အီရန် အာဏာပိုင်များ မှ ဆိုရှယ်မီဒီယာ ဆယ်လီ တဦးအား ကြိုးပေးကွပ်မျက်

by Hla Soewai - Dec 21 2020

မစ္စတာ ရူဟိုလာ ဇမ် ဆိုသည့် အီရန် နိုင်ငံ အတွင်း လွန်စွာ ထင်ရှားသော ဆိုရှယ်မီဒီယာ တဦးအား တရားရုံးမှ အပြစ်ရှိကြောင်း ဆုံးဖြတ်ကာ သေဒဏ်ချမှတ်ခဲ့ပြီး လေးရက်အကြာ ပြီးခဲ့သည့် စနေနေ့က ကြိုးပေး ကွပ်မျက် လိုက်ခြင်းသည် အီရန် နိုင်ငံ တရားစီရင်ရေး စနစ် အရ ပြောရလျှင်ပင် အလွန်အကျွံ ပြုမူလိုက်ခြင်းသာ ဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။ မိသားစုမှ သူ့ထံသို့ မကွပ်မျက်မီ တနေ့က သွားရောက် တွေ့ဆုံ့ခဲ့ကြသော်လည်း နောက်တနေ့တွင် ကွပ်မျက်မည်ကို အာဏာပိုင်များက အသိပေးခဲ့ကြခြင်း မရှိဟု သိရသည်။

 

၎င်းသည် သူလျိုလုပ်ခြင်း၊ အကြမ်းဖက်မှု များ ဖြစ်ပွားအောင် လှုံ့ဆော်ခြင်း နှင့် အကျင့်ပျက် ခြစားမှု မျိုးစေ့ကို ချပေးခြင်း အစရှိသည့် ပြစ်မှုများ ကျူးလွန်းခြင်းကြောင့် ဖြစ်သည်ဟု တရားသူကြီးက စီရင်ချက်ကို ဖတ်ကြားရာတွင် ပြောဆိုသွားခဲ့သည်။ အီရန်နိုင်ငံသား အများစုကတော့ အာယာတိုလာများ တိုင်းပြည်အား အုပ်ချုပ်နေမှု အပေါ် လက်မခံသည် အဓိပ္ပါယ်သာ ဖြစ်သည်ဟု ယူဆခဲ့ကြသည်။

 

ဇမ်သည် ထင်ရှားသော အစိုးရ နှင့် သဘောထား ကွဲလွဲသူ တဦး ဖြစ်ပြီး ၂၀၁၁ တွင် အသက်ဘေးကြောင့် ပဲရစ်ကို ထွက်ပြေးလာခဲ့ရသူလည်း ဖြစ်သည်။ ၂၀၁၅ မှ စ၍ အာမက် ဆိုသည့် သတင်းချန်နယ်ကို တယ်လီဂရမ် ဆိုသည့် မက်ဆေ့ချ် အက်ပ် မှ စတင် ထုတ်လွှင့်လာခဲ့သည်။ အဆိုပါ ချန်နယ်သည် ဘီဘီစီ၏ ပါရှား ဘာသာ အသံလွှင့် အစီအစဉ်ထက်ပင် လူကြိုက်များပြီး ဖေါ်လိုဝါ တသန်းကျော် ရှိနေသည်။

 

၎င်းသည် တိုင်းပြည်ကို ဦးဆောင်နေသော မူလာကြီးများ၏ လိင်ပိုင်း နှင့် ငွေကြေးဆိုင်ရာ အရှုပ်တော်ပုံများကို စုံစမ်း ဖေါ်ထုတ်ခဲ့သည်။ မြို့တော် တီဟီရန် လူမလိုင်များနှင့် ၎င်းတို့၏ သားသမီးများအား ထားလေ့ရှိသည့် ကျောင်း မှ ဆင်းလာသူ တဦး ဖြစ်ပြီး ဖခင်သည် ဩဇာရှိ တရားဟော ဆရာတဦး ဖြစ်သည်။ ထို့အတွက် သူတွင် အဆက်အသွယ်ကောင်းများ နေရာအနှံ့တွင် ရှိနေခဲ့သည်။

 

လွန်ခဲ့သည့် သုံးနှစ်က တနိုင်ငံလုံး ကန့်ကွက် ဆန္ဒပြမှုများ ဖြစ်လာခဲ့စဉ်အတွင်း လူထု အစည်းအဝေး များ ကျင်းပမည့် နေရာ နှင့် အချိန်ကို သူ၏ ချန်နယ် မှပင် သိရှိလာခဲ့ကြရသည်။ ဆန္ဒပြပွဲ မြင်ကွင်း ဗီဒီယိုများကိုလည်း သူ၏ ချန်နယ်မှပင် ဦးဦးဖျားဖျား ကြည့်ခွင့်ရခဲ့ကြပြန်သည်။ ထို့အပြင် ဓါတ်ဆီ ဗုံးများ ပြုလုပ်နည်းများကိုလည်း ပြောပြခဲ့သည်။

 

အစိုးရအဖွဲ့ ပြောင်းလဲရန် တောင်းဆိုခဲ့ပြီး “ရူဟိုလာ နှင့် စတင်ခဲ့သော တော်လှန်ရေးအား ရူဟိုလာပင် အဆုံးသတ်ပေးရမည်” ဟု ကြွေးကြော်ခဲ့သည်။ ရူဟိုလာသည် အစ္စလမ် တော်လှန်ရေး၏ ဖခင်ကြီး ဖြစ်သော ရူဟိုလာ ခိုမေနီ ကို ဆိုလိုခြင်း ဖြစ်ပေသည်။ အီရန် အာဏာပိုင်များက သူ၏ တယ်လီဂရမ်ကို ပိတ်ဆို့ခဲ့ ကြသော်လည်း သူ့အသံတိတ်သွားအောင်တော့ မလုပ်နိုင်ခဲ့ပေ။

 

၂၀၁၉ အောက်တိုဘာလအတွင်းက အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့ သည် သူ့အား သတင်းများ ပေးမည် ဆိုကာ ဥပါယ်တံမျဉ် ဖြင့် အီရတ်သို့ လာရန် မြှားခေါ်ပြီး ပြန်ပေးဆွဲကာ အီရန်သို့ ဖမ်းဆီးခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ကားထဲတွင် မျက်နှာကို အဝတ်စီးထားခံရသော ဇမ် မှ ၎င်း၏ လုပ်ရပ်များ အပေါ် တောင်းပန်ကြောင်း ပြောခဲ့သည်ကို အီရန် ရုပ်သံမှ ထုတ်လွှင့်ပြသခဲ့သည်။

 

၎င်း၏ အမှုကို ၂၀၂၀ ဖေဖေါ်ဝါရီ လမှ စတင် ကြားနာ စစ်ဆေးခဲ့ရာ ဇမ် မှ အပြစ်မရှိဟု ထုချေခဲ့သည်။ ဇွန်လ တွင် သေဒဏ်စီရင်ခဲ့ပြီး အထက်တရားရုံးချုပ် မှ အယူခံကို ပယ်ချခဲ့သဖြင့် လေးရက်အကြာတွင် ကွပ်မျက်လိုက်ခြင်း ဖြစ်သည်။

 

ယခု အီရန် အာဏာပိုင်များက ဇမ် အပေါ် ရက်စက်စွာ ကျူးလွန်ခဲ့သည်ကို ကြည့်က နိုင်ငံအတွင်းရှိ မြို့ပြ အဖွဲ့အစည်းများကို နည်းလမ်းပေါင်းစုံဖြင့် ချေမှုန်းသွားမည် ဆိုသည်အား ပြဆိုလိုက်ခြင်းလည်း ဖြစ်ပေသည်။ စနိုက်ပါများ က ဆန္ဒပြသူများကို တိုက်ခေါင်မိုးများ ပေါ်မှ ချောင်းမြောင်း ပစ်ခတ်ခဲ့သည်။ စက်တင်ဘာလ အတွင်းကလည်း ထင်ရှားသော နပမ်းသမား တဦးအား ဆန္ဒပြပွဲတွင် ပါဝင်မှုဖြင့် ကြိုးပေး ကွပ်မျက် ခဲ့ကြပြန်သည်။ စိတ်မာခက်ထန်သူများက ပါလီမန် နှင့် တရားရုံးများကို ထိန်းချုပ်ထားလျှက် ရှိကြပြီး လာမည့် သမ္မတ ရွေးကောက်ပွဲ ကို ကလိန်ကကျစ် လုပ်နိုင်ရန် ပြင်ဆင်ထားပြီး ဖြစ်သည်။

 

ဥရောပရှိ လူ့အခွင့်အရေး အဖွဲ့များက ပြည်ပရှိ အစိုးရနှင့် သဘောကွဲလွဲသူ အီရန်နိုင်ငံသားများကို မပြန်ကြရန် တိုက်တွန်းနေကြသည်။ “ဇမ်က နမူနာ ပြလိုက်ပြီ ဖြစ်၍ ကျွန်မ ကတော့ အပြင်ရောက်တိုင်း နောက်ကျော မလုံလို့ သတိထားနေရတယ်” ဟု ဘီဘီစီ ပါရှား ဘာသာ အသံလွှင့် အစီအစဉ်မှ သတင်းကြေညာသူ အမျိုးသမီးက ဆိုသည်။

 

သမ္မတ အဖြစ် ရွေးချယ်ခံထားရသူ ဘိုင်ဒင်မှ အမျိုးသား လုံခြုံရေး အကြံပေး အဖြစ် လျာထားခြင်း ခံထားရသူ ဂျိတ် ဆူလီဗန် က “ထိတ်လန့်ဖွယ် ဖြစ်ရပ်” အဖြစ် ပြောဆိုလိုက်သည်။ သို့သော် အမေရိကန် အစိုးရအသစ်မှ အီရန်၏ နျူကလီးယား သန့်စင်ရေး စီမံကိန်းများ ကို ထိန်းချုပ်ရန် ထက် လူ့အခွင့်အရေး ကိစ္စများကို ပိုမို ဦးစားပေးလာဖွယ် ရှိနေသည်။

 

ဇမ် အား ကွပ်မျက်ခဲ့မှုအား ကုလသမဂ္ဂ အထွေထွေ အတွင်း ရေး မှူးချုပ် အပါအဝင် ကမ္ဘာခေါင်းဆောင်များက ပြင်းထန်စွာ ဝိုင်းဝန်း ရှုပ်ချခဲ့ကြသည်။

 

ဒီဇင်ဘာ ၁၆ ရက်နေ့တွင် အီရန် နှင့် နျူကလီးယား သဘောတူညီချက် လက်မှတ် ရေးထိုးထားသော နိုင်ငံများသည် စီစဉ်ထားသည့်အတိုင်း တွေ့ဆုံဖြစ်ခဲ့သည်။ သမ္မတ ဒေါ်နယ် ထရန့် သည် အဆိုပါ သဘောတူညီချက် အဖွဲ့မှ ထွက်ထားပြီး ဖြစ်သော်လည်း ဘိုင်ဒင်က ပြန်လည် ဝင်ရောက်မည်ဟု ပြောထားခဲ့ပြီး ဖြစ်သည်။

 

(ကိုးကား ။ ။ The Economist / The Guardian (UK)