နိုးထကြလော့၊ မဟာ တံတိုင်းကြီး ရွေ့လာနေပြီ (၂)

by Hla Soewai - Dec 25 2020

မြို့ကြီး တခုစီကို ကြည့်ပြန်လျှင်လည်း အနောက် နှင့် အာရှ ၏ ခြားနားချက်သည် အတော်ကို သိသာ ထင်ရှားနေရသည်။ လန်ဒန် နှင့် နယူးယောက်သည် ဆိုးလ် နှင့် နှိုင်းယှဉ်လျှင် အရွယ်အစားအားဖြင့် သေးငယ်သည်။ သို့သော် ၂၀၂၀ ဇွန်လ ကုန်ပိုင်း စာရင်းဇယားများအရ နယူးယောက် စီတီး တွင် ကိုဗစ် ကြောင့် လူပေါင်း ၂၁,၀၀၀၊ လန်ဒန် တွင် ၆,၀၀၀ သေဆုံးခဲ့ပြီး ဖြစ်သည်။ ထိုအချိန်တွင် ဆိုးလ်၌ လူ ၆ ယောက်သာ သေဆုံးခဲ့သေးသည်။

 

နယူးယောက်တွင် ထရန့် အပါအဝင် နိုင်ငံရေးသမားများ တဦး နှင့် တဦး ရန်ငြိုးကြီးစွာ အပြန်အလှန် ပြောဆိုနေကြ ချိန်တွင် ခြောက်ယောက်ခန့် သေဆုံးသည်ကို ရတက်မအေး ဖြစ်လာသော ဆိုးလ်ရှိ နိုင်ငံရေးသမားများက အချင်းချင်း ညီညွတ်လာကြပြီး ချက်ခြင်းဆိုသလို လမ်းထောင့်များတွင် ရောဂါ စမ်းသပ်သည့် ရုံလေးများ အလျှိုလျှို ပြုလုပ်ပေးလာခဲ့ကြသည်။ နယူးယောက် မြို့ကြီးသားများ အဖို့ ရောဂါရှိမရှိ စမ်းသပ်လိုလျှင် လူချမ်းသာတဦး၏ အနားကို သွားပြီး ချောင်းဆိုးပြမှသာ ဖြစ်နိုင်မည်ဟု အချင်းချင်း ဟာသလုပ် ပြီးပြောဆိုမှုများ ထွက်ပေါ်လာခဲ့ရသည်။

 

ဆိုးလ်ရှိ ဆေးရုံများတွင်လည်း လိုအပ်သော ပစ္စည်းကိရိယာများ အစုံအလင် ရှိနေသော်လည်း နယူးယောက်ရှိ ဆရာဝန်များ အဖို့က ရေခဲပြင် လျောစီး မျက်နှာအကာ များကို ကိုယ့်အိတ်ထဲမှ စိုက်ထုတ်ဝယ်ယူခဲ့ကြရပြီး သူနာပြုများသည်လည်း အမှိုက်အိတ်များကို ပီပီအီး အဖြစ် ဝတ်ဆင်ခဲ့ကြရသည်။ ရောဂါကူးစက်ခံရသူ နှင့် မကူးစက်သေးသူများ အတူ ရောထားရသည့် အထိ ဖြစ်လာပြီး ရောဂါပျံ့ပွားမှု ကို လျှင်မြန်အောင် ပံ့ပိုးပေးသလို ဖြစ်လာခဲ့ရသည်။

 

လန်ဒန်တွင် ဧပြီလ ၏ လေးပတ်ဆိုသည့် အချိန်ကာလတခု အတွင်း သေဆုံးခဲ့ရသည့် အရည်အတွက်သည် ဒုတိယ ကမ္ဘာစစ်ကြီး အတွင်း ဂျာမန်တို့ လန်ဒန်မြို့ကြီးအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် Blitz ကာလ ၏ အပြင်းထန်ဆုံး လေးပတ်ထက်ပင် ပိုများနေပေသည်။

 

ဇွန်လ အစောပိုင်း တွင် ဆိုးလ်သည် လော့ဒေါင်းကို အဆုံးသတ်နိုင်ခဲ့ပြီး လုပ်ငန်းများ ပြန်လည် စတင်နိုင်ခဲ့သည်။ ထိုအချိန် နယူးယောက်တွင် မျက်နှာစည်းများ တပ်ထားသော လူအုပ်ကြီးသည် လမ်းများပေါ်သို့ ထွက်လာကြပြီး ဂျော့ချ် ဖလွိုက် သေဆုံးမှု အတွက် ဆန္ဒပြ၍ ကောင်းတုန်းပင် ဖြစ်သည်။

 

“ဒီ အကျပ်အတည်းကြီးကို ဖြေရှင်းဖို့ ဆိုတာ မြန်မြန်နဲ့ ချင့်ချင့်ချိန်ချိန် စုပေါင်း လုပ်မှ ဖြစ်မှာ” ဟု ဂျော့ချ် ပက်ကာ က အတ္တလန်တစ် ဂျာနယ်ကြီးတွင် ငြီးတွား ပြောဆိုခဲ့ဖူးသည်။ "လက်ရှိ အမေရိကန် ပြည်ထောင်စု လုပ်ပုံက ပါကစ္စတန် တို့ ဘဲလာရုစ် နိုင်ငံတွေလို ခေါင်းဆောင်တွေက အကျင့်ပျက် ခြစား၊ အတွေးအခေါ်က သုံးစားမရတဲ့ အပြင် အခြေခံ အဆောက်အအုံပိုင်း ခနော်နီ ခနော်နဲ့ အုပ်ချုပ်ရေး အလဲလဲ အပြိုပြို ဖြစ်နေတဲ့ နိုင်ငံတွေနဲ့ ဘာမှ မခြားဘူး ဖြစ်နေတယ်” ဟုလည်း ပြောခဲ့သည်။

 

အမေရိကန် တို့ ပြည်တွင်း တွင် ကျရှုံးလာနေခဲ့သည့်အပြင် အနောက်တိုင်း မဟာမိတ်များကိုလည်း မစုစည်းနိုင်ခဲ့ပြန်ပေ။ အမေရိကန်သည် ဒုတိယ ကမ္ဘာစစ်ကြီး နောက်ပိုင်းမှစ၍ အနောက်အုပ်စုကို ဦးဆောင်လာခဲ့သည်။ သို့သော် ယခုလို ကပ်ရောဂါ ဆိုးကြီး ကျရောက်လာချိန်တွင် ဘေးဖယ်ထုတ်ခဲ့သည်သာမက ထရန့်သည် ကမ္ဘာအဖွဲ့အစည်းကြီးများ၊ မဟာမိတ်များ နှင့် အငြင်းပွားနေသည်။ ထိုမျှမကသေး ဥရောပမှ လေယာဉ် ခရီးစဉ်များ ပိတ်ပင်ခဲ့မှုကိုပင် မဟာမိတ်များအား အရေးတယူလုပ်၍ ကြိုတင် အကြောင်းကြား ပြောဆိုခဲ့ခြင်း မရှိပေ။

 

ဥရောပ သမဂ္ဂ အီးယူသည်လည်း ပြောင်မြောက်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိပြန်။ အီတလီ နှင့် စပိန်တို့ ကပ်ရောဂါဆိုးကြီးဒဏ်ကို ကျောကော့အောင် ခံနေရချိန်တွင် ဖာသိဖာသာ ပင် နေခဲ့ကြသည်။ နောက်ပိုင်းတွင် စီးပွားရေး နာလံပြန်ထူလာရန် မည်သို့မည်ပုံ လုပ်မည်ကို ငြင်းခုံလာကြသည်။

 

ကံကြမ္မာ အလှည့်အပြောင်း

************************

 

ထိုသို့ အနောက်အုပ်စု အတွင်း အချင်းချင်း ငြင်းခုံနေကြချိန်တွင် တရုတ်သည် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်လာခဲ့သည်။ အီတလီသို့ လိုအပ်သော ဆေးဝါးကရိယာများကို သေတ္တာကြီးများ ဖြင့် တင်ပို့ခဲ့ပြီး သေတ္တာတိုင်းတွင်ပင် အီတာလျံ အော်ပရာ တေးဂီတ စာသားများကို ရေးထိုးပေးခဲ့သည်။ ဟန်ဂေရီ ထံသို့လည်း အလားတူ တင်ပို့ခဲ့ပြီး ခေါင်းဆောင် ဖြစ်သူ ဗစ်တာ အော်ဘန်း၏ လက်သုံးစကား ဖြစ်သည့် “Go Hungary” ကို သေတ္တာများ ပေါ်တွင် ရိုက်နှိပ်ပေးခဲ့သည်။ အော်ဘန်းက အင်တာဗျူးတခုတွင် “အနောက်နိုင်ငံတွေမှာ အားလုံး ပြတ်လတ်နေတယ်၊ ကျွန်တော်တို့ ကို အရှေ့ ကပဲ အကူအညီ ပေးနိုင်တော့တယ်” ဟု ပြောဆိုခဲ့သည်ကို တရုတ် အစိုးရ ရုပ်မြင်သံကြား မှ ဝမ်းပန်းတသာပင် သူ့စကားကို ထုတ်လွှင့်ပေးလာခဲ့သည်။

 

ဖလွိုက် သေဆုံးမှု အပေါ် ကန့်ကွက် ဆန္ဒပြပွဲများ အပြင်းအထန် ဖြစ်ပွားလာနေချိန်တွင် အမေရိကန် နိုင်ငံသား ငါးယောက်တွင် လေးယောက်က “သူတို့ နိုင်ငံသည် ထိန်းမရအောင် ဇောက်ထိုးမိုးမျှော် ကျဆင်းနေပြီ” ဟု ယူဆလာခဲ့ကြသည်။ တရုတ်ကလည်း မင်နီပိုလိစ် နှင့် အခြားမြို့ကြီးများ တွင် ဆန္ဒပြနေမှုများကို ဟောင်ကောင် ဒီမိုကရေစီ ဆန္ဒပြပွဲများ နှင့် မခံချိမခံသာ ဖြစ်အောင် နှိုင်းယှဉ်ပြောဆိုနေပြန်သည်။

 

ဇွန်လ ၏ နောက်ဆုံးရက်များတွင် “ဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး မိမိတို့ တလွဲလုပ်နေကြပြီ” ဟု အမေရိကန် အရာရှိများက ဝန်ခံလာကြသည်။ ဘောရစ် ဂျွန်ဆင်သည် လက်စတာ မြို့ကြီးကို လော့ဒေါင်း ပြန်ချခဲ့ရပြီး အီမန်ညူရယ် မာကရွန် သည် ပဲရစ်တွင် အစိုးရ တဖွဲ့လုံးအား ဖြုတ်ပြစ်ရန် အထိ ပြင်ဆင်လာခဲ့သည်။

 

ထိုသို့ အနောက်အုပ်စုများ အကြား ပြာယာခပ်နေချိန်တွင် တရုတ်သည် ယုံကြည်မှု အပြည့်ဖြင့် ဟောင်ကောင်တွင် ပြင်းထန်လှသည့် လုံခြုံရေး အက်ဥပဒေကို ပြဌာန်းလိုက်ပေတော့သည်။ ဇန်နဝါရီလ အတွင်း ဝူဟန်၌ ဖြစ်ပွားနေသော ဗိုင်းရပ်စ်အား “တရုတ်၏ ချာနိုဘိုင်း” အဖြစ် ပြောဆိုနေခဲ့ရာ မှ ယခုအခါ အနောက်အုပ်စု၏ ဝါတာလူး အဖြစ် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

 

ဟော့စ် က လဗိုင်ယာသန် စာအုပ်ကို ရေးသားထုတ်ဝေလိုက်ချိန် တွင် တရုတ်သည် အုပ်ချုပ်ရေးပိုင်းတွင် အားလုံးထက် ဦးခေါင်းတလုံး ပိုမြင့်နေသည့် ကာလ လည်း ဖြစ်သည်။ ကမ္ဘာတွင် အင်အား အကြီးဆုံး နိုင်ငံ၊ မြို့တော် ဘီဂျင်းသည် လူဦးရေ တသန်းကျော်နှင့် အကြီးဆုံး မြို့ကြီး တမြို့ ဖြစ်နေပေပြီ။ ထို့အပြင် တရုတ် ရေတပ်သည် ကမ္ဘာတွင် အင်အား အတောင့်တင်းဆုံး ဖြစ်နေသလို အစိုးရဝန်ထမ်းများကိုလည်း ကမ္ဘာတွင် အဆင့်အတန်း အမြင့်ဆုံး ပုံစံဖြင့် ရွေးချယ်ဖွဲ့စည်းထားခဲ့သည်။ ထိုအချိန် တရုတ်တွင် အစိုးရ အရာရှိ တဦး ကို ရွေးချယ် ခန့်အပ်ရာ၌ နန်းတွင်း ပညာရှင်များက အင်ပိုင်ယာ တဝှမ်းတွင် စာသင်တိုက်ကြီးများ ဖွင့်လှစ်ကာ စာမေးပွဲများ တင်းတင်းကျပ်ကျပ် စစ်ဆေးပြီးမှသာ ပြုလုပ် ခဲ့ကြခြင်း ဖြစ်သည်။

 

ဥရောပတခွင်တွင် မြေရှင်ပဒေသရာဇ် စနစ်အောက်တွင် ပြိုင်ဖက် ဘုရင့်မိသားစုများ အချင်းချင်း စစ်ခင်းနေကြဆဲပင် ဖြစ်သည်။ အစိုးရ ဝန်ထမ်းများကို အမျိုးအနွယ် ပေါ် မူတည်၍သာ ခန့်အပ်ခဲ့ကြပြီး လူတန်းစား လူနေမှု စနစ် တွင် ဝဲလည်နေခဲ့ကြရာမှ နောက်ပိုင်းတွင် တဖြေးဖြေး နှင့် ပေါ်ထွန်းလာသော ဥရောပ မြို့ပြနိုင်ငံများသည် အလယ်ပိုင်း အင်ပိုင်ယာ ဟု ခေါ်သော တရုတ် လူ့အစည်းအရုံးကြီးထက် သာလွန်လာ ခဲ့ပေသည်။ ဤသည်ကလည်း နိုင်ငံများ အချင်းချင်း ပြိုင်ဆိုင်မှု၊ လူတန်းစား တိုက်ပွဲများ နှင့် နိုင်ငံရေး အတွေးအခေါ်များ ပဋိပက္ခ အသွင်ဆောင်လာရာတွင် အုပ်စိုးသူ လူတန်းစား တို့၏ တန်ခိုးအာဏာစက်ကို ရိုက်ချိုး ဖျက်ဆီးနိုင်ခဲ့သည့် တော်လှန်ပုန်ကန်မှု ကြီး သုံးခု ဖြစ်ပွားလာခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။