နိုင်ငံတော် အတိုင်ပင်ခံ နှင့် ကာချုပ်အကြား သဘောတူညီချက် ထွက်ပေါ်လာနိုင်ဖွယ် ရှိနေသလော

by Hla Soewai - Dec 19 2020

အဆိုပါ ခေါင်းစဉ် ဖြင့် ဧရာဝတီမှ အင်္ဂလိပ်ဘာသာ ဖြင့် ရေးသားသော အွန်လိုင်း သတင်းတွင် ဒီဇင်ဘာ ၁၆ နေ့စွဲ ဖြင့် ဖေါ်ပြထားသည်ကို ဖတ်ရှုခဲ့ရပါတယ်။

 

သတင်းမှာ ဖေါ်ပြထားတာကတော့ ပြီးခဲ့သည့် သီတင်းပတ် အကုန်ပိုင်းက နှစ်ဖက် တွေ့ဆုံခဲ့တယ်လို့ နေပြည်တော်ရှိ သတင်းစုံ ရပ်ကွက်များကို ကိုးကားရေးသားထားပါတယ်။ ယခုလ မကုန်မီ နောက်တကြိမ် တွေ့ဆုံဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

 

၂၀၁၅ ရွေးကောက်ပွဲ နောက်ပိုင်းမှာ ယခုလို တွေ့ဆုံမှု ရှိခဲ့သော်လည်း ယခုတကြိမ်တော့ နှစ်ဖက်စလုံးက အထူး ရေငုံနှုတ်ပိတ်နေတယ်လို့ ဆိုပါတယ်။

 

နောက်လာမည့် ငါးနှစ်အတွင်း အကောင်အထည် ဖေါ်မည့် ကိစ္စများနှင့် လုံခြုံရေး အရ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် ဒေသများတွင် ရွေးကောက်ပွဲ ပြန်လည် ကျင်းပနိုင်ရေး ကိစ္စများ ပါဝင်နေပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည်သည် နောက်နှစ် အစိုးရသစ် သက်တမ်း အသစ် စတင်သည့်အခါ သူမနှင့် လွန်စွာမှ ထိုက်တန်နေပြီ ဖြစ်တဲ့ သမ္မတ အဖြစ် တာဝန်ယူနိုင်ရန် ကြိုးစားဖို့ ရှိနေပြီး၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ အသက် ၆၄ နှစ် ရှိလာပြီ ဖြစ်တာကြောင့် လာမဲ့နှစ် အတွင်း အနားယူရဖို့ ရှိနေသော်လည်း အနည်းဆုံး သုံးနှစ်အထိ ဆက်လက် ထမ်းဆောင်နိုင်ဖို့ လိုလားနေတယ်လို့ သတင်းများ ထွက်ပေါ် နေပါတယ်။

 

၎င်းတို့နှစ်ဦး၏ ရည်မှန်းချက်များ ပြည့်ဝရေး အတွက် တဦးကို တဦး လိုအပ်နေတယ်လို့ သတင်းက ဆိုပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည် အဖို့ သမ္မတ ရာထူး အတွက် စစ်တပ်၏ ထောက်ခံမှုကို လိုအပ်နေပါတယ်။ ထိုသို့ ဖြစ်လာဖို့က လွှတ်တော်အတွင်း ရွေးကောက်ခံ မဟုတ်တဲ့ စစ်ဖက် ကိုယ်စားလှယ် ၂၅ % မှ ဖွဲ့စည်းပုံ ပုဒ်မ ၅၉ (စ) ကို ပယ်ဖျက်ပေးရမှာ ဖြစ်ပါတယ်။

 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့လည်း သူရဲ့ ရာထူးသက်တမ်းကို တိုးမြှင့်နိုင်ဖို့ကလည်း ဖွဲ့စည်းပုံအရ သမ္မတ မှ အတည်ပြုပေးရမှာ ဖြစ်နေပြန်ပါတယ်။

 

“နေပြည်တော်ရှိ သတင်းရပ်ကွက်များ အဆိုအရ” ဟု ဆိုကာ စစ်တပ်မှ ပုဒ်မ ၅၉ (စ) ကို နောက် ငါးနှစ် အတွက် ဖျက်သိမ်းရန် မလိုဘဲ ဆိုင်းငံ့သည် ပုံစံမျိုး ဖြင့် လျော့ပေါ့ပေးမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ဗိုလ်ချုပ်မှူးကြီး ကို သက်တမ်းတိုးပေးဖို့ ထောက်ခံဖွယ် ရှိသည်ဟု သတင်းတွင် ဖေါ်ပြထားပြန်ပါတယ်။

 

ယင်းကို မိမိဖြစ်စေချင်သလို လိုရာဆွဲ တွေးခေါ်မှုမျိုး ဆိုကာ အချို့က ပယ်ချခဲ့ကြပါတယ်။ ၎င်းတို့အပြောအရ ဗိုလ်ချူပ်ကြီးများ သည် အမြဲလို ခန့်မှန်းရ ခက်သူများ ဖြစ်တယ်ဆိုတဲ့ အချက်ကို ထောက်ပြလာကြပါတယ်။ အချို့ကလည်း အဆိုပါ ဖြစ်စဉ်မျိုးကို အပြုသဘော ဆောင်မှုအဖြစ် အာရုံထား ပြောဆိုခဲ့ကြပါတယ်။

 

အမှန်တကယ်သာ ဖြစ်လာမည် ဆိုက နိုင်ငံ၏ ကာလကြာမြင့်နေပြီ ဖြစ်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အတွက် အတာအဆီးများကို ကျော်လွှားနိုင်မှာ ဖြစ်ပြီး အခြား တိုးတက်ဖြစ်ပေါ်မှုများ အပြင် ဖမ်းဆုပ်ရ ခက်နေတဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ရည်မှန်းချက်လည်း အကောင်အထည် ပေါ်လာနိုင်တယ်လို့ အပြုသဘော ပြောဆိုခဲ့ကြပါတယ်။

 

နောက်ဆုံးတွင် မည်သို့သော ရလဒ်ပင် ထွက်ပေါ်လာစေကာမူ နိုင်ငံရေးသည် ကြွေအံကစားသလိုမျိုး မဟုတ်ပါလောဟု ဧရာဝတီက သတင်း အဆုံးမှာ ရေးသားထားပါတယ်။