၂၀၂၀ နှစ်ကုန်ဆုံး ချိန် နီးကပ်လာသည် နှင့် အမျှ ကမ္ဘာ၏ အကျော်ဒေးယျ သတင်းစာကြီးများ ဖြစ်သော နယူးယောက်တိုင်းမ်၊ လန်ဒန်တိုင်းမ်၊ ဝေါ်စထရိဂျာနယ်၊ အီကော်နော်မစ် မဂ္ဂဇင်း တို့က တနှစ်အတွက် အကောင်းဆုံး စာအုပ်များ စာရင်းကို နှစ်စဉ် ထုံးစံရှိသည့်အတိုင်း ချပြလေ့ ရှိပါတယ်။ ကျွန်တော် အတွက်လည်း စာအုပ်တွေ စုဆောင်းရတဲ့ အချိန် ဖြစ်ပါတယ်။ ဒီအထဲမှာ ကျွန်တော် နှစ်သက်တဲ့ ခေါင်းစဉ်ပါ စာရေးဆရာ နှစ်ဦး ပူးတွဲရေးခဲ့တဲ့ The Wake-up Call ဆိုတဲ့ စာအုပ် ကို ယခု တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။
တရုတ် ကွန်မြူနစ်ပါတီသည် မြို့ပြ လူ့အခွင့်အရေး၊ ဒီမိုကရေစီ တို့ အား နကန်းတလုံးမျှ ဂရုစိုက်သူ မဟုတ်တာကို ဟောင်ကောင် နဲ့ ဝီဂါတို့က သက်သေခံခဲ့ပြီး ဖြစ်ပါတယ်။ ယခု စာအုပ်သည် လူတဦးချင်းစီ၏ လွတ်လပ်မှု နှင့် ဒီမိုကရေစီ စံနှုန်းများ မြှင့်တင်ရေး တို့တွင် အစိုးရများ၏ ကဏ္ဍများသည် မည်မျှ အရေးပါလာသည်နှင့် အနောက်အုပ်စုအတွက် ပြုပြင်ပြောင်းလဲရေးတွေ လုပ်ပြီး အဆိုပါ အရေးများကို တစိုက်မတ်မတ် တိုးချဲ့နိုင်မှသာ ကမ္ဘာဒီမိုကရေစီ သမဂ္ဂ အဖွဲ့ကြီး တွင် အဓိက နေရာမှ ပါဝင်လာနိုင်ပါတယ်။
စာအုပ်၏ ပထမ နှစ်ခန်းမှာ နိုင်ငံများ၏ သမိုင်းကြောင်း နှင့် အနောက်နိုင်ငံများသည်အတွေးအခေါ်သစ်များ၊ နည်းပညာသစ်များ ကို ဆွဲထုတ်ပြီး ကမ္ဘာမှာ လူပေါ်လူဇော် လုပ်လာနိုင်ပုံတွေ ဖေါ်ပြထားပါတယ်။ လက်ရှိ ပြဿနာတခု၏ အကြပ်အတည်းသည် မည်မျှအထိ လေးနက်မှု ရှိသည်ကို သုံးသပ်နိုင်ရန်မှာ ယခင်က ဖြစ်ပျက်ခဲ့မှုများ၊ ကမ္ဘာ ဖြစ်စဉ်ကြီးများ ကို သိထားနိုင်မှသာ တိုင်းတာ ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။ ထိုသို့ မဟုတ်က ဘာမဟုတ်တဲ့ အကြောင်းအရာလေးကိုပင် စိုးရိမ်တကြီး ဖြစ်လာတာမျိုး၊ အရေးကြီးသည့် အကြောင်းအရာများကို အမှုမဲ့ အမှတ်မဲ့ သာ ဖြတ်ကျော်သွားခြင်းတွေ ကြုံရနိုင်ပါတယ်။
တတိယ အခန်းမှာ အနောက်တိုင်း အစိုးရများ နှင့် ၎င်းတို့၏ အခွန်ထမ်း နိုင်ငံသားများ အကြား ပြဿနာ၊ စတုတ္ထအခန်းမှာ ကိုဗစ်၏ အရည်အချင်းစစ် စာမေးပွဲကြီးတွင် အဘယ်ကြောင့် အနောက်တိုင်းနိုင်ငံများ ဆိုးဆိုးရွားရွား ကျဆုံးခဲ့ရသနည်း ဆိုသည် အပေါ် ဆန်းစစ်ချက်၊ ပဥ္စမ အခန်း တွင် အနောက်အုပ်စုသည် ၎င်းတို့၏ ချို့ယွင်းချက်များ၊ လူပြိန်းကြိုက် ပြောတတ်သည့် ထရန့်လို ပေါ်ပြူလစ် ခေါင်းဆောင်များ အပေါ် မှားယွင်းစွာ အပြစ်ပုံချနေမှုများ၊ နောက်ဆုံး အခန်းတွင် ဆယ်ကိုးရာစုနှစ်၏ အကျော်ဒေးယျ လစ်ဘရယ် ခေါင်းဆောင်ကြီး နှစ်ဦး ဖြစ်သည့် ဝီလျံ ဂလက်စတုန်း နှင့် အာဗရာဟင် လင်ကွန်း တို့၏ အတွေးအခေါ်များ၊ ပေါင်းစပ် ကျင့်သုံးသင့်ပုံကို ဆွေးနွေးထားပါတယ်။
ကျွန်တော်၏ စာအုပ်များ၊ နေ့စဉ် ရေးသားနေသည့် ပို့စ်များ အားလုံးကို မညည်းမငြူ ဒိုင်ခံ တည်းဖြတ်ပြီး ပရု ဖတ်ပေးခဲ့တဲ့ ဇနီးသည်ကိုလည်း ဒီနေရာ ကနေ ကျေးဇူးတင်စွာဖြင့် မှတ်တမ်းတင်ပါတယ်။
*************************
နိဒါန်း
၁၆၅၁ တွင် အင်္ဂလိပ် တွေးခေါ်ပညာရှင်ကြီး တဦး ဖြစ်သူ သောမတ်စ် ဟော့စ်သည် အစိုးရ ဆိုသည့် အကြောင်း နှင့် ပတ်သက်၍ စာအုပ်ပေါင်း များစွာ ရေးသားခဲ့ဖူးသည်။ ထိုစာအုပ်များထဲမှ တအုပ်တွင် “ကျွနုပ် နှင့် အကြောက် တရားသည် အမွှာပူးများ အဖြစ် အတူ မွေးဖွားလာခဲ့သည်” ဟု ဝန်ခံထားခဲ့သည်။ သူ၏ ဓမ္မတရား အနှစ်ချုပ် သည်က မိမိကိုယ်မိမိ ဘေးကင်းအောင် ကြံဆောင်ရမည် ဟူ၍ ဖြစ်သည်။ အင်္ဂလန်တွင် ကြောက်မက်ဖွယ် ကောင်းလှသည့် ပြည်တွင်းစစ်ကြီး ဖြစ်ပွားလာသည့်အခါ သူ့စကားနှင့် အညီ ပြင်သစ်သို့ ထွက်ပြေးသွားပြီး အသက်တချောင်းကို ရှာကြံမွေးမြူခဲ့သည်။
သဘာဝ လောကကြီးက ဖန်တီးပေးခဲ့သော ဘဝ ဆိုသည်ကား အထီးကျန်ဆန်သည်။ ဆင်းရဲသည်၊ လူများ တဦးနှင့်တဦး ရန်လို တိုက်ခိုက်နေကြသဖြင့် တိုတောင်းသည်၊ ကြမ်းတမ်းသည်၊ တိရစ္ဆာန်သာသာ ရိုင်းစိုင်းသည့် သဘောသဘာဝ ရှိသည်ဟု ဟော့စ် က ဖွင့်ဆိုခဲ့သည်။
ထိုသို့သော အနေအထားကြောင့် နိုင်ငံသားများသည် မိမိတို့၏ လွတ်လပ်ခွင့်များကို စွန့်လွှတ်ပါမည်ဆိုကာ အကာအကွယ် ပေးနိုင်မည့် အုပ်ချုပ်သူ နှင့် သဘောတူညီချက် ရယူသင့်သည်ဟု အဆိုပြုလာခဲ့သည်။ နိုင်ငံတနိုင်ငံ ရှိ အစိုးရ ၏ တရားဝင် တည်မြဲမှု ဆိုသည်ကား မိမိနိုင်ငံသားများကို ဘေးကင်းလုံခြုံမှု ရှိအောင် ဖန်တီးပေးနိုင်မှု အပေါ် မူတည်နေသည် ဆိုသည့် အယူအဆသည် ထိုခေတ်က ရှိရင်းစွဲ ဘုရင် အုပ်ချုပ်မှု စနစ်ကို မှောက်လှန် ပြစ်ရန် အားထုတ်ခဲ့မှုသာ ဖြစ်သည်။ ဘုရင်များသည် မိမိတို့အား နတ်ဘုရားများ က ပေးအပ်ခဲ့သော အုပ်ချုပ်ပိုင်ခွင့် အာဏာအရ တိုင်းပြည်ကို အုပ်ချုပ်မင်းလုပ်နေကြခြင်းသာ ဖြစ်သည်ဟု ပြောဆိုထားကြသူများ ဖြစ်နေသောကြောင့်ပင်။ ထို့အတွက် နိုင်ငံသားများ နှင့် သဘောတူညီချက် ရယူရန် မလိုဟု ဆိုသည်။
ဟော့စ် သည် ၁၆၆၅-၆၆ ပလိပ်ကပ်ရောဂါ ဘေးကြီးမှလည်း လွတ်မြောက်ခဲ့ပြန်ပြီး အသက် ၉၁ နှစ် အရွယ်တွင် သူ၏ အိပ်ယာပေါ်တွင်ပင် ကွယ်လွန်သွားခဲ့သည်။ ဟော့စ် ရေးသားခဲ့သော စာအုပ်များ ထဲတွင် လဗိုင်ယာသန် (Leviathan) ဟူသော စာအုပ်သည် အထင်ရှားဆုံး ဖြစ်သည်။ ထိုစာအုပ်၏ ရှေ့မျက်နှာဖုံးအား လွန်စွာ သေးငယ်သော ပြည်သူပြည်သားများ နှင့် ဖွဲ့စည်းထားသော ခန္ဓာကိုယ် ရှိ ဘုရင်ကြီး တပါး၏ ပုံ ဖြင့် သရုပ်ဖေါ်ထားသည်။ (ပုံတွင် ရှု)
ဟော့စ် သာ ယနေ့ ပြန်လည် နိုးထသက်ရှင် လာမည်ဆိုက သူ၏အပြောသည် ကွက်တိဖြစ်လာနေပြီဟု ကြွေးကြော် ပေတော့မည်သာ ဖြစ်သည်။ ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီး ကြောင့် လူသားတို့သည် ဒုတိယ ကမ္ဘာစစ်ကြီး နောက်ပိုင်း ပထမဆုံးအကြိမ် မကြုံဖူးလောက်အောင် ထိတ်လန့်တုန်လှုပ်လာခဲ့ကြရလေသည်။
၂၀၂၀ ဇွန်လ ကုန်ပိုင်းတွင် ကမ္ဘာတဝှမ်း လူပေါင်း ဆယ်သန်းခန့် ကူးစက်နေပြီး ငါးသိန်းကျော် သေဆုံးသွားခဲ့ရပြီ ဖြစ်သည်။ ထိုအထဲတွင် လေးပုံတပုံသည် အမေရိကန် ပြည်ထောင်စု မှ ဖြစ်သည်။ နေ့စဉ်လို ကြောက်မက်ဖွယ် ပုံရိပ်များကို တွေ့လာနေရသည်။ နယူးယောက်တွင် အကျဉ်းထောင်များထဲမှ အကျဉ်းသားများကို ခေါ်ထုတ်ကာ ပီပီအီး ဝတ်စုံများ ဝတ်စေပြီး အလောင်းများ ထည့်ထားသော သစ်သား အခေါင်းများကို စုပြုံမြှပ်နှံရန် တူးဆွ နေပုံများ၊ ဗြိတိသျှ ဝန်ကြီးချုပ်သည် အထူးကု ကြပ်မတ် ဆောင်ထဲတွင် အသက်လုနေရပုံ၊ ဘရပ်ဆဲလ် မြို့လယ်ခေါင်ကြီးတွင် နယ်ခြားမဲ့ ဆေးဝန်ထမ်း အသင်းကြီးက ယာယီတဲများ ဆောက်လုပ်ကာ ကူးစက်သူများကို ပြုစုကုသပေးနေပုံများ၊ အမေရိကန် သမ္မတ မှ ပိုးသတ် ဆပ်ပြာရည်ကို ခန္ဓာကိုယ်ထဲ ထိုးသွင်းရန် အကြံပြု လာနေသည်များ အစရှိသည်ဖြင့် မျိုးစုံလှပေသည်။
လူများ သည် မိမိတို့၏ အသက်ဘေး စိုးရိမ်နေရသည့်အပြင် ဝင်ငွေမရှိလျှင် ဒုက္ခရောက်ရမည့် အရေးပါ ထိတ်လန့်လာကြရသည်။ ကမ္ဘာစီးပွားရေးသည်လည်း ဒေါ်လာ တြီလီယံ ပေါင်းများစွာ ဆုံးရှုံးလာနေရပြီ ဖြစ်သည်။ စက်ရုံအလုပ်ရုံများ ပိတ်ပြစ်ခဲ့ရပြီး တခါက မိမိတို့ ဘဝသည် လုံခြုံတည်ငြိမ်မှု ရှိနေပါသည် ဆိုသော လူများလည်း အစိုးရ ထောက်ပံ့ကြေးကို အားကိုးလာကြရပြန်သည်။
နေရာတိုင်းတွင် တခါက အစိုးရကို ဂရုစိုက်ရကောင်းမှန်း မသိခဲ့သူများသည် ယခုအခါ လဗိုင်ယာသန်ကြီး အား မိမိတို့ကို ကာကွယ်စောင့်ရှောက်ပေးပါရန် အပူတပြင်း တောင်းဆိုလာကြသည်။ မိမိတို့ဖက်ကလည်း လက်ရှိ လွတ်လပ်ခွင့်များကို အဆုံးရှုံး ခံနိုင်ရုံမျှမက အိမ်ထဲမှ အိမ်ပြင် မထွက်ရလည်း ကိစ္စမရှိပါဟု အပေးအယူ လုပ်လာကြပြီ ဖြစ်သည်။ ထို့အပြင် မိမိတို့ မည်သို့ မည်ပုံ နေထိုင်သွားရမည်ကို လမ်းညွှန်ပေးပါရန်လည်း အစိုးရကို တောင်းဆိုလာခဲ့ကြသည်။ ဤကဲ့သို့ လိုက်လျော တောင်းဆိုနေသည့်ကြားမှ အစိုးရက လုံလောက် အောင် အကာအကွယ် မပေးဟု ယူဆလာပြန်သည့်အခါ ဒေါသအိုး ပေါက်ကွဲခဲ့ကြပြန်သည်။ ဂျော့ ဖလွိုက် သေဆုံးခဲ့ရမှုကြောင့် အမေရိကန်တွင် လမ်းမများပေါ်သို့ ထွက်လာခဲ့မှုများက အထင်အရှား ပြဆိုနေပေသည်။
ကော်ရိုနာ ဗိုင်းရပ်စ်ကြောင့် အစိုးရများသည် အရေးပါသည့် အနေအထားကို ပြန်ရောက်လာခဲ့ရသည်။ တန်ခိုးအာဏာ ထွားလာခဲ့ရပြီး တခါက လွန်စွာ အင်အား တောင့်တင်းလှပါသည် ဆိုသော ကုမ္ပဏီများပင် အစိုးရမင်းများထံ ဒူးထောက်လာခဲ့ရသည်။ ယခုလို အချိန်တွင် မိမိနိုင်ငံသည် ကျန်းမာရေး စောင့်ရှောက်မှု စနစ် ကောင်းမွန်ပြီး ဗျူရိုကရေစီ ယန္တယားလည်း ချောမွေ့စွာ လည်ပတ်နေခြင်း ရှိမရှိ ဆိုသည်က လွန်စွာ အရေးပါ လာခဲ့ရသည်။ ယခုအခါ ဗိုင်းရပ်စ် သည် နိုင်ငံအသီးသီး ၏ စွမ်းဆောင်ရည်များကို လိုက်လံစစ်ဆေးနေပြီ ဖြစ်သည်။
အရည်အချင်းစစ် စာမေးပွဲတွင် အနောက်တိုင်း နိုင်ငံများက မဆိုသလောက်သာ အောင်မြင်ခဲ့ကြသည်။ ထိုအထဲတွင် ဂျာမဏီသည် ဂုဏ်ထူးပင် ထွက်ခဲ့ပြီး ဒိန်းမတ်၊ နော်ဝေး၊ ဆွစ်ဇာလန် တို့က သာမန် အဆင့် လောက်နှင့်ပင် အောင်မြင်ခဲ့သည်။ အောင်မြင်သူများထဲတွင် အံ့ဩဖွယ် ကောင်းလောက်အောင် ဂရိလည်း ပါဝင်ခဲ့သည်ကို တွေ့ရသည်။ ပစိဖိတ် ဖက်ခြမ်း တွင် နယူးဇီလန် နှင့် ဩစတေးလျ တို့ သရဖူ ဆောင်းနိုင်ခဲ့ကြပြီး အာရှနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ရှက်ဖွယ်လိလိ မရှုမလှ ကျဆုံးသွားသူများကတော့ အမေရိကန် နှင့်ဗြိတိန်တို့ပင် ဖြစ်သည်။
အောင်စာရင်းကို ကိန်းဂဏန်းများ ဖြင့် ကြည့်လျှင် သိနိုင်သည်။ ဘဲလ်ဂျီယံ၌ လူတသန်းလျှင် ၈၅၀ သေဆုံးခဲ့ပြီး ဗြိတိန်တွင် ၆၅၀ အထက်ရှိသည်။ အီတလီ နှင့် စပိန်တို့က ၅၅၀ ခန့် ရှိနေသည်။ အမေရိကန် တွင် ဗိုင်းရပ်စ်သည် အာရီဇိုနား၊ တက္ကဆပ် နှင့် ဖလော်ရီဒါတို့ တွင် ခေါင်းပြန်ထောင်လာနေပြီး ၄၀၀ နားထိ ချည်းကပ်လာနေသည်။
တောင်ကိုရီယားတွင် ၇ ဦး နှင့် ဂျပန်တွင် ၅ ဦးသာ ရှိသည်။ တရုတ်ပြည်မကြီးကတော့ ၃ ဦး ဟု ပြောလာခဲ့သည်။ တရုတ်တို့၏ ကိန်းဂဏန်းမှာ မည်သို့ မည်ပုံ တွက်ထုတ်သည်ကို ရှင်းရှင်းလင်းလင်း မသိရသော်လည်း သေဆုံးမှု နှုန်းသည် သူတို့ပြောသည်ထက် ဆယ်ဆခန့် ပိုမည်ဟု တွက်လျှင်ပင် တရုတ်အာဏာပိုင်များသည် သူတို့ နိုင်ငံသား များအား ဒေါ်နယ် ထရန့်ထက်ပင် ကာကွယ်စောင့်ရှောက်ပေးနိုင်ခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။
အာရှရှိ ဆင်းရဲသော နိုင်ငံများ ဖြစ်သည့် ဗီယက်နမ် နှင့် အိန္ဒိယ ရှိ ကာရာလာ ပြည်နယ်များသည်ပင် အမေရိကန်၊ ဗြိတိန် တို့ထက် သာလွန်အောင် ကာကွယ် စောင့်ရှောက်ပေးနိုင်ခဲ့သည်။
(ဆက်လက်တင်ပြပါမည်)