လွန်ခဲ့သည့် ဆယ်စုနှစ် တခု လောက်ကစပြီး အာရှ တွင် နီပေါ နှင့် မြန်မာသည် ဖက်ဒရယ် နိုင်ငံ ထူထောင်နိုင်ရေး အတွက် ခြေလှမ်းပြင်လာခဲ့ကြသည်။ နီပေါတွင် ပထမ ခြေလှမ်းအဖြစ် ဖွဲ့စည်းပုံ ရေးဆွဲရေး ညီလာခံ မှ ဘာသာရေး နှင့် မဆက်နွယ်သော ဒီမိုကရေစီ ဖက်ဒရယ် နိုင်ငံတခု တည်ထောင်ရန် ကြေညာခဲ့ပြီး မြန်မာ ကလည်း (သံသယ ဖြစ်ဖွယ် ကောင်းလှသည့်) လူထု ဆန္ဒခံယူပွဲ ဖြင့် ဖက်ဒရယ် တပိုင်း ဖွဲ့စည်းပုံကို “စည်းကမ်းရှိသော ဒီမိုကရေစီ စနစ် ဆီ အသွင် ကူးပြောင်းရေး” ၏ ပထမ ခြေလှမ်းအဖြစ် အတည်ပြုလာခဲ့သည်။
မြန်မာ နှင့် နီပေါတွင် အခြားသော တူညီမှုများလည်း ရှိပေသေးသည်။ နှစ်နိုင်ငံစလုံးသည် ဖွံ့ဖြိုးဆဲ နိုင်ငံများ ဖြစ်ကြပြီး တိုင်းရင်းသား မျိုးနွယ်စုပေါင်း တရာကျော်ခန့် ရှိနေကြပြန်သည်။ ထို့အပြင် တိုတောင်းသော ဒီမိုကရေစီ သက်တမ်း နှင့် ကာလကြာမြင့်စွာ ဗဟိုချုပ်ကိုင်မှု အောက်တွင်လည်း ရှိနေခဲ့သည်။ အရေးကြီးဆုံး တူညီနေရမှုက နှစ်နိုင်ငံစလုံးသည် ပြည်တွင်း ပဋိပက္ခများကြောင့် ဖက်ဒရယ် ဝါဒ ဆီ ခြေလှမ်းပြင်လာခဲ့ကြသည် ဆိုသော အချက်ပင် ဖြစ်သည်။ သို့သော် ဟန်ချက်ညီညီ လျှောက်လှမ်းခဲ့ကြခြင်းမျိုးတော့ မဟုတ်ပေ။
၂၀၀၈ ခုနှစ်မှစ၍ နီပေါ တွင် အဆင့်သုံးဆင့်ပါ ဖွဲ့စည်းပုံ အသစ်ကို ရေးဆွဲပြီးစီးသွားခဲ့ပြီ ဖြစ်၍ အဆင့် တဆင့်စီအတွက် ရွေးကောက်ပွဲများ ကျင်းပခဲ့ပြီး ဒေသနှင့် ပြည်နယ် အုပ်ချုပ်ရေး ပုံစံကို တည်ထောင် နိုင်ခဲ့သည်။ မြန်မာတွင် ၂၀၁၆ ခုနှစ်၌ အစိုးရ အပြောင်းအလဲ ဖြစ်ထွန်းလာခဲ့သော် ငြားလည်း ပြည်တွင်း ပဋိပက္ခများသည် လွတ်လပ်ရေး နှင့် အတူ ကြွင်းကျန်ခဲ့သော အမွေများ ဆက်ခံလာရမှု ဆိုသည့် နွံအိုင်ကြီး အတွင်းမှ ရုန်းမထွက်နိုင် ရှိနေရဆဲပင် ဖြစ်သည်။
(၂)
မြန်မာ နှင့် နီပေါတွင် အတူတကွ လက်တွဲရေး ဖက်ဒရယ် စနစ်သည် ခွဲထွက်မည့် အန္တရာယ် ကို ကာကွယ်ရန် ဆိုသည့် အသွင်လက္ခဏာများ အသီးသီး ပြဆိုခဲ့ကြသည်။ အဆိုပါ အန္တရာယ်ကြီးကြောင့်လည်း ဖက်ဒရယ်ဝါဒ ထူထောင်ရန် အဓိက အဟန့်အတားကြီး ဖြစ်လာခဲ့ရသည်။ နီပေါတွင် မြန်မာလောက် သိသာ ထင်ရှားခြင်း မရှိသော်လည်း မသက်ဆိုင်ဟု ပြော၍မရပေ။ ထို့ အတွက်ကြောင့်လည်း ဖက်ဒရယ် စနစ်ကို သွားသင့် မသွားသင့် နှင့် သွားမည်ဆိုက မည်သို့ ပုံစံချ ကြမည်နည်းဟူသော မေးခွန်းများ ပေါ်ပေါက်လာခဲ့ရသည်။
ခွဲထွက်မည့် အန္တရာယ်ကို အင်စတီကျူးရှင်း ပုံစံချ၍ ကာကွယ် နိုင်ပေသည်။ ဥပမာ ဆိုရက ပြည်နယ်များကို လူမျိုးစု များ အသီးသီး ရောနှောနေသည့် ဒေသများနှင့် နယ်နမိတ် ပြောင်းလဲ ဖွဲ့စည်းခြင်း၊ ဝင်ငွေ နှင့် လုပ်ပိုင်ခွင့်အာဏာ များ အပိုင်းကို သတ်မှတ်ပေးခြင်း နှင့် ဗဟိုအစိုးရ မှ အရေးပေါ် ဝင်ရောက်စွက်ဖက်နိုင်ခွင့် အာဏာ ပြဌာန်းပေးခြင်းမျိုး တို့ ဖြစ်သည်။ ထို့အတွက် ဖက်ဒရယ်စနစ် ထူထောင်ရန် သဘောတူညီမှု ရပြီးနောက်တွင် မည်သို့ မည်ပုံ ရေးဆွဲ သတ်မှတ်ရမည်ကို ဆွေးနွေးကြရမည် ဖြစ်သည်။ အထူးသဖြင့် လူမျိုးစုအရလော၊ နယ်မြေ အနေအထား အရ လော ဟူ၍ ဖြစ်သည်။ ထို့နောက် ပြည်နယ်များတွင် တရားဥပဒေ ပိုင်း နှင့် ဝင်ငွေ ရရှိနိုင်မှု အတွက် မည်သို့သော အာဏာများ ခွဲဝေပေးရေးကို ဆွေးနွေးရဦးမည် ဖြစ်သည်။
မြန်မာတွင် ဖက်ဒရယ် ဝါဒ အပေါ် ဆွေးနွေးနေမှုများသည် ကာလကြာမြင့်စွာ ရှိနေခဲ့သော်လည်း နောက်ပိုင်းတွင် ပိတ်ဆို့ ခံခဲ့ရသည်။ ၁၉၄၇ တွင် ဗမာ နှင့် တိုင်းရင်းသား လူမျိုးစုကြီး သုံးစု တို့ ပင်လုံ သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ဖက်ဒရယ်စနစ်ဟု ပြော၍ရသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်များ ရရှိရန် ပါရှိပြီး ဘေးထွက် သဘောတူညီချက်တရပ်အဖြစ် ခွဲထွက်ခွင့် ပါ ပေးထားခဲ့သည်။
သို့သော် အဆိုပါ သဘောတူညီချက်ကို အပြည့်အဝ အကောင်အထည် ဖေါ်ခြင်း မရှိခဲ့ဘဲ ဖွဲ့စည်းပုံအရ ပေးထားသည့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်အာဏာများကိုပင် ၁၉၆၂ တွင် စစ်တပ်က အာဏာသိမ်းပြီး ဖျက်သိမ်းခံခဲ့ရသည်။ ထို့နောက်ပိုင်းတွင် ပင်လုံ သဘောတူညီချက်ပါ ကတိကဝတ်များ၊ အနာ နှင့် ဆေး မတည့်သည့် ကုထုံးများ သည် အစိုးရများ၊ လူမျိုးစုများ နှင့် စစ်တပ်အပေါ် လွှမ်းမိုးလာခဲ့သည်။
ယခုအခါ ဖက်ဒရယ်ဝါဒကို သက်ဆိုင်သူ အားလုံးက အကောင်အထည်ဖေါ်ရန် ကတိကဝတ် ပြုလာခဲ့ကြပြီ ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရ အကြား နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးကို လက်မှတ်ထိုးသည့် အဆင့်သို့ ရောက်လာခဲ့သည်။ ဤသည်ကလည်း ဒီမိုကရေစီ နှင့် ဖက်ဒရယ် စနစ် အပေါ် အခြေခံသည့်မူများဖြင့် ပြည်ထောင်စု ကြီး ထူထောင်ရန် ကတိပြုချက်များ ပါဝင်ခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။ သို့သော် အသေးစိတ် အချက်အလက်များ နှင့် သဘောတူညီမှု ရရှိဖို့ အတွက်မူ ခြေလှမ်းငယ်လေး အဆင့်သာ ရှိသေးသည်ဟု ဆိုရမည် ဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး ကာလအတွက် ဗဟိုချက်မ ဖြစ်လာရသည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် စစ်မှန်သော ဖက်ဒရယ် ဝါဒ ဖေါ်ဆောင်မည်ဟူသော ကတိပြုချက်ဖြင့် တောင်ပြိုကမ်းပြို အနိုင်ရရှိလာခဲ့သည်။ သို့သော် စစ်တပ်က လွှတ်တော်တွင် ၂၅% နေရာ ရရှိထားသဖြင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးအား ဗီတိုဖြင့် ပယ်ချပိုင်ခွင့် ရှိနေသည်။
အပြစ်ရပ်ရေး လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား အဖွဲ့များသည် လက်နက်ကိုင်ဆောင် ထားကြဆဲ ဖြစ်၍ ဖက်ဒရယ် ဖွဲ့စည်းပုံ ပြောင်းလဲရေး အတွက် နိုင်ငံရေး အရရော၊ စစ်ရေး အရပါ ဆက်လက် လှုပ်ရှားလာခဲ့ကြသည်။ ထို့အပြင် ဖက်ဒရယ်စနစ် အတွက် ဆွေးနွေးမှုများကို မကြာမီကအထိ ပိတ်ပင်ထားခြင်း ခံခဲ့ရသဖြင့် နီပေါ နှင့် နှိုင်းစာလျှင် အသိပညာ ပိုင်းတွင်ကော၊ လူထု ပါဝင်နိုင်မှု အပိုင်းတွင်ပါ ကွာဟချက် များ ရှိနေခဲ့ပြန်သည်။
နီပေါ၏ ၂၀၀၈ ဖွဲ့စည်းပုံ မူကြမ်းသည် စစ်တပ်က တင်းကျပ်စွာ ချမှတ်ပေးထားသော ဘောင် အတွင်းကပင် ပေါ်ပေါက်လာခဲ့ရပြီး ယခုအခါ ဖက်ဒရယ် စနစ် အကောင်အထည် ဖေါ်ရေးအတွက် ရှင်းလင်း ပြတ်သားသည့် အခြေခံ အဖြစ် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
နီပေါ၌ ဖက်ဒရယ်စနစ်အတွက် လမ်းပြမြေပုံအဖြစ် ၂၀၀၆ ခုနှစ်အတွင်း ပြီးပြည့်စုံသည့် ငြိမ်းချမ်းရေး သဘောတူညီချက် နှင့် ၂၀၀၇ ခုနှစ် ယာယီ ဖွဲ့စည်းပုံ ကို ပြဌာန်းနိုင်ခဲ့သည်။ ထိုအထဲတွင် အုပ်ချုပ်မှု စနစ်ကို ပြန်လည် အသွင်ပြောင်းရေးနှင့် နိုင်ငံရေး အရ ပါဝင်နိုင်ခွင့်ရှိမည်ဟု ကတိကဝတ်များ ပါရှိခဲ့သော်လည်း အနာဂတ် ဖက်ဒရယ် စနစ်ဆီသို့ မည်သည့် လမ်းကြောင်းက သွားမည် ဆိုသည့် အသေးစိတ် အချက်အလက် ဟူ၍ အနည်းငယ်သာ ပါရှိခဲ့သည်။ ထိုအရေးကို ၂၀၀၈ ခုနှစ်တွင် ဖွဲ့စည်းပုံ ရေးဆွဲရေးအတွက် ရွေးချယ် တင်မြှောက်ခံရသော လွှတ်တော်က ဆက်လက် ဆောင်ရွက်ပြီး အတည်ပြုပေးခဲ့သည်။
ထိုအချိန်က အိန္ဒိယ နှင့် ကပ်နေသော တောင်ပိုင်းရှိ တီရိုင်း ဒေသတွင် ပုန်ကန်ထကြွမှုများ ဖြစ်ပေါ်လာပြီး ခွဲထွက်ရန် ခြိမ်းခြောက်မှုများ နှင့် ရင်ဆိုင်လာနေရခြင်းကို တုန့်ပြန်သည့် အနေဖြင့် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။ ယင်းနှင့် အတူ ဖွဲ့စည်းပုံ ရေးဆွဲရေး လုပ်ငန်းစဉ်များ တွင် ပြည်သူအများ ပါဝင်နိုင်အောင် လှုံ့ဆော်လာခဲ့သည်။ လူထု ဆွေးနွေးပွဲများ၊ ဒီမိုကရေစီ ဟောပြောမှုများ နှင့် ပညာပေးရေး အစီအစဉ်များ ပြုလုပ်နိုင်ခဲ့သဖြင့် ရလဒ်ကောင်းများ ပေါ်ထွက်ရေး အတွက် အရေးပါသော သက်ရောက်မှု များ ဖြစ်ပေါ်လာခဲ့သည်။ ဤသို့ဖြင့် နီပေါသည် အာဏာရှင် စနစ်၏ အကြွင်းအကျန်များကို ကောင်းစွာ ကျော်လွှားနိုင်ခဲ့ပြီး ဖက်ဒရယ်စနစ် တည်ဆောက်ရေး လုပ်ငန်းစဉ်များ တွင်လည်း မည်သည့် အခန်းကဏ္ဍမှ ပါဝင်လာနိုင်ခဲ့ခြင်း မရှိတော့ပေ။
(၃)
နီပေါ၏ တိုင်းပြုပြည်ပြု လွှတ်တော်သည် နှစ်နှစ်တာ ကာလအတွင်း အရေးကြီးဆုံး ပြဿနာများ အပေါ် သဘောတူညီမှု ရလာခဲ့သည်။ သို့သော် ထားရှိရမည့် ပြည်နယ် အရည်အတွက် နှင့် နယ်နမိတ် ကိစ္စများ အား သဘောတူညီမှု ရရန် အတွက် နောက်ထပ် ငါးနှစ်ခန့် အချိန်ယူခဲ့ရသည်။ နိုင်ငံရေး ပါတီများ အကြား လူမျိုးစုအပေါ် အခြေခံသည့် ဖက်ဒရယ် စနစ် နှင့် သွားမည်လား၊ နယ်မြေပေါ် မူတည် မည့် ဖက်ဒရယ်စနစ် နှင့် လား ဆိုသည်အပေါ် အပြင်းအထန် အငြင်းပွားခဲ့ကြသည်။ ၎င်းတို့က ပြည်နယ်များသည် အသွင်လက္ခဏာ အရရော၊ ရေရှည်တည်တံ့နိုင်မည့် အလားအလာများကို အခြေတည်ပြီး ထည့်သွင်း စဉ်းစားရမည်ဟု ပြောဆိုခဲ့ကြသည်။ နောက်ပိုင်းတွင် လူဦးရေ အရ များသည့် အုပ်စုကြီး၏ ဆက်လက် လွှမ်းမိုးနေနိုင်ရေး အတွက် လော ဟူသော အပြောအဆိုများ အထိ ဖြစ်လာခဲ့သည်။ အဓိက အားဖြင့် ခွဲထွက်မည့် အန္တရာယ် ကို ထည့်သွင်းစဉ်းစားလာကြ၍လည်း ဖြစ်သည်။
နိုင်ငံတွင်းရှိ အတော်များများ က နောက်ဆုံး ထွက်ပေါ်လာသည့် ရလဒ်အပေါ် ကျေနပ်ခဲ့ကြခြင်း မရှိပေ။ တီရိုင် ဒေသ တလျှောက်တွင် မက်ဒစီ ပြည်နယ် တခုတလေမျှ မပါဝင်ခဲ့သည့်အပြင် နိုင်ငံ အနောက်ပိုင်း တွင် မက်ဒစီ ပြည်နယ်ဟူ၍ ထည့်သွင်းထားခဲ့ခြင်း မရှိသောကြောင့်ပင် ဖြစ်သည်။ သို့သော် ထိုသို့ ဖွဲ့စည်း ပေးမည် ဆိုလျှင် ခွဲထွက်မည့် အန္တရာယ်သည် လွန်စွာ ကြီးထွားလာဖို့ ရှိနေသောကြောင့် ဖြစ်သည်။ ထို့အပြင် ၁၉၇၀ ကျော်ကာလများက ကဲ့သို့ ထိုဒေသအား အိန္ဒိယ မှ နယ်မြေ တိုးချဲ့လာမည့် အရေး တဖန်ပြန်ပြီး ဆွပေးသလို ဖြစ်သွားမည် ကို စိုးရွံ့နေကြ၍လည်း ဖြစ်သည်။
မြန်မာတွင် ပြည်နယ် များသည် ကာလကြာမြင့်စွာကပင် ဖွဲ့စည်း ထားခဲ့ပြီး ဖြစ်၍ အပြောင်းအလဲ ပြုလုပ်ရန် ဝိုင်းဝန်း ဆန့်ကျင်ခဲ့ကြသည်။ သို့သော် ဆွေးနွေး ပြောဆိုနေမှုများကတော့ နီပေါလိုပင် ပြင်းထန်ခဲ့သည်။
ထိုအထဲတွင် အံ့ဩတုန်လှုပ်ဖွယ် အဖြစ် ထွက်ပေါ်လာခဲ့သည့် ပြဿနာကား ဗမာ များ အများစု နေထိုင်သည့် ဒေသများကို စုဝေးပြီး ဗမာပြည်နယ်တခု အဖြစ် သတ်မှတ်ပေးရန် အဆိုပြုလာခဲ့ကြခြင်းပင် ဖြစ်သည်။ သို့မှသာ ခေတ်သစ် မြန်မာနိုင်ငံကို တည်ထောင်ပေးခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ ဗမာတကျပ်ရရင်၊ ကရင်တကျပ် ရမယ် ဆိုသော စကားနှင့် ညီမည် ဖြစ်သည်ဟု ဆိုသည်။ သို့သော် ဗမာလူဦးရေသည် နိုင်ငံ၏ သုံးပုံ နှစ်ပုံခန့် ရှိသည်။ ထိုသို့ ဗမာ ပြည်နယ် တခု ဖန်တီးပေးမည်ဆိုက အဓိက လူမျိုးစုကြီးကို အခြေခံလာဖွယ်ရှိသည့် လူမျိုးစု ဖက်ဒရယ်စနစ် သည် ပြိုလဲသွားဖို့ များနေသည်။
ထို့အပြင် မြန်မာ တွင် “ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဇုံများ” လည်း ရှိနေသည်။ အချို့ အုပ်စုများသည် အဆိုပါ ဇုံများ ကို ပြည်နယ်အဆင့်သို့ တိုးမြှင့်ပေးသင့်သည်ဟု ပြောလာကြသည်။ ထိုအထဲတွင် ဝ လူမျိုးစုများသည် ကိုယ်ပိုင် ငွေကြေး စနစ်၊ ကိုယ်ပိုင် ဘာသာစကား နှင့် ကိုယ်ပိုင် စစ်တပ် ဟူ၍ ရှိလာခဲ့သည်။ ဝ တို့သည် လက်ရှိ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး နှင့် ဖွဲ့စည်းပုံ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ပါဝင်ခဲ့ကြခြင်း မရှိပေ။ သို့သော် ငြိမ်းချမ်းရေးကို ရရှိဖို့ဆိုလျှင် ၎င်းတို့ တောင်းဆိုချက်ကို ငြင်းဆန်ရန် ခက်ခဲလာမည် ဖြစ်သည်။
နောက်ထပ် ပြဿနာကြီးကား ပြည်နယ် နှင့် တိုင်း ဒေသကြီး များ အတွက် အာဏာကို ဖက်ဒရယ်စနစ် ဖြင့် မည်သို့ ခွဲဝေကျင့်သုံးမည်နည်း ဆိုသည်ပင် ဖြစ်သည်။ နီပေါ တွင်မူ ပြည်နယ်များသည် အာဏာများကို အတော်လေး ကျယ်ကျယ်ပြန့်ပြန့် ရရှိထားပြီး ကိုယ်ပိုင် ရပ်တည်နိုင်ခွင့် ရှိကြသည်။ မြန်မာ တွင် မူ ပြည်နယ် များသည် အာဏာပိုင်းတွင် အားနည်းပြီး ဥပဒေ ပြဌာန်းပိုင်ခွင့် အမိန့်ထုတ်နိုင်ခွင့် မရှိ၊ ဝင်ငွေခွန် ရရာ ရကြောင်း အခွင့်အလမ်းလည်း နည်းပါးနေရသည်။ နီပေါတွင် အဆိုပါ ကိစ္စများ အပေါ် ကျယ်ကျယ် လောင်လောင် ဆွေးနွေးပြောဆိုခဲ့ကြခြင်း မျိုး မရှိပေ။ ဖွဲ့စည်းပုံ မူကြမ်း အဆင့်ဆင့်တွင် အာဏာ ခွဲဝေရေး အပေါ် အပြောင်းအလဲများ ပြုလုပ်ခဲ့ကြခြင်း မရှိပေ။
မြန်မာတွင်မူ ခွဲထွက်နိုင်မည့် အလားအလာများကို ကာကွယ်နိုင်ရန် အကောင်းဆုံး ပုံစံသည်ကား ပြည်နယ် နယ်နမိတ်များကို ပြန်လည် ရေးဆွဲရမည်သာ ဖြစ်သည်။ ထိုသို့ လှုပ်ရှားမလာနိုင်အောင်လည်း လိုအပ်သော အရင်းအမြစ်များ ဖူလုံလာမည့် အရေးကို ခွင့်မပြုရန် လိုပေသည်။ ဆိုလိုသည်မှာ ဥပဒေပြဌာန်းပိုင်ခွင့် မရှိရန် နှင့် ဖက်ဒရယ် တပ်မတော်တော် ကြီး ဖြစ်ပေါ်လာရန် ပင် ဖြစ်သည်။
တိုင်းဒေသကြီးများ နှင့် ပြည်နယ်များကို လူမျိုးစု အပေါ် အခြေမခံသည့် နယ်နမိတ်များ များ ပြောင်းလဲ နိုင်မှသာလျှင် တန်းတူညီမျှ မှု ရှိမည့် အာဏာ ခွဲဝေရေးကို ခွင့်ပြုနိုင်မည် ဖြစ်သည်။
ဗဟို အစိုးရ အဖွဲ့အစည်းအတွင်း ပြည်နယ်များ အာဏာ ခွဲဝေးယူရေး အပေါ် တွင် အနည်းငယ်သာ ဆွေးနွေးခဲ့ကြသည်။ လွှတ်တော် နှစ်ရပ်စနစ်ကို လက်ခံခဲ့ကြပြီး ဗဟို အစိုးရ အဖွဲ့တွင် ပါဝင်နိုင်ခွင့်ကို လူမျိုးစု ပါတီများ နှင့် ညွှန်ပေါင်း အစိုးရ ပုံစံမျိုး သို့မဟုတ် အချိုးကျ ပါဝင်ခွင့် မျိုး လို မဟုတ်ဘဲ နိုင်ငံရေး ပါတီများ ပါဝင်ခြင်းမျိုး ဖြင့် လက်ခံခဲ့ကြသည်။
(၄)
နီပေါသည် လက်ရှိတွင် ၂၀၁၅ ဖက်ဒရယ် ဖွဲ့စည်းပုံ ကို အကောင်အထည် ဖေါ်လျှက် ရှိနေသည်။ မြန်မာတွင်မူ ထိုသို့ ဖြစ်လာရန် အလှမ်းဝေးနေပေးသေးသည်။ ကတိကဝတ်ပြုထားခဲ့ပြီး ဖြစ်၍လည်း တနေ့တွင် ရှောင်လွှဲ၍ မရ ဖြစ်လာမည်ဟုသာ ယူဆထားသည်။ လက်ရှိ လုပ်ငန်းစဉ်များမှ တီထွင်ဆန်းသစ်မှုများ ပြုလုပ်ရန် လိုအပ်နေပေသေးသည်။
ထို့အတွက် ဒေသဆိုင်ရာ ပုံစံတခု ချမှတ်ဖို့ ထပ်မံပြီး လေ့လာ သုတေသန ပြုလုပ်ရန် လိုအပ်နေဆဲ ဖြစ်သည်။ အခြားသော အာရှ နိုင်ငံများတွင် ဖက်ဒရယ် စနစ် ပိုင်းဆိုင်ရာ စိန်ခေါ်မှုများ ရှိနေဆဲ ဖြစ်သည်။ သီရိလင်္ကာတွင် ယခုထိ ဖွဲ့စည်းပုံ ရေးဆွဲရေး လွှတ်တော် ရှိနေဆဲ ဖြစ်ပြီး ဖက်ဒရယ် တပိုင်းတစ မူကြမ်းတော့ ထွက်ပေါ်လာနေပြီ ဖြစ်သည်။ ဖိလစ်ပိုင် တွင်လည်း ဖွဲ့စည်းပုံပြင်ဆင်ရေးကို စဉ်းစားနေကြပြီ ဖြစ်သည်။ သမ္မတမှ ဖက်ဒရယ်စနစ် တည်ထောင်ရေး နှင့် မူးယစ်ဆေး တိုက်ဖျက်နိုင်ရေး ဆိုသည့် ကတိနှင့် မဲဆွယ်လာခဲ့ပြီး မူကြမ်းကို လူထုကို ချပြနိုင်ခဲ့ပြီ ဖြစ်သည်။ နီပေါ တွင် လူထုကို ပါဝင်ဆွေးနွေးခွင့် ပေးသည့် လုပ်ငန်းစဉ်များ အောင်မြင်စွာ ကျင့်သုံးနိုင်ခဲ့ပြီး မြန်မာတွင်မူ လက်ရှိ ဩဇာအာဏာ ရှိ သူများ အကြား ဆွေးနွေးနေသည့် ပုံစံမျိုးဖြင့် သာ သွားနေဆဲ ဖြစ်သည်။
ကမ္ဘာတဝှမ်းတွင် ဖက်ဒရယ် စနစ် အကြောင်း အခြေအတင် ပြောဆိုလာကြသည့် အခါတိုင်း ခွဲထွက်မည့် အရေးက ရှေ့တန်းတင် စဉ်းစားလာကြရစမြဲ ဖြစ်သည်။ သို့သော် ထိုအရေးကို မည်သို့ ကာကွယ်နိုင်မည် ဆိုသည့်အပေါ် ဦးဆောင်ဦးရွက် ပြုသူများက အသေအချာ ဆန်းစစ်ခြင်း၊ နားလည်ထားခြင်းမျိုး မရှိကြပြန်ပေ။
အာရှတွင် ဖက်ဒရယ် စနစ် အတွက် ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရန် စဉ်းစားကြံဆနေသူများ အားလုံးနည်းပါးက ခွဲထွက်မည့် အရေးကို ဦးတည်လာစေသည့် အရေး ကို တမင် ဖန်တီးနေခြင်းမျိုး မရှိသည်ကို တွေ့ရပေသည်။ ခွဲထွက်မည့် အန္တရာယ်ကြီး မဖြစ်ပေါ်အောင် မည်သို့ အကောင်းဆုံး ကိုင်တွယ် သွားနိုင်မည်နည်း။ ထို့အတွက် ခွဲထွက်မည့် အန္တရာယ် အား မည်သို့ မည်ပုံ နှင့် အဘယ်ကြောင့် ကျရောက်လာနိုင်သည်ကို ဦးစွာ နားလည်အောင် လုပ်ခြင်းသည်သာ အကောင်းဆုံး ဖြစ်သည်။
အတူတကွ ယှဉ်တွဲနေထိုင်ရေး ဖက်ဒရယ်စနစ်သည် ဖြစ်ပေါ်လာမည့် အန္တရာယ်များကို ဖြေရှင်းနိုင်ရမည်။ ထိုအထဲတွင် ခွဲထွက်မည့် အန္တရာယ်က အကြီးမားဆုံးဖြစ်သည်။ မြန်မာ စစ်တပ်မှ ခွဲထွက်ရေး ကို မည်သို့မျှ ဦးတည်နိုင်ခြင်း မရှိမည့် ဖွဲ့စည်းပုံ ကို သဘောကျ နှစ်ခြိုက်လာမည်ဆိုက အခက်အခဲတခု ကို ကျော်လွှားသွား နိုင်ပြီ ဖြစ်သည်။ ထိုသို့ နားလည်ရန်လည်း အတင်းအကျပ် စွန့်လွှတ်ခိုင်းခြင်းမျိုး၊ အင်အားသုံး ပိတ်ဆို့ထား ခြင်းမျိုး ဖြစ်ရန် မလိုဘဲ ပုံစံကောင်း ချမှတ်နိုင်ရန်သာ လိုပေသည်။
ဩစတေးလျ နိုင်ငံ မဲလ်ဘုန်း တက္ကသိုလ် လူမှုရေး နှင့် နိုင်ငံရေး သိပ္ပံဌာနမှ ဒေါက်တာ မိုက်ကယ် ဘရင်း တင်သွင်းသော “The Federalism Debates in Nepal and Myanmar: From Ethnic Conflict to Secession-risk Management” စာတမ်းကို ပြန်ဆိုသည်။