တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဇန်နဝါရီလ တွင် ရောက်ရှိမည်ဟု ဆို

by Hla Soewai - Dec 30 2020

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဇန်နဝါရီလ

တွင် ရောက်ရှိမည်ဟု ဆို

•••••••••••••••••••••••••••••

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီသည် ၂၀၂၁ တွင် ပေါ်ပေါက်လာမည့် NLD အစိုးရသစ်အား ထောက်ခံကြောင်း ပြသသည့် အနေဖြင့် ဇန်နဝါရီ လ အတွင်း ရောက်ရှိလာဖွယ် ရှိသည်ဟု မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနမှ အထက်တန်း အရာရှိကြီးတဦးအား ကိုးကားပြီး ပြည်တွင်း မီဒီယာများတွင် ရေးသားထားပါတယ်။ ရက်သတ်မှတ်နိုင်ဖို့ နှစ်ဖက် ညှိနှိုင်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

 

ဝမ်ယီ၏ ခရီးစဉ်အတွင်း တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်လမ်းမကြီး အကောင်အထည်ဖေါ်ဖို့ တွန်းအားပေးသွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

 

ဒါကိုကြည့်ရင် ‌တရုတ်သည် မြန်မာကို သံတမန်ရေးအရ အတော်ကြီးကို အကာအကွယ် ပေးထားပေမယ့် နိုင်ငံတော် အတိုင် ပင်ခံ ၏ ပါးနပ်စွာ ကိုင်တွယ်နိုင်ခဲ့မှုကြောင့် နိုင်ငံတွင်း အခွင့်အရေးတွေ အများနည်းတူထက် ပိုရမလာခဲ့ဖူးဆိုတာ သိသာနေပါတယ်။

 

နားလည်မှု စာချွန်လွှာတွေ လက်မှတ်ရေးထိုးပြီးတာ အတော်ကြာသွားပြီ ဖြစ်ပေမယ့် ယခုထိ အကောင်အထည် ဖေါ်နိုင်တဲ့အဆင့် ရောက်မလာသေးပါဘူး။

 

ဝမ်ယီ ရဲ့ ခရီးစဉ်အတွင်း ရခိုင် အရေးကိစ္စ ကို ဆွေးနွေးဖို့ ရှိနေပါတယ်၊ တရုတ်အနေနဲ့ အနောက်နိုင်ငံတွေရဲ့ ဖိအားတွေကြောင့် ကုလသမဂ္ဂ မှာ မြန်မာကို အရေးယူ ပိတ်ဆို့တဲ့ အဆင့်အထိ မရောက်အောင်နဲ့ လုံခြုံရေး ကောင်စီ ကနေ အိုင်စီစီကို လွှဲပြောင်း မပေးနိုင်အောင် အကာအကွယ် ပေးနေခဲ့ရတဲ့အတွက် မြန်မာ အနေနဲ့ မျက်နှာ ထောက်စရာ ဖြစ်လာရပါတယ်။

 

လက်ရှိမှာ နိုင်ငံတကာ အခြေအနေတွေ ပြောင်းလဲသွားပြီ ဖြစ်ပါတယ်၊ ဘိုင်ဒင်အစိုးရတက်လာဖို့ သုံးပတ်ပဲ လိုပါတော့တယ်။ ထရန့်ရဲ့ မြန်မာအရေးကို လစ်လျုရှုထားခဲ့မှုကြောင့် လောလောဆယ် အနောက်အုပ်စု အနေနဲ့ မြန်မာ အပေါ် ရေရေရာရာ ပြောဆိုနိုင်ခွင့်တွေ ဆုံးရှုံးနေပြီ ဖြစ်ပါတယ်။ ဘိုင်ဒင် အစိုးရ အနေနဲ့တရုတ်ကို စိန်ခေါ်နိုင်မယ့် အင်ဒို-ပစိဖိတ် မူဝါဒ အတွက် မြန်မာနဲ့ ဆက်ဆံရေး ကို အပြည့်အဝ ပြန်လည် တည်ဆောက်ရတော့မှာ ဖြစ်ပါတယ်။

 

ဒီအတွက် ဘိုင်ဒင်ရဲ့ ဒီမိုကရက် အစိုးရ အနေနဲ့ မြန်မာ ပြည်ကို စီးပွားရေး ပိတ်ဆို့ အကျပ် ကိုင်တာမျိုး ဘယ်တော့မှ မလုပ်မှာ ကြိမ်းသေပါတယ်၊ သို့သော်လည်း ဒီမိုကရက်တို့ ထုံးစံ အတိုင်း လူ့အခွင့်အရေးကို ဦးစားပေးလာဖို့ ရှိနေတဲ့ အတွက် ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်ခဲ့မှုတွေမှာ ပြစ်မှူ ကျုးလွန်သူများလို့ သံသယရှိနေတဲ့ လူတွေကို အိုင်စီစီ လို နိုင်ငံတကာ ခုံရုံးတွေ လွှဲပြောင်းဖို့ ဖိအားပေးလာမှာတော့ သေချာနေပါတယ်။

 

အစိုးရ အနေနဲ့ အနောက်အုပ်စုနဲ့ ဆက်ဆံရေး ပြန်လည်တည်ဆောက်နိုင်ဖို့ ဒီကိစ္စအပေါ် အရင်ကလို တောင့်ခံမနေပဲ လိုက်လျော‌‌ ပေး လိုက်ခြင်းအားဖြင့် တရုတ်ကိုလည်း နိုင်ငံ အကျိုးစီးပွားနဲ့ ယှဉ်လာရင် ပိုပြီးပြတ်ပြတ်သားသား ဆက်ဆံနိုင်ဖို့ လမ်းပွင့်သွားမှာ ဖြစ်တဲ့ အတွက် စဉ်းစားသင့်ပြီ ဖြစ်ပါတယ်။

 

သို့သော် တရုတ် အနေနဲ့ NLD အစိုးရနဲ့ လမ်းဆုံးသွားပြီလို့ ယူဆလာရင် တဖက် အင်အားစုကို မြှောက်ထိုးပင့်ကော် လုပ်လာမယ့် အရေးကိုလည်း စဉ်းစားရမှာဖြစ်  ပါတယ်။

 

ဒါတွေအားလုံးကို နိုင်ငံတော် အတိုင်ပင်ခံ အနေနဲ့ ခြုံငုံသုံးသပ်ပြီး ဖြစ်နေမှာလည်း အသေအချာပင် ဖြစ်ပါတယ်။