အရှေ့အလယ်ပိုင်းတွင် အဘယ် ကြောင့် ဒီမိုကရေစီ မထွန်းကားခဲ့ရသနည်း

by Hla Soewai - Dec 31 2020

လွန်ခဲ့သည့် ဆယ်နှစ်က တူနီရှားရှိ ပြည်နယ် အုပ်ချုပ်ရေးမှုး ရုံး ရှေ့တွင် မိုဟာမက် ဘွာဇာဇီ ဆိုသော လူငယ်ကလေးတဦးသည် "ကျုပ် အဖို့ ရှေ့လျောက် ဘယ်လိုများ ဝမ်းရေးအတွက် လုပ်ကိုင် စားသောက်ရတော့မှာတုန်း" ဟုလည်း ဟစ်အော်ရင်းက မိမိကိုယ် မိမိ ဓါတ်ဆီလောင်းကာ မီးရှို့ အသေခံ ဆန္ဒပြသွားခဲ့သည်။

 

မိုဟာမက် သည် သစ်သီးဝလံများကို လက်တွန်းလှည်းလေးဖြင့် လှည့်လည် ရောင်းချနေသူ ဖြစ်သည်။ သို့သော် မြူနီစပယ် အာဏာပိုင်းများက ၎င်းတွင် ထိုသို့ ရောင်းချရန် ပါမစ် မရှိဆိုကာ လှည်းကို သိမ်းယူလိုက် ကြသည်။ တကယ်တမ်းတွင် ၎င်းတို့တောင်းသည့် ငွေကို မပေးနိုင်ခဲ့ခြင်းကအဓိက အကြောင်းရင်း ဖြစ်သည်။

 

မိုဟာမက် အဖို့ က ထိုသို့ တရားမဲ့ စော်ကားမော်ကား လုပ်လာသည့် အဖြစ်ကို မည်သို့မျှ ဆက်၍ သည်းခံနိုင်စွမ်း မရှိသည့် အပြင် မိသားစု တဝမ်းတခါး အတွက် ရှာဖွေကျွေးမွေးနေသည့် သူ၏ လှည်းကလေး လည်း ဆုံးရှုံးသွားခဲ့ရပြီဖြစ်သည်။

 

မိုဟာမက်၏ ကြောက်မက်ဖွယ် ဟစ်ကြွေးသံကြီးနှင့် အတူ အသေခံ ဆန္ဒပြသွားသည့် ဖြစ်ရပ်သည် အာရပ်ကမ္ဘာရှိ အဖိနှိပ်ခံ လူတန်းစားတရပ်လုံးကို သွက်သွက်ခါ အောင် လှုပ်ရမ်းလိုက်သလို ဖြစ်သွားခဲ့ရပေသည်။

 

ယင်းနှင့်အတူ 'အာရပ်နွေဦး" ဆိုသော် တော်လှန်ရေးကြီး အာရပ်နိုင်ငံ အများအပြားတွင် ဆက်တိုက်ဆိုသလို ဖြစ်ပွားလာခဲ့ပြီး အီဂျစ်၊ လစ်ဗျား၊ ယီမင် နှင့် တူနီရှား အာဏာရှင်များ ပြုတ်ကျသွားခဲ့သည်။

 

ထိုအထဲတွင် ဘွာဇာဇီ လူဖြစ်ကြီးပြင်းခဲ့ သည့် တူနီရှား နိုင်ငံတွင်သာ ဒီမိုကရေစီ အဖတ်တင် ကျန်ရစ်ခဲ့သည်။ လစ်ဗျား၊ ယီမင် နှင့် ဆီရီယားတို့တွင် ပြင်းထန်လှသော ပြည်တွင်းစစ်ကြီး ဖြစ်ပွားလာခဲ့ပြီး ပြင်ပအင်အားကြီး နိုင်ငံများ ဝင်ရောက်စွက်ဖက်လာမှု ဖြင့် အဆုံးသတ်သွားခဲ့ရကာ အာရပ်နွေဦးသည် ခါးသီးသော ဆောင်းရာသီ အဖြစ် ကူးပြောင်းသွားခဲ့ရပေတော့သည်။

 

အပြောင်းအလဲများ ဖြစ်ထွန်းကျန်ရစ်ခဲ့သည်ဟု အနည်းဆုံးတော့ ပြော၍ရပေသည်။ အာရပ်ကမ္ဘာရှိ အာဏာရှင်များအဖို့ စိတ်အေးလက်အေး နေ၍မရတော့ပဲ ကျီးလန့်စားစား ဖြစ်လျက် ရှိနေကြသည်။

 

ရေနံဈေးနှုန်းကလည်း ကျဆင်းနေပြီ ဖြစ်သဖြင့် အာရပ်စော်ဘွားများအဖို့ ၎င်းတို့၏ နိုင်ငံသားများကို ယခင်ကလောက် ပေးကမ်းထောက်ပံ့နိုင်စွမ်း မရှိကြတော့ပေ။ ထို့အတွက် လူထုအကြား လှုပ်လှုပ်ရွရွ ဖြစ်လာလေ ပို၍ ဖိနှိပ်လာလေလေ ပင်ဖြစ်သည်။

 

ဆော်ဒီအာရေဗီးယားမှ မင်းသား မိုဟာမက် ဘင် ဆော်လ်မန်သည် ၎င်း၏ ဆွေမျိုးသားချင်းများကို ပင် အကျဉ်းချထားသည့်အထိ ဖြစ်လာသည်။ အီဂျစ်ရှိ ဖာတာ အယ်စီဆီ သည်လည်း စာနယ်ဇင်းများကို ပိတ်ဆို့ဟန့်တားခဲ့ယုံမျှမက မြို့ပြ အဖွဲ့အစည်းများကို ချေမှုန်းဖျက်ဆီးပြစ်ခဲ့ပေသည်။

 

၎င်းတို့အဖို့ အာရပ်နွေဦး တော်လှန်ရေးမှ ထုတ်နှုတ်ယူနိုင်ခဲ့သည့် တခုတည်းသော သင်ခန်းစာက မီးတောက်ကလေးဘဝကတည်းက မကူးစက်နိုင်‌ အောင် စောစောစီးစီး အမြစ်ဖြတ်ထားနိုင်မှ ဖြစ်မည်ဟူ၍ပင်။

 

ဒေသတွင်း ရှိ လွတ်လပ်ခွင့် ရနေမှုများသည်လည်း ၂၀၁၀ မတိုင်ခင်ကထက်ပင် ဆိုးဝါးလာနေခဲ့သည်။ လူများအကြားလည်း ဒေါသစိတ်များဖြင့် တအုံနွေးနွေး ဖြစ်လျက် ရှိသည်။ စစ်ပွဲများ၊ ဘာသာရေး တယူသန်များ၊ ဒုက္ခသည်များ နှင့် နောက်ဆုံး ကိုဗစ်ကြောင့် လုံးခြာလိုက်လျက် ရှိနေသည်။

 

ဒေသတွင်း လှုပ်ရှားတက်ကြွသူများကမူ အာရပ်‌နွေဦးသည် အရှိန်သေသွားခြင်းမရှိပဲ ပုံစံအမျိုးမျိုးဖြင့် ဆက်လက်ဖြစ်ပေါ်နေသည်ဟု စောဒက တက်ခဲ့ကြသည်။

 

၂၀၁၉ ခုနှစ်အတွင်း တကျော့ပြန်ဖြစ်ပေါ်ခဲ့သော အာရပ်နိုင်ငံများရှိ ကန့်ကွက် ဆန္ဒပြပွဲများကြောင့် အယ်ဂျီရီယား၊ အီရတ်၊ လက်ဘနွန်နှင့် ‌ဆူဒန်တို့တွင် အပြင်းအထန် တုန်ခါသွားခဲ့ရသည်များကို ထောက်ပြခဲ့ကြသည်။ သို့သော် ဖြစ်ပေါ်လာသော ပြောင်းလဲမှုများက မဆိုသလောက်သာ ရှိပေသည်။

 

ဤသည်ကို ကြည့်၍ အာရပ်တို့သည် ဒီမိုကရေစီ ကျင့်စင်များနှင့် အညီ မနေနိုင်ကြ၍လောလားဟု မေးခွန်းထုတ်လာခဲ့ကြသည်။

 

အချို့ကလည်း ဒေသတွင်းရှိ အာဏာရှင်များကိုယ်၌က အာဏာကိုကျားကုတ်ကျားခဲ ဆုပ်ကိုင်နေရ၍ နိုင်ငံသားများ အတွက် ထွက်ပေါက်ပိတ်လာနေရခြင်း ဖြစ်သည်ဟု ငြည်းတွားခဲ့ကြသည်။

 

အချို့ကလည်း ရှေးရိုးဆန် အစ္စလမ်အယူ သည် အများ ပါဝင်ပိုင်ခွင့်ရှိသည့် အုပ်ချုပ်ရေးစနစ်နှင့် လိုက်လျောညီထွေ မရှိခြင်းကြောင့် ဟု ပြောဆိုလာကြသည်။

 

တူနီရှားတွင်သာ အစ္စလမ်ဘာသာကို လက်တွေ့ကျကျ ကျင့်သုံးလိုသူများနှင့် လူထုက ရွေးချယ်တင်မြှောက်ထားသည့် နိုင်ငံရေးသမားများကို လေးစားရကောင်းမှန်း သိ သည့် ဗိုလ်ချုပ်ကြီးများ ပေါင်းစပ်မိခြင်း ကြောင့်သာ အမြစ်တွယ် ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

 

အာရပ်နိုင်ငံများတွင် ခေတ်မီ ဒီမိုကရေစီ မျိုးစေ့များ လိုက်လျောညီထွေ ဖြစ်အောင် ကြဲချနိ့င်ဖို့ လိုနေပေသေးသည်၊ ဒီမိုကရေစီ ရွေးကောက်ပွဲဆိုသည် က ပြည်သူများက ၎င်းတို့ကို မည်သူ အုပ်ချုပ်ရမည်ကို ရွေးချယ်ပေးရသည့် ပွဲလည်း ဖြစ်ပေရာအဆိုပါဒေသများရှိ နိုင်ငံသားများသည်လည်း ကမ္ဘာပေါ်ရှိ အခြားလူများကဲ့သို့ပင် ထိုသို့ ရွေးချယ်တင်မြှောက် ပေးလိုသည့် အာသီသများ အခိုင်အမာ ရှိနေကြသည်။

 

၎င်းတို့လိုအပ်နေသည်များက အစိုးရ၏ အာဏာစက်ကွင်း မှ ကင်းလွတ်သည့် တက္ကသိုလ်များ၊ မီဒီယာများ၊ မြို့ပြအဖွဲ့အစည်းများ၊ တရားရုံးများ နှင့် ဗလီများကဲ့သို့သော အင်စတီကျုးရှင်းများ အခိုင်အမာ ရှိနေရန်ပင် ဖြစ်သည်။

 

သို့မှသာ နိုင်ငံသားများသည် မျက်စိကြီးနားကြီးနှင့် နိုင်ငံ အရေးကိစ္စများတွင် ပါဝင်နိုင်မည့် နေရာများ ပေါ်ထွက်လာမည်လည်း ဖြစ်သည်။ ထိုမှတဆင့် နိုင်ငံရေး အငြင်းပွားမှုကို ငြိမ်းချမ်းစွာ အဖြေရှာရမည် ဆိုသည်ကို လက်ခံလာကြမည်လည်း ဖြစ်သည်။

 

မိမိတို့ အချင်းချင်း လွတ်လပ်စွာ အခြေအတင် ပြောဆိုနိုင်ခွင့် ရှိနေခြင်းသည်လည်း အထောက်အကူ ဖြစ်စေနိူင်သည်၊

 

လက်ရှိတွင် ကျောင်းများသည် စဉ်းစားဉာဏ် ရင့်သန်စေခြင်းထက် အလွတ်ကျက်မှတ်ခြင်းကိုသာ အားပေးလျက်ရှိသည်။ မီဒီယာ များ နှင့် ဗလီများသည်လည်း အစိုးရပြောသမျှ တသွေမတိမ်းလိုက်လံပြောဆိုနေကြသည့် ကြက်တူရွေးသာသာအဆင့်တွင်ပင် ရှိနေပေသေးသည်။ အာဏာရှင်များကလည်း ဆိုရှယ်မီဒီယာများကို ထိန်းချုပ်နိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။

 

ထို့အတွက် ထွက်ပေါ်လာသော သတင်းများကို အယုံအကြည် မရှိဖြစ်လာသည် နှင့်အမျှ တီးတိုးဇာတ်လမ်းများ ထွက်ပေါ်လာခဲ့ရသည်၊ အာရပ်များသည် အစိုးရကို အသာထားဘိဦး၊ ၎င်းတို့အချင်းချင်းလည်း အယုံအကြည် မရှိကြပြန်ပေ။ ဤသည်ကလည်း မည်ကမတ္တာမျှ သာ ရှိသော အလုပ်လေးတခု ပြီးမြောက်ဖို့ပင် လဒ်ထိုးနိုင်မှ၊ အဆက်အသွယ်ကောင်းရှာနိုင်မှ ဖြစ်မည့် စနစ်ကြီး ထွန်းကားနေသောကြောင့်ပင် ဖြစ်သည်။ ထိုသို့ အကျင့်ပျက် ခြစားမှူများကြောင့် အစိုးရများ အပေါ် ယုံကြည်မှု ပျက်ယွင်းလာခဲ့ရသည်။ အစိုးရသည် နိုင်ငံသားများ အကျိုးရှိရာ ရှိကြောင်း ဖေါ်ဆောင် ပေးနိုင်သည်ဆိုသော အတွေးအခေါ်များလည်း မည်သူ့ ခေါင်းထဲတွင် မှ မရှိကြတော့ပေ။

 

အာဏာရှင်များဖက်ကလည်း နိုင်ငံရေးအား နိုင်သူစားစတမ်း အဖြစ် ယူဆအောင် ဖန်တီးလာကြသည်၊ အဖွဲ့တခုက အာဏာရလာလျှင် အစိုးရ ငွေများ၊ အလုပ်အကိုင်များကို သိမ်းကျုံးယူသွားကြမည့် လူများသာ ဖြစ်သည်ဟု ထင်မြင်အောင် ပုံဖေါ်ပေးလာကြသည်။ အတိုက်အခံများသည်လည်း အစွန်းရောက်များသာ ဖြစ်ပြီး နိုင်ငံသားများ အသက်ကို ကြက်ကလေး ငှက်ကလေးလောက်ပင် တန်ဖိုးထားမည့် လူများ မဟုတ်ဟု ဝါဒဖြန့်လာကြသည်။

 

ထိုသို့သော ရေခံမြေခံများတွင် ဒီမိုကရေစီ အမြစ်တွယ်မလာခြင်းသည် အံ့အားသင့်စရာ တော့ မဟုတ်ပေ၊ သို့သော် ရေရှည်အတွက် မြေဩဇာ ကောင်းများ ချပေးနိုင်မည့် နည်းလမ်းများစွာ ရှိနေပေသည်။

 

ထိုအထဲတွင် ပညာရေးကို မြေတောင်မြှောက်ပေးနိုင်ဖို့သည် အရေးအကြီးဆုံးပင် ဖြစ်သည်။ ဒီမိုကရေစီ နိုင်ငံများသည် အာရပ်ကျောင်းသားများကို ခေါ်ယူသင်ကြားပေးသင့်သည်။ အာရပ် သတင်းစာဆရာများ၊ အင်ဂျီအိုများ နှင့် လူ့အခွင့်အရေး သမားများ ဖက်မှ ထောက်ခံကာကွယ် ပြောဆိုပေးရမည်။

 

နိုင်ငံရေး တွင် အများပါဝင် ပြောဆိုနိုင်မည့် ကျင့်စဉ်တခု ကြီးထွားရှင်သန်လာဖို့ဆိုသည်က နေခြင်းညခြင်းတော့ ဖြစ်မလာနိုင်၊ အချိန်ယူဖို့ လိုအပ်ပေသည်။

 

သို့သော် အာရပ်နိုင်ငံများ၏ လက်ရှိ အနေအထားသည် မတည်မငြိမ် ဖြစ်လာနေပြီး ရေရှည် သွားနိုင်မည့် အလားအလာလည်း မရှိသည်ကို တူနီရှားရှိ လက်တွန်းလှည်းသည်လေးက အသက်နှင့် ရင်းပြီး ပြဆိုသွားခဲ့ပြီလည်း ဖြစ်ပေသည်။

 

(၂၀၂၀ ဒီဇင်ဘာ ၁၉ ရက်နေ့ထုတ် အီကော်နော်မစ် မဂ္ဂဇင်းပါ "Why democracy failed in the Middle East" ‌ဆောင်ပါးကို ကိုးကားသည်။)