ဗိုင်းရပ်စ်သည် အဏုဇီဝ ရုပ်လောကတွင် ဖက်ရှင် အသစ်အဆန်းကို နှစ်ခြိုက်တတ်သူ တဦး ဖြစ်သည်။ အဝတ်အစား အဆန်းအပြား ပေါ်တိုင်း ကိုယ်ပေါ်သို့ အရင်တင်ရမှ ကျေနပ်သည်။ သို့သော် စွဲစွဲမြဲမြဲ မဟုတ်၊ ခဏတာမျှသာ ဖြစ်သည်။ ထို့အတွက် များသော အားဖြင့် မည်သူကမျှလည်း အရေးတယူ မလုပ်တတ်။
ယခုအခါ ဗြိတိန်တွင် လျှင်မြန်စွာ ပျံ့ပွားလာနေသည့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်တမျိုးသည် ပုံမှန် ဖြစ်လေ့ဖြစ်ထ ရှိသည့် ဗိုင်းရပ်စ်၏ ဖက်ရှင် အသစ် အဆန်း ထွင်လာမှု ဆိုကာ ပေါ့ပေါ့နေ၍ မရတော့ပေ။ ဗြိတိသျှ အစိုးရကို အကြံပေးနေသော ဆေးသုတေသန အဖွဲ့ကြီးကပင် ၎င်းတို့ အသစ်တွေ့ရှိလာသော ဗိုင်းရပ်စ် အသစ်တမျိုးသည် ယခင် အဟောင်းထက် ၄၀ မှ ၇၀% အထိ ပို၍ ကူးစက်မြန်နေသည်ဟု မျက်လုံးပြူး မျက်ဆံပြူး ပြောဆို အသိပေးလာနေကြသည်။
ထို့အတွက် ဗြိတိသျှ အစိုးရသည် တွေ့ရှိလာသော ဗိုင်းရပ်စ် မျိုးကွဲကို Variant under investigation (VUI 202012/01) ဟု အမည်ပေးကာ ကမ္ဘာကျန်းမာရေး အဖွဲ့ချုပ်ကြီးသို့ အသိပေး နှိုးဆော်လိုက်ပြီ ဖြစ်သည်။ တချိန်တည်းမှာပင် VUI ကို ကာကွယ်ရန် တက်သုတ်ရိုက် ကြိုးပမ်းလာကြသည်။ ဗိုင်းရပ်စ်မျိုးကွဲအသစ် ဝင်ရောက် သောင်းကျန်နေသည့် လန်ဒန် မြို့ကြီး အပါအဝင် ဒေသအတော်များများကို ဒီဇင်ဘာ ၂၀ ရက် မနက် စောစောစီးစီးပင် အမြန် လော့ဒေါင်း ချ ပိတ်ဆို့လိုက်လေသည်။
ထိုညနေမှာပင် ပြင်သစ်၊ ဂျာမဏီ၊ ဘဲလ်ဂျီယံ၊ နယ်သာလန် နှင့် အီတလီတို့က ဗြိတိန် မှ ထွက်ခွာလာသော လေယာဉ်ခရီးစဉ်အားလုံးကို ဖျက်သိမ်းပြစ်ခဲ့ကြသည်။ အခြား နိုင်ငံများလည်း မကြာမီ အတွင်း ထိုသို့ ပြုလုပ်လာကြမည် ဖြစ်သည်။ ပြင်သစ်တို့ဖက်က ၎င်းတိုနယ်ခြား ကို ပိတ်ဆို့လိုက်ပြီ ဖြစ်၍ ဒိုဗာ ဆိပ်ကမ်းတွင် လော်ရီကားများ၊ ခရီးသည်များစွာ သောင်တင်သွားကြရလေသည်။
VUI အား ဗြိတိန်တွင် စက်တင်ဘာလ အလယ်မှ စတင် စမ်းသပ်သိရှိလာခဲ့ပြီး ဖြစ်သော်လည်း ဒီဇင်ဘာ လ လယ် လောက်တွင်မှ အဆိုပါ ဗိုင်းရပ်စ် ၏ Genomic sequencing ခေါ် DNA စစ်ချက်မှတ်တမ်းဖြင့် ရောဂါ ကူးစက်သူ ၁,၅၀၀ ကို နမူနာ ယူ၍ တိုက်ဆိုင် စစ်ဆေးသည့်အခါမှသာ ၁၀% တွင် VUI ကူးစက်နေသည်ကို အလန့်တကြား သိရှိလာခဲ့ရခြင်း ဖြစ်သည်။
အဆိုပါ VUI သည် ၎င်း၏ ညီဝမ်းကွဲ ဖြစ်သူ ကိုဗစ် နှင့် မည်မျှအထိ ကွဲပြားသည်၊ မည်မျှအထိ ပြင်းထန်သည်၊ မည်မျှ မြန်ဆန်စွာ ကူးစက် နိုင်သည် နှင့် ၎င်း၏ ဇီဝဓါတ်သဘောတရားတို့ကို လေ့လာနေဆဲ ဖြစ်၍ ကွဲကွဲ ပြားပြား မသိရသေးဟု ဆိုသည်။ ယခင် ကိုဗစ်ထက် ပို၍ လျှင်မြန်စွာ ကူးစက်နိုင်နေသည် ဆိုသည်ကိုတော့ အကြမ်းဖျင်း သိရှိလာခဲ့ရပြီး ဖြစ်သည်။ နိုဝင်ဘာလ စမ်းသပ်မှုများအရ လန်ဒန်တွင် ကူးစက်ခံရသူ စုစုပေါင်း ၏ ၂၈% တွင် တွေ့ရှိခဲ့ရာမှ ဒီဇင်ဘာ ၉ ရက်နေ့တွင် ၆၂ % အထိ မြင့်တက်လာခဲ့သည်။ သို့သော် DNA တွင် မျိုးပွားမှု နှင့် ပြောင်းလဲမှု နှုန်းသည် ၎င်းတို့ အခေါ်အဝေါ်အရ ၂၃ အထိ ရှိနေသဖြင့် အတော်ကို ထူးထူးခြားခြား များပြားစွာ ပါဝင်လာသည်ဟု ဆိုသည်။
အဓိက အချက်အဖြစ် လူခန္ဓာကိုယ် ရှိ ဆဲလ်များအတွင်း ထိုးဖေါက် ဝင်ရောက်နိုင်စွမ်း ရှိနေသည့် ဗိုင်းရပ်စ် အပေါ်ယံ မျက်နှာပြင်ပေါ်ရှိ စပိုက်ဟု ခေါ်သည့် ပရိုတိန်း အလွှာပင် ဖြစ်သည်။ လက်ရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးများသည် အဆိုပါ ပရိုတိန်း အလွှာကို ချေဖျက်နိုင်ရန် ပြစ်မှတ်ထား ဖေါ်စပ်ထားသည်။
ကော်ရိုနာဗိုင်းရပ်စ် မှ ထပ်ဆင့်ပွားများလာသည့် မျိုးကွဲများသည် စပိုက် ပရိုတိန်း ပုံစံ သစ်ဖြင့် ပြောင်းလဲ ပေါ်ထွက်နိုင်စွမ်းရှိလာပြီး ရောဂါပိုး ကာကွယ်သည့် ပဋိပစ္စည်းများ ကို ချေဖျက်နိုင်စွမ်း ရှိမရှိ ကွဲပြားစွာ မသိရသေးသော်လည်း ပဋိပစ္စည်းများက အမျိုးမျိုး ရှိနေနိုင်ပြန်သည့် အတွက် စပိုက် ပရိုတိန်း အနေဖြင့် အလွယ်တကူတော့ ထိုးဖေါက်နိုင်မည် မဟုတ်ပေ။ ကာကွယ်ဆေးများသည်က သမာရိုးကျ ဆေးဝါးများထက် စာလျှင် ဖြစ်ပေါ်လာနိုင်သည့် မျိုးကွဲများကို တိုက်ဖျက်နိုင်စွမ်း ရှိနေကြသည်။
စိုးရိမ်နေရသည်က ထိုသို့ အာနိသင် အစွမ်းမပြမီ မည်မျှ လျှင်မြန်စွာ ကူးစက်သွားနိုင်မည် ဆိုခြင်းပင် ဖြစ်သည်။ လက်ရှိတွင် ဗြိတိသျှ ဓါတ်ခွဲခန်း နှင့် တိရစ္ဆာန် များဖြင့် လေ့လာစမ်းသပ်မှုများ အရ လူခန္ဓာကိုယ်တွင်းရှိ ဆဲလ်များကို ထိထိရောက်ရောက် ကူးစက်နိုင်စွမ်း ရှိနေပြီး ကိုယ်တွင်းရှိ ပိုးမွှားများအား တိုက်ဖျက်နိုင်သော ကိုယ်ခံအားကို အလွယ်တကူ ရှောင်တိမ်းနိုင်စွမ်း ရှိနေသည်ကို တွေ့ရှိလာနေရခြင်းပင် ဖြစ်သည်။
ဗြိတိသျှ ဆေးသုတေသီများ၏ တွက်ချက်ခန့်မှန်းမှုအရ R ဟု အမည်ပေးထားသည့် ဆင့်ပွားနိုင်မှု နှုန်းသည် ၀.၄ ဖြစ်သည်ဟု သိရသည်။ ဆိုလိုသည်မှာ ကူးစက်ခံထားရသူ တဦးထံမှ နောက်ထပ် ပျမ်းမျှ လူအရည်အတွက် မည်မျှထိ ပျံ့ပွားသွားနိုင်သည် ဆိုသည့် အရည်အတွက် ကိန်းဂဏန်းကို ဆိုလိုခြင်း ဖြစ်သည်။
အဆိုပါ ဗိုင်းရပ်စ်မျိုးကွဲအတွက် ကာကွယ်ဆေးက မည်မျှ အထိ ချေဖျက်နိုင်မည် ဆိုသည်ကိုကား အဖြေရှာ နေကြဆဲပင် ဖြစ်သည်။ သို့သော် သုတေသီများက အဆိုပါ ဗိုင်းရပ်စ် မျိုးကွဲအသစ်သည် ကာကွယ်ဆေးကို လုံးဝ ရှောင်တိမ်းနိုင်စွမ်း ရှိလိမ့်မည်ဟူ၍ကား လက်ခံထားကြခြင်း မရှိသေးပေ။ ဖြစ်နိုင်ခြေလည်း အရမ်းနည်းပါး နေသည်ဟု ဆိုသည်။
(ပုံတွင် တနင်္လာနေ့က လန်ဒန် မြို့လယ်ကောင်ရှိ ရီဂျင့် လမ်းမကြီး အား တွေ့ရစဉ်)
(ကိုးကား - The Economist / The New York Times)