ နှစ်ရှိ မစ္စက် အက်ရှလီ ဘက်ဘစ် ဆိုသူ ဖြစ်ပြီး လေတပ် အမှုထမ်းဟောင်း တဦးဖြစ်သည်ဟုလည်း သိရသည်။

 

လောလောဆယ်တွင် ပြည်နယ် ၆ ခုရှိ အမျိုးသား အစောင့်တပ်ဖွဲ့ အင်အား ၅,၀၀၀ ခန့်သည် ဝါရှင်တန်သို့ ချီတက်လာနေကြပြီ ဖြစ်သည်။ ထို့အတွက် အင်အားသည် လောလောဆယ်တွင် ၆,၂၀၀ ခန့် ရှိလာခဲ့သည်။

 

ထရန့်သည် ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲရန် လူအုပ်ကြီးကို အသုံးချပြီး ဝင်ရောက် ရန် လှုံ့ဆော် အားပေးခဲ့မှုသည် နိုင်ငံကို အကြီးမားဆုံး သစ္စာဖေါက်မှုကြီး ဖြစ်သည်ဟု တခါက သူ၏ လက်ရုံးဖြစ်ခဲ့သူ ရှေ့နေချုပ် ဝီလျံ ဘား နှင့် ကာကွယ်ရေး ဝန်ကြီးဟောင်း မက်တီ တို့က ထုတ်ဖေါ်ပြောဆိုခဲ့ကြသည်။

 

ယခုအခါ ဝင်ရောက် စီးနင်းသူများက ထရန့်နှင့် မသက်ဆိုင်ကြောင်း ၎င်းတို့ဖာသာ လုပ်ခဲ့ခြင်း ဖြစ်ကြောင်း ကာကွယ်ပြောဆိုနေကြသည်။ အီကော်နော်မစ် သတင်းစာကြီးကမူ ယခု လုပ်ရပ်သည် စိတ်ကူးပေါက်၍ အချင်းချင်း လက်တို့ပြီး ထလုပ်ခဲ့ခြင်း မဟုတ်ဘဲ ဒီဇင်ဘာလထဲက စီစဉ်နေကြကြောင်း၊ ဝါရှင်တန်သို့ သေနတ်များ ခိုးသွင်းလာကြပြီး ကက်ပီတို အဆောက်အအုံကို မီးတင်ရှို့ရန်၊ ဝါရှင်တန် မြို့တော် ဝန်ကို သုတ်သင်ရန်၊ သတင်းသမားများကို တိုက်ခိုက်ရန်မှသည် နောက်ဆုံး ကွန်ဂရက် ရှေ့တွင် ကြိုးစင်တခု ဆောက်ပြီး နန်စီ ပေါ်လိုစီ အပါအဝင် ကွန်ဂရက် ခေါင်းဆောင်များကို ကားစင်တင်ထားရန်အထိ ပါဝင်သည်ဟု ရေးသားထားခဲ့သည်။

 

ထရန့် မှ အခင်းမဖြစ်မီ နေ့လည် အိမ်ဖြူတော် ရှေ့တွင် လာရောက်စုဝေးသူများအား ကက်ပီတို ကို ချီတက်ကြ၊ ချည့်နဲ့နဲ့ လုပ်နေလို့က ကျုပ်တို့ နိုင်ငံကို ပြန်မရဘူး၊ အင်အားပြကြ၊ စိတ်ဓါတ်ခိုင်ခိုင်မာမာ ထားကြ ဟု ပြောဆိုခဲ့ပေသည်။

 

ကမ္ဘာ ဒီမိုကရေစီ နိုင်ငံများက ခေါင်းဆောင်များက အမေရိကန်၏ အဖြစ်ကို ကြည့်ပြီး ဒီမိုကရေစီ အတွက် ထိတ်လန့် တုန်လှုပ်မိကြောင်း နှင့် အဆုံးသတ်တွင် ဒီမိုကရေစီသာ အောင်ပွဲခံမည်သာ ဖြစ်သည်ဟု ပြောဆိုနေကြပြီး တရုတ်၊ အီရန် နှင့် ရုရှား ရုပ်သံကမူ ဝမ်းသာအားရ ဖြင့် မိနစ်ပိုင်း အလိုက် ဖြစ်ပျက်နေမှုများကို ထပ်တလဲလဲ ထုတ်လွှင့်ပြသနေကြသည်။ စာနယ်ဇင်းများကလည်း ဒီမိုကရေစီ၏ ရန်သူများ ဝမ်းသာအားရ ဖြစ်ခဲ့သည့် ပွဲဟုလည်း ရေးသားခဲ့ကြသည်။

 

မစ္စတာ ထရန့်သည် ပြည်သူဆန္ဒကို ဖျက်လိုဖျက်ဆီး လုပ်နေကြသည့် ကမ္ဘောဒီယား မှ ဟွန်ဆန် ၊ ဖိလိပိုင်မှ ဒူတာတေး တို့နှင့် တတန်းစားတည်း အဆင့်သို့ လျှောကျသွားခဲ့ရပြီဟုလည်း ပြောဆိုနေကြသည်။

 

အမှန်ဆုံး စကား ကတော့ လက်ဘနွန်-ဗြိတိသျှ လူမျိုး ဟာသ အနုပညာရှင် ကာလ်း ရှာရို ပြောခဲ့သည်ပင် ဖြစ်သည်။ ၎င်းက အမေရိကန် တို့သည် ကမ္ဘာတဝှမ်းရှိ အစိုးရများ ပြုတ်ကျရန် ဦးစားပေးသည့် နိုင်ငံခြားရေး မူဝါဒကို တင်ပို့နေကြသူများ ဖြစ်ပြီး၊ ယခုအခါတွင် အဆိုပို မူဝါဒကို ထရန့်က သွင်းကုန် အဖြစ် အမေရိကန်သို့ ပြန်လည် တင်သွင်းခဲ့ခြင်းသာ ဖြစ်သည် ဆိုခြင်းပင်။

 

(ပုံတွင် ဝင်ရောက် စီးနင်းသူများထဲမှ တဦးက အောက်လွှတ်တော် ဥက္ကဌ ရုံးခန်းထဲရှိ စားပွဲတွင် အကျအန ထိုင်နေသည့် အဖြစ်က ထရန့်ကို မဲပေးခဲ့ကြသူများနှင့် ရီပတ်ဘလီကင်များ အတွေးပုံရိပ်တွင် ထိတ်လန့်တုန်လှုပ်စွာ စွဲကျန်ရစ်ပေတော့မည်သာ ဖြစ်သည်)

 

(ကိုးကား - The New York Times / The Economist)