ကာကွယ်ဆေး မပေးလျှင် အမေရိကန် တပ်များအား နိုင်ငံတွင်းမှ မောင်းထုတ်မည်ဟု ဒူတာတေး ပြော

by Hla Soewai - Jan 08 2021

အမေရိကန်မှ သန်းပေါင်းများစွာသော ကာကွယ်ဆေးများ ပေးပို့ခြင်းမလုပ်လျှင် အမေရိကန် နှင့် ချုပ်ဆိုထားသော အရေးပါသည့် စစ်ရေး သဘောတူညီချက်ကို ရပ်ဆိုင်းပြစ်မည်ဟု ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးမှ စနေ့နေ့က တနိုင်ငံလုံးသို့ ထုတ်လွှင့်ပြသသော ကက်ဘိနက် အစည်းအဝေးတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။

 

ဒူတာတေးသည် ယခုအခါ ကာကွယ်ဆေး ဝယ်ယူရာ၌ ကြန့်ကြာမှုများ ရှိလာနေသည့် အတွက် ပြည်တွင်းတွင် အပြင်းအထန် ဝေဖန်ခံနေရသဖြင့် အမေရိကန်နှင့် ချုပ်ဆိုထားသော တပ်များ ဝင်ရောက်လည်ပတ်ရေး သဘောတူညီချက်ကို အပေးအယူ သဘော ပြောဆိုလာခြင်းလည်း ဖြစ်သည်။

 

“အနည်းဆုံး ကာကွယ်ဆေး သန်း နှစ်ဆယ် လောက်မှ မပေးနိုင်ရင် နိုင်ငံထဲက ထွက်သွားတာ အကောင်းဆုံးပဲ၊ No Vaccine, no stay here’ ဟု ထုတ်ဖေါ်ပြောဆိုလိုက်သည်။

 

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ဒူတာတေးသည် ဖိလစ်ပိုင်သို့ အမေရိကန် တပ်များ ဝင်ထွက်ခွင့်ရရန် ၁၉၉၈ က ချုပ်ဆိုခဲ့သော သဘောတူစာချုပ်ကို နောက်ထပ် ၆ လ သက်တမ်းတိုးပေးရန် သဘောတူခဲ့ပြီး ဖြစ်သည်။ အဆိုပါ စာချုပ်သည် ဝါရှင်တန် နှင့် နှစ်နိုင်ငံ ကာကွယ်ရေး သဘောတူ စာချုပ်၌ အရေးပါသော အနေအထားတွင် ရှိနေခဲ့သော်လည်း ယမန်နှစ် စောစောပိုင်းက ဒူတာတေး မှ တဖက်သတ် ဖျက်သိမ်းပြစ်ခဲ့ခြင်းလည်း ဖြစ်သည်။

 

လက်ရှိတွင် စင်္ကာပူ နှင့် အင်ဒိုနီရှားတို့မှ ဖိုင်ဇာ ဆေးကို ဖြန့်ဖြူးနိုင်တော့မည့် အဆင့်သို့ ရောက်ရှိလာနေချိန်တွင် ဖိလစ်ပိုင် အစိုးရနှင့် ဖိုင်ဇာ ဆေးကုမ္ပဏီအကြား သဘောတူညီချက်သည် ပျက်ပြားသွားခဲ့ရသည်။

 

အစောပိုင်းတွင် နိုင်ငံခြားရေး ဝန်ကြီး တီဒိုရို လော့စင် ဂျူနီယာ မှ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက် ပွန်ပီယို ၏ အကူအညီနှင့် ဖိုင်ဇာ ကာကွယ်ဆေး ဆယ်သန်းအား ဇန်နဝါရီလတွင် တင်ပို့ရန် အဆင်သင့် ဖြစ်လာတော့ မည်ဟု ထုတ်ဖေါ်ပြောဆိုခဲ့ပြီး ဖြစ်သော်လည်း နောက်ပိုင်းတွင် ကျန်းမာရေး ဝန်ကြီး အကိုင်အတွယ် မတတ်၍ ပျက်ပြားသွားခဲ့ရသည်ဟု ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

 

ဖိုင်ဇာသည် ဆေးဝယ်ယူရေးအတွက် ဖိလစ်ပိုင် အစိုးရ အား ဇွန်လ ကတည်းက ချည်းကပ်ဆက်သွယ်ခဲ့သော်လည်း လေးငါးလ ကြာမှသာ သဘောတူညီချက် ကို ဖိလိပိုင် ကျန်းမာရေး ဝန်ကြီးမှ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။

 

သို့သော် ဒူတာတေးသည် သူ၏ ကျန်းမာရေး ဝန်ကြီးဖက်မှ ကာကွယ်ပြောဆိုလိုက်ပြီး သူနှင့် ကြိမ်ဖန်များစွာ ဆက်ဆံခဲ့သော အတွေ့အကြုံများအရ အမေရိကန်တို့သည် နည်းနည်းမျှပင် ယုံကြည်ရသူများ မဟုတ်ဟု ပြောဆိုခဲ့သည်။

 

သမ္မတ ဒူတာတေးက အနောက်နိုင်ငံများကို အမြတ်, အမြတ်, အမြတ် ဟု ပါးစပ်မှ အော်နေသူများ ဖြစ်သည် ဆိုကာ တရုတ် နှင့် ရုရှား ဆေးကိုသာ အားပေးလိုသူ ဖြစ်သည်။

 

ယခုထိ ဗြိတိန်ထံမှ အက်စတြာ ဇနက္က ဆေး ၂.၆ သန်းသာ ဝယ်ယူနိုင်ခဲ့ပြီး ထိုဆေးများကိုလည်း မေလ ထဲမှသာ ဖိလစ်ပိုင်သို့ ရောက်ရှိလာနိုင်မည်ဟု ခန့်မှန်းထားကြသည်။ တကယ်တမ်းတွင် အဆိုပါဆေးများကို နိုင်ငံတွင်းရှိ ထိပ်တန်း ဆေးကုမ္ပဏီကြီးတခုက မှာယူထားခဲ့သောကြောင့် ဖြစ်ပြီး ရရှိပါက အစိုးရသို့ တဝက်ခွဲပေးပါမည်ဟု ကတိပြုထားခဲ့၍ ဖြစ်သည်။

 

ဖိလစ်ပိုင်သည် ယခုအချိန်အထိ ကူးစက်သူပေါင်း ၄၇၀,၀၀၀ ရှိနေပြီး သေဆုံးသူ ၉,၀၀၀ ကျော်သွားခဲ့ပြီ ဖြစ်သည်။

 

ယခုအခါ ဟိုလိုလို ဒီလိုလို ဖြင့် မည်သူဆီကမျှ ဆေးမရနိုင် ဖြစ်လာသဖြင့် အမေရိကန် အစိုးရအား ခြိမ်းခြောက် အကျပ်ကိုင်နေခြင်းပင် ဖြစ်သည်။

 

ထိုအတောအတွင်း သမ္မတ၏ လက်ရွေးစင် အစောင့်တပ်ဖွဲ့မှ ကိုဗစ်-၁၉ ကာကွယ်ဆေးအား တရားမဝင် ခိုးသွင်းကာ ၎င်းတို့သဘော ဖြင့် ၎င်းတို့ ထိုးခဲ့ကြသည့် အတွက် ပြဿနာပေါ်ခဲ့ပြန်သည်။ သို့သော် သမ္မတ ဒူတာတေးမှ သူ၏ တပ်ဖွဲ့ဝင်များ၏ သူ့အပေါ် သစ္စာရှိသော လုပ်ရပ်အဖြစ် ချီးကြူးပြောဆိုခဲ့သည်။

 

(ကိုးကား - Nikkei Asia Review / REUTERS)

Image Credit – South China Morning Post