ဒီလိုပုံ နဲ့ မိုးကြီးချုပ်ရင်

by Hla Soewai - Dec 29 2020

၂၀၂၀ ရွေးကောက်ပွဲ နဲ့ ပတ်သက်ပြီး နိုင်ငံခြား သတင်းစာတွေ ဘယ်လို ရေးကြ ဝေဖန်ကြတယ်ဆိုတာ ကျွန်တော် အမြဲ လေ့လာခဲ့တယ်၊

 

ဘယ်သတင်းဌာန၊ သတင်းစာ တစောင်တလေကမှ မဲ မသမာမှု ရှိတယ်ဆိုပြီး သူတို့ ထင်မြင်ချက် မျိုးကိုရေးတာ ခုထိကို မဖတ်ရသေးဘူး၊

 

မြန်မာပြည်နဲ့ ပတ်သက်ပြီး စစ်တမ်းအမျိုးမျိုးတွေ ထုတ်နေကြတဲ့ လူ့အခွင့်အရေး အဖွဲ့တခု တလေကမှလည်း ဒီလိုမျိုး ပြောတာ မတွေ့ခဲ့ရဘူး။

 

နောက်ဆုံး ကုန်ကုန် ပြောရရင် မြန်မာပြည်အပေါ် နည်းမျိုးစုံ နဲ့ အပုတ်ချ ရေးနေတဲ့ အယ်ဂျာဆီယား သတင်းစာတို့၊ အာရပ်သတင်းစာတွေကပါ ဒီအကြောင်း တစွန်း

တစတောင် ရေလာမြောင်းပေး မရေးခဲ့ကြဘူး။

 

အားလုံးက သိနေတယ်၊ ဒါဟာ sore loser တွေရဲ့ပြောရိုးပြောစဉ် စကားထက် မပိုမှန်းသိလို့ သတင်းပုံစံမျိုးက လွဲပြီးသိက္ခာ အကျခံပြီးတောင် ဝေဖန်ချက် တစုံ

တရာ မပေးကြဘူး။

 

အဲ..ဘာမှ မပြောဖူးဆိုရင်လည်း မပြည့်စုံဘူး။ ပြောတော့ပြောတယ်၊ ဘာလဲဆိုတော့ "ရို" ဆိုတဲ့ လူတွေ မဲပေးခွင့် မရှိတာရယ်၊  လုံခြုံရေးကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နေရာတွေ ရှိလို့ တရားမျှတမှု မရှိဘူးလို့ ပြောတာမျိုးပဲ ဖတ်ရတယ်။

 

မဲပေးပိုင်ခွင့်ရှိသူ ၃၉ သန်းမှာ ၂၇ သန်း မဲလာပေးကြတဲ့အတွက် ၇၀% ကျော် မဲပေးခဲ့ကြတယ်လို့ ကော်မရှင်က တရားဝင်စာရင်းထုတ်ပြန်ခဲ့ပြီးပြီ။

 

ကျုထရံကာ ဇတ်ပွဲ တောင် လက်မှတ်ပြမှ အထဲဝင်ရတယ်၊ အပြင်ထွက်ချင်ရင်တောင် တံဆိပ်တုံး နှိပ်ပေးလိုက်ပြီး ပြနိုင်မှ ပြန်ဝင်ရတယ်၊

 

အခုက မဲရုံတာဝန်ကျ ဆရာဆရာမ တွေကလည်း ကိုယ့်ထမင်းကိုယ်စားပြီး ဝိုင်းလိမ်ပေးမလား၊ သူတို့ကို လိမ်ခိုင်းရင်၊ သူတို့ရှေ့မှာ မဟုတ်တာလုပ်နေရင် အခုဆို ဖေ့စ်ဘုတ် မှ ပွထနေလောက်ပြီ၊ ပြောဆိုနေတာ၊

 

ဒီလို အနေအထားမှာ မဲတွေ သောင်းနဲ့ သိန်းနဲ့ချီ ပြီး မှားနေပါတယ် ပြောရဲတာတော့အတော်အံ့ဩမိတယ်၊ ရွေးကောက်ပွဲ မလုပ်ခင် နေပြည်တော် နဲ့ ပဲခူးမှာ လက်ပြစ် ဗုံးနဲ့ ခြိမ်းခြောက်ခံရ တယ်၊ တရားခံ ဘယ်သူမှန်း မသိဘူး၊ မဲစာရင်းကျတော့ စစ်လိုက် ဆေးလိုက်ကြတာ၊ ဘယ်ကဘယ်လိုရလာကြမှန်းလည်း မသိ၊ တကယ်တော့ ၂၀၀၈/၂၀၁၀ မှာ ငါတို့ လုပ်ခဲ့သလိုမျိုး လုပ်နိုင်တာပဲဆိုတဲ့ အတွေးမျိုး ရှိနေကြတာ ထင်ရှားတယ်။

(ပုံတွင် ၂၀၁၀ ရွေးကောက်ပွဲအတွင်း မဲရေတွက်ပုံကို CNN က ဖေါ်ပြထားတဲ့ သတင်းဓါတ်ပုံ ဖြစ်ပါတယ်)

 

အခု ဖြစ်နေတဲ့ ကိစ္စက အာဏာငမ်းဖမ်း နေတဲ့ ကိုယ်ကျိုးရှာ အဖွဲ့ရဲ့ အကျိုး အမြတ် တခုခု ထွက်လာနိုး၊ အပေးအယူ လုပ်လာနိုး နဲ့ shadow boxing လုပ်နေတာရယ်၊ NLD က ဘယ်လောက်ပဲ သောင်ပြို ကမ်းပြို နိုင် နိုင် ငါတို့ကို တော့ ထိဖို့မကြိုးစားနဲ့ ပုံစံချိုးနေတာရယ်၊ ရှူံးသွားတဲ့ လူတွေကလည်း မိမိတို့ ပါတီရဲ့ ကုန်းကောက်စရာ မရှိအောင် ကျဆင်းသွားတဲ့ ဂုဏ်သိက္ခာ တွေ အတင်းပြန် အဖတ်ဆယ်နေတာမျိုးထက် မပိုဘူး၊

 

ရွေးကောက်ပွဲ မှာ လူထုက ကိုဗစ် အန္တရာယ်ကြီး ကြားထဲက စွန့်စားပြီး မိမိတို့ ဆန္ဒသဘောထားကို အတိအလင်းထုတ်ဖေါ်ပြီးခဲ့တာတောင် လူထုကို စိတ်ဆင်းရဲ အောင် ကောလဟသ အမျိုးမျိုး ထုတ်လွှင့်လာနေကြတယ်။ လူထု ခမျာ ကိုဗစ် အန္တရာယ်အပြင် ကောလဟသဒဏ်အမျိုးမျိုး ကို တပြိုင်တည်း လှိမ့်ခံနေကြရပြီ။

 

ပြီးခဲ့တဲ့ ငါးနှစ်မှာလည်း နည်းမျိုးစုံ လုပ်လာခဲ့ကြပြီ၊ အခု ဒီလိုပုံစံမျိုးတွေနဲ့ပဲ ဆက်သွားကြတော့မှာလားပဲ မေးချင်နေမိတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ နဲ့ ချည်ပြီးတုပ်ပြီး ရိုက်

တာတောင် ဒေါ်အောင်ဆန်းစုကြည် ကြောင့် ဒီလိုလူမျိုးတွေ လက်ထဲက လွတ်ထွက်လာခဲ့ရတဲ့ မြန်မာပြည်သူ ပြည်သားတွေရဲ့ ကုသိုလ်ကံက နဲနဲနောနော မဟုတ်ဘူး။

 

လက်ရှိ အနေအထားမှာ ‌တိုင်းပြည်ကို ဒေါ်အောင်ဆန်းစုကြည်ထက်သာအောင် လုပ်ပြနိုင်မယ့် အရည်အချင်း ရှိသူ တကောင်မှ မတွေ့ရသေးဘူး၊ ဘော်လုံးပွဲ ကြည့်နေသူတွေလို အပြင်ကနေ နောက်ကိုပြန်ပေးပါလား၊ ရှေ့ကို ကန်တင်လေ လို့။အော်ပြောနေတဲ့ အဆင့်ထက် မပိုဘူး။

 

နောက်ဆုံး ပြောရရင် ရွေးကောက်ပွဲကြီးကို ကမ္ဘာအလယ်မှာ အတိမ်းအစောင်းမရှိ အောင်မြင်အောင် လုပ်ပြသွားနိုင်ခဲ့တဲ့ ရွေးကောက်ပွဲ ကော်မရှင် အတွက် ကျွန်တော် ဂုဏ်ယူမိတယ်။