အနောက်ကို လျှောက်ပါလို့ အရှေ့ကိုတဲ့ မျှော်လိုက်ရင်

by Hla Soewai - Dec 22 2020

မြန်မာ နိုင်ငံခြားရေး မူဝါဒသည် လာမည့် အစိုးရသစ် နှင့် အတူ သိသိသာသာ အပြောင်းအလဲများ ရှိလာနိုင်သည်ဟု ဘန်ကောက်ပို့စ် သတင်းစာ တွင် မြန်မာအရေး သုံးသပ်သူ လာရီ ဂျေဂင်မှ “Post-election foreign policy rebalance westward” တွင် အောက်ပါအတိုင်း ရေးသားထားသည်။

 

မြန်မာ နိုင်ငံခြားရေး မူဝါဒသည် ရွေးကောက်ပွဲ အလွန်၊ ကိုဗစ် အလွန်၊ ထရန့်အလွန် ကာလများ အတွက် ပြန်လည် ထိန်းညှိရန် လိုအပ်လာ၍ လည်း ဖြစ်သည်။ မြန်မာသည် အဆိုပါ အပြောင်းအလဲများ အကြားတွင် အဓိက အာရုံစိုက်စရာ ဖြစ်လာနိုင်သည်နှင့်အမျှ အာရှတွင် အင်အား ထိန်းညှိရေး အတွက် အဆုံးအဖြတ် ပေးနိုင်သည့် အနေအထားတွင် ရှိနေပေသည်။

 

တရုတ်နိုင်ငံ၏ ကိုဗစ်အလွန် ထွက်ပေါ်လာမည့် အနေအထားနှင့် ဒေသအတွင်း အုပ်စုဖွဲ့လာနိုင်သည့် ပုံစံများ ကို မူတည်၍ မြန်မာသည် အကျိုးစီးပွားခြင်း အားပြိုင်လာမည့် စစ်မြေပြင် ဖြစ်လာဖို့ ရှိနေပြန်သည်။

 

ရွေးကောက်ပွဲ အပြီး ဒေါ်အောင်ဆန်းစုကြည်ပါတီ၏ သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့မှု ကို ကြည့်ပြီး ဒေသတွင်း နိုင်ငံအများအပြားက တရုတ်၏ ချယ်လှယ်လာမည့် အရေး ရှိနေ၍ မြန်မာအစိုးရ အား မိမိတို့ဖက် ပါရန် လွန်ဆွဲသကဲ့သို့ အပြိုင်ကြိုးစားရန် အာရုံစိုက်လာကြသည်။

 

ထိုအရေး အတွက် တိုကျိုမှ ဦးဆောင်ဦးရွက် ပြုလာပြီး အိန္ဒိယကလည်း ဆိုးရွားလာနေသော တရုတ်နှင့် ဆက်ဆံရေးကြောင့် ပွဲကြီး ပွဲကောင်းကို လက်လွတ်ခံမည် မဟုတ်ဟု မျှော်လင့်ရသည်။ ပြင်ပကမ္ဘာနှင့် ပို၍ ထိတွေ့မည့် သဘောထား ရှိသော ဝါရှင်တန်ရှိ ဘိုင်ဒင် အစိုးရသည် ထိုပွဲတွင် ပါဝင်လာနိုင်ဖွယ် ရှိနေသည်။

 

ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို ပုံအော မဲပေးခဲ့မှုနှင့် အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ အဖို့ ကိုဗစ် ကပ်ရောဂါကြီးနှင့် နိုင်ငံတကာတွင် အရောင်းအဝယ် နှေးကွေးလာနေမှုများကြောင့် ပျော့ခွေနေသော တိုင်းပြည်၏ စီးပွားရေး ကို ပြန်လည် မောင်းနှင်ရန် ဆိုသည့် စိန်ခေါ်မှုကြီးနှင့် ရင်ဆိုင်လာနေရသဖြင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု အစီအမံများ ကို တွန်းအားပေး လုပ်ဆောင်ရဖို့ ရှိနေသည်။ ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရန် ဆိုသည် လတ်တလော ဖြည့်ဆည်းပေးရမည့် တာဝန်ကြီး ရှိနေပြန်သဖြင့် ထိုအရေးကို အကောင်အထည်ဖေါ် နိုင်မှသာလျှင် ပြည်တွင်းစစ်ကြီး အဆုံးသတ်ရေး ကြိုးပမ်းမှုများ အတွက် အားသစ်လောင်းပေးနိုင်မည်လည်း ဖြစ်ပေသည်။ ရည်မှန်းချက်များထဲမှ အတော်များများသည် ပြည်ပ အကူအညီနှင့် ထောက်ခံမှုများ လိုအပ် နေပြန်သည်။

 

ထိုသို့ လိုအပ်နေမှုများ ကြောင့် မြန်မာ၏ နိုင်ငံခြားရေး မူဝါဒ၊ အထူးသဖြင့် အိမ်နီးချင်း နိုင်ငံများနှင့် ဆက်ဆံရေး သည် အပြောင်းအလဲများ ဖြစ်လာနိုင်စရာ ရှိသည်ဟု မျှော်လင့်ရပေသည်။ ကိုဗစ် ၏ ရိုက်ခတ်ထားသော အရှိန်သည် ဒေသအတွင်း နှင့် နိုင်ငံတကာ ဖွဲ့စည်းမှု ပုံစံ များကို ပြောင်းလဲသွားဖို့ ရှိနေပြီး ပြည်ပ ဆက်ဆံရေး အပိုင်း အထူးသဖြင့် ကမ္ဘာကုန်သွယ်ရေး တွင် ဆယ်စုနှစ် တခုမျှ ဆက်လက် ရိုက်ခတ် ခံနေရဦးမည် ဖြစ်သည်။ ဤကဲ့သို့သော အနေအထားများ ရှိနေ၍ မြန်မာ အစိုးရ အဖို့ မူဝါဒ ရေးရာ ဦးစားပေး အစီအစဉ်များ နှင့် ဆက်ဆံရေး များကို ပြန်လည် သုံးသပ်ဖို့ လိုအပ်လာရခြင်းလည်း ဖြစ်ပေသည်။ လောလောဆယ်တွင်ပင် ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် ဖြစ်နေပြန်သည့် အတွက် ပြည်ပဆက်ဆံရေးပိုင်းတွင် အသစ်တဖန် သိမ်မွေ့စွာ ကိုင်တွယ် လုပ်ဆောင် သွားနိုင်မည့် အခွင့်အလမ်းများ သိသိသာသာ ရှိလာနေသည်။

 

ပြီးခဲ့သည့်လ ရွေးကောက်ပွဲ မတိုင်မီ ကပင် ဒေသတွင်းရှိ အင်အားကြီး နိုင်ငံများသည် ဒေါ်အောင်ဆန်းစုကြည် ၏ မျက်နှာသာ ရရန် အရေး ကန့်လန့်ကာ နောက်ကွယ်မှ အလုအယက် လှုပ်ရှားနေခဲ့ကြပြီး ဖြစ်သည်။ ထို့အတူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံလည်း ဝင်ထွက်ခဲ့ကြသည်။

 

ရွေးကောက်ပွဲ အပြီးတွင် တရုတ်၊ အိန္ဒိယ၊ ဂျပန်တို့မှ နိုင်ငံရေး နှင့် သံတမန်ပိုင်းမှ ဝါရင့် ပုဂ္ဂိုလ်များ နေပြည်တော်တွင် တန်းစီ ဝင်ထွက်နေကြပြီး သူ့ထက်ငါ ခြေပုန်းခုတ်လာကြသည်။ တောင်ကိုရီယား နှင့် ထိုင်း ကဲ့သို့ နိုင်ငံများလည်း ဘေးထိုင်နေ၍ မဖြစ်တော့သဖြင့် သူတို့တွင်ရှိသည့် အစီအစဉ်များကို ကိုင်ကာ ကြိုးဝိုင်း ထဲဝင်လာခဲ့ကြသည်။

 

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူမ ဆက်လက်တာဝန်ယူရမည့် နောက်ငါးနှစ်အတွက် ပြည်ပ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင်နိုင်ရေး အပါအဝင် မြန်မာ စီးပွားရေး ပြန်လည် နလံထူလာရေး အစီအစဉ်များ အတွက် တွန်းအားပေးရင်း တဖက်တွင်လည်း လွတ်လပ်၍ ကြားနေသော နိုင်ငံတကာ ဆက်ဆံရေး အနေအထားကို မူတည်ပြီး နိုင်ငံခြားရေး မူဝါဒပိုင်းဆိုင်ရာ ဦးစားပေး အစီအစဉ်များ ချမှတ်လုပ်ဆောင်သွားဖို့ ရှိနေသည်။ အဓိကအား ဖြင့် နိုင်ငံတနိုင်ငံတည်းကို အလွန်အကျွံ မှီခိုရမည့် အနေအထား မရောက်ရန် သေချာ စေမည့် အလွတ်သဘော မဟာမိတ် ဖွဲ့စည်းခြင်း နှင့် လုံခြုံရေး အစီအမံများကို ဖြန့်ကျက် ကြိုးပမ်းသွားမည် ဖြစ်သည်။

 

ပြီးခဲ့သည့် ငါးနှစ်အတွင်း က ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားရေး မူဝါဒတွင် ဘက်ပေါင်းစုံ ဖြန့်ကျက်သည့် မူဝါဒကို ချမှတ်လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။ ဤသည်ကလည်း ရခိုင်ပြည်နယ် အနောက်ပိုင်း အရေးအား အစိုးရ၏ ကိုင်တွယ်ပုံကြောင့် မူဆလင် ဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ် သို့ ထွက်ပြေး တိမ်းရှောင် သွားမှုအပေါ် နိုင်ငံတကာ၏ ဝေဖန်လာမှုများကို တုန့်ပြန်နိုင်ရန် အတွက်ပင် ဖြစ်သည်။

 

ထိုအရေးကြောင့် အမေရိကန် အပါအဝင် အနောက်နိုင်ငံများ နှင့် ခပ်ကင်းကင်း ဖြစ်လာခဲ့ရသဖြင့် ကုလသမဂ္ဂ ကဲ့သို့သော နိုင်ငံတကာ ဖိုရမ်များတွင် အာရှ “မိတ်ဆွေ” များ၏ ထောက်ခံမှုရရန် သာ အားကိုးသမှု ပြုလာခဲ့သည်။

 

ဆိုလိုသည်က တရုတ်အပေါ် ပို၍ မှီခိုအားထားလာနေရခြင်းပင် ဖြစ်သည်။ အာဆီယံ နိုင်ငံများ အပေါ်ကိုလည်း တရုတ်လောက် မဟုတ်သည့်တိုင် အတိုင်းအတာတခု အထိ အားပြုခဲ့ရပြန်သည်။ ထိုသို့ ဂမူးရှူးထိုး အားကိုး လာရမှု ကို စိတ်အနှောက်အယှက် ဖြစ်ခဲ့ရသူမှာ ဒေါ်အောင်ဆန်းစုကြည်ပင် ဖြစ်သည်။ တရုတ်နှင့် ဆက်ဆံရေး ကို အလေးအနက်ထား ပြန်လည် ချိန်ထိုးရမည် ဆိုသည်ကိုတော့ အစိုးရ အဖွဲ့အတွင်း ရှင်းလင်းစွာ သဘောပေါက် နားလည် ထားပြီး လည်း ဖြစ်သည်။ ယခုအခါ နိုင်ငံရေး လုပ်ပိုင်ခွင့် အရင်းအနှီးများ အကြီးအကျယ် လက်ဝယ် ပိုင်ဆိုင်လာမှု နှင့် ကိုဗစ် အလွန် ပြောင်းလဲလာနေသော နိုင်ငံတကာ အနေအထားများအရ ထိုသို့ လုပ်နိုင်ရန် အခွင့်အလမ်းများ ပေးလာခဲ့ပြီ ဖြစ်သည်။

 

ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်သူများ အဆိုအရ သူမသည် အမေရိကန် နှင့် ဗြိတိန်တို့၏ သစ္စာဖေါက်မှုကို အလွန်အမင်း နာကျည်းလျှက် ရှိနေသည် ဟု သိရသည်။ သို့သော်လည်း အမေရိကန် နှင့် ပြန်လည် ပလဲနံပ သင့်ရေး ကို ကြိုးစားနေသည့် အရိပ်အယောင်များ နေပြည်တော်တွင် တွေ့လာနေရသည်။

 

ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ပထမသက်တမ်း အတွင်း တိုးတိုးဖေါ်တဦးအား အမှန်တကယ် ယုံကြည် ရသူသည် တရုတ် နှင့် ဂျပန်တို့ ဖြစ်ပြီး အိန္ဒိယကမူ ၎င်းနှစ်နိုင်ငံ၏ နောက်တွင် ရှိသည်ဟု ပြောခဲ့ဖူးကြောင်း သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။ အာဆီယံ ၏ ထောက်ခံမှုသည် အဆိုပါ သုံးနိုင်ငံလောက် အရေးမပါသော်လည်း စိတ်ချထား၍ ရသည်ဟု သံတမန် သတင်းရပ်ကွက်များက ဆိုပြန်သည်။

 

အာဆီယံသည် မြန်မာနှင့် ဝင်္ဂဘာလို ရှုပ်ထွေးလှသည့် မဟာဗျူဟာမြောက် ဆက်ဆံရေး အပေါ် အဖွဲ့အတွင်း အထင်ကရ ရပ်တည်နေသည့် မူဆလင်နိုင်ငံများကြောင့် စိတ်ဝင်စားမှု လျော့ပါးလာခဲ့သည်။ ထို့အတွက် ထိုင်းနိုင်ငံ၏ အရေးပါမှု သည် ရှေ့တန်းရောက်လာရပြီး နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် မကြုံစဖူး လောက်အောင် ကောင်းမွန်လာခဲ့သည်။ မလေးရှားကဲ့သို့ မူဆလင်နိုင်ငံများကမူ “ရိုဟင်ဂျာ” ဟု ခေါ်ဝေါ်နေ သူများ အပေါ် ကိုင်တွယ်နေမှုကို တိုး၍ ဝေဖန်ပြစ်တင်လျှက် ရှိနေသည်။

 

မြန်မာသည် အစဉ်အလာဖြစ်သည့် လွတ်လပ်သော ကြားနေမူဝါဒဖြင့် နိုင်ငံအားလုံးနှင့် ဆက်ဆံရေး ကို ထိန်းသိမ်းထားပြီး တဖက်တွင်လည်း မဟာမိတ်များ ရရှိရန် ကွန်ယက်ဖြန့်ကျက်လာပြီး နိုင်ငံချင်းအလိုက် ဆက်ဆံရေး ကောင်း မွန်ရန် ကြိုးစားနေသည်။ သို့သော် နိုင်ငံတကာ၏ ပကတိ အနေအထား နှင့် စစ်အုပ်ချုပ်ရေး ကာလများ အတွင်း အထီးကျန်နေခဲ့ရသည့် ဆိုးမွေများကြောင့် တရုတ်သည် အဓိက မိတ်ဖက် ပါတနာ အဖြစ် အမြဲလို ရှိလာခဲ့ပြီး အပြစ်လည်း မဆို ထောက်ခံနေမှုကြောင့် အားကိုးရာ ဖြစ်လာခဲ့သည်။

 

ဒေါ်အောင်ဆန်းစုကြည်သည် ထိုသို့ ဖြစ်နေသည်ကို တရုတ်အားလည်း စိတ်မငြိုငြင်ရအောင် နှင့် တဖက်ကလည်း လျော့ချ ပြစ်နိုင်အောင် ကြိုးစားလာခဲ့သည်။

 

ပြီးခဲ့သည့် နှစ်အတွင်း မြန်မာ ခေါင်းဆောင်ပိုင်းမှ “မဟာမိတ် ထီးရွက်ကြီး” အား မဟာဗျူဟာ ကျကျ ဖြန့်ကျက် မိုးရန် ရည်ရွယ်လာခဲ့ကြသည်။ တချိန်တည်းမှာပင် ဂျပန်သည် နောက်ကွယ်မှ သံတမန်ရေး အရရော၊ ဘဏ္ဍာရေး အရပါ တိတ်တဆိတ် ထောက်ခံလာမှုကြောင့် နိုင်ငံရေး နှင့် စီးပွားရေး တွင် အရေးပါလာခဲ့သည်။ ဤသည်ကို တရုတ်ကလည်း သတိမပြုမိဘဲ နေမည် မဟုတ်သည့်အတွက် ရှေ့လျှောက် မြန်မာအဖို့ ဆုပ်လည်းစူး စားလည်း ရူး အနေအထား ဖြစ်လာနိုင်သည်။

 

အိန္ဒိယကလည်း ပြီးခဲ့သည့် ခြောက်လအတွင်း ဘီဂျင်းနှင့် ဆက်ဆံရေး ဆိုးဝါးလာနေမှုကြောင့် မြန်မာ အပေါ် ၎င်းတို့ဖက်ယိမ်းရန် တိုး၍ ကြိုးပမ်းပြန်သည်။ မြန်မာဖက်ကလည်း အိန္ဒိယ၏ ကမ်းလှမ်းလာမှုကို လိုလိုလားလား လက်ခံလာခဲ့သည်။ မြန်မာအတွက် အိန္ဒိယ-ဂျပန် ပူးပေါင်းလာမည့် အရေး အပေါ် ပို၍ စိတ်အားထက်သန် လာကောင်း လာနိုင်ပေသည်။

 

သေချာသည်ကတော့ လာမည့် လများအတွင်း မြန်မာနိုင်ငံခြားရေး မူဝါဒသည် ပြောင်းလဲလာမည် ဖြစ်သည်။ အနောက်သို့ သိသိသာသာ ယိမ်းလာမှုများနှင့် ဘီဂျင်း အပေါ် မှီခိုနေရမှုများ မှ ဖယ်ခွာရန် မဟာဗျူဟာကျကျ တိုးမြှင့် ကျင့်သုံးလာမှုများ ပါဝင်လာနိုင်သည်။

 

သို့သော် မြန်မာနိုင်ငံခြားရေး မူဝါဒသည် အိမ်နီးချင်းများ ဖြစ်သော အိန္ဒိယ၊ ဂျပန်၊ ထိုင်း၊ တောင်ကိုရီယား၊ စင်္ကာပူတို့နှင့် စီးပွားရေး နှင့် လုံခြုံရေး ပိုင်းတွင် ခိုင်မာစွာ ဆက်ဆံသွားနိုင်ရေး ကို အဓိက အာရုံစိုက် ဆောင်ရွက်သွားမည်သာ ဖြစ်သည်။ တဖက်တွင်လည်း တရုတ်နှင့် ဆက်ဆံရေး ကို ဆက်လက် ထိန်းသိမ်းသွားဖို့ ရှိနေပြန်သည်။