ဆီးနိတ် ရှိ ရီပတ်ဘလီကင် ခေါင်းဆောင် မစ်ချ် မက်ကွန်းနယ်မှ ဂျိုး ဘိုင်ဒင်အား တရားဝင် ဂုဏ်ပြု

by Hla Soewai - Dec 17 2020

ကင်တပ်ကီ၏ ရီပတ်ဘလီကင် အထက်လွှတ်တော် အမတ် မစ်ချ် မက်ကွန်းနယ်သည် သမ္မတ ထရန့်၏ ရွေးကောက်ပွဲ အရှုံးကို ပြောင်းပြန် လှန်ရန် ကြိုးပမ်းနေမှုများ မှ လမ်းခွဲလိုက်ပြီး သမ္မတ အဖြစ် ရွေးချယ် ခံထားရသော မစ္စတာ ဂျိုးစက် အာ ဘိုင်ဒင် ဂျူနီယာ အား တရားဝင် ဂုဏ်ပြုချီးကျူးစကား ပြောလိုက်သည်။

 

အမေရိကန် အထက်လွှတ်တော် တွင် ဩဇာအရှိဆုံး မက်ကွန်းနယ်သည် တနင်္လာနေ့တွင် ပြည်နယ် ကိုယ်စားလှယ်များ အားလုံး က တရားဝင် မဲပေးခဲ့ပြီး နောက်တွင် ယခုလို ချီးကျူးစကား တရားဝင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

ထို့အပြင် အမေရိကန်သမိုင်းတွင် ဒုသမ္မတ အဖြစ် ပထမ ဆုံးအကြိမ် အမျိုးသမီး တဦး ပေါ်ထွန်းလာမည့် အရေးကို ဂုဏ်ယူကြောင်း ပြောကြားခဲ့ပြန်သည်။ သမ္မတ ထရန့်၏ လေးနှစ်သက်တမ်း အတွင်း အောင်မြင်မှုများကိုလည်း ချီးကျူး ပြောကြားသွားပြီး ကျန်ရှိသည့် ၎င်း၏ ၃၆ ရက် သက်တမ်း အတွင်း ဆက်လက်ပြီး ပူးတွဲလုပ်ဆောင်သွားမည် ဖြစ်သည်ဟု အထက်လွှတ်တော်တွင် ပြောကြားသွားခဲ့သည်။

 

ဇန်နဝါရီ ၅ ရက် နေ့ အထက်နှင့် အောက်လွှတ်တော် နှစ်ရပ်ပေါင်း ရှေ့တွင် ပြည်နယ် ကိုယ်စားလှယ်များ၏ မဲများကို ဒုသမ္မတမှ တရားဝင် အတည်ပြု ပေးရန် ရှိနေသည့် အခမ်းအနားတွင် သူ၏ ရီပတ်ဘလီကင် အမတ်များအား ပြည်နယ် ကိုယ်စားလှယ်မဲ များကို ကန့်ကွက်ခြင်း မပြုရန်လည်း တိုက်တွန်းလိုက်သည်။

 

အဆိုပါ အတည်ပြုပွဲ အခမ်းအနားတွင် ဒုသမ္မတ မိုက်ပင့်စ်မှ ပြည်နယ် တခုစီရှိ ကိုယ်စားလှယ်များ၏ မဲများကို စစ်ဆေးပြီး တရားဝင်ကြေညာ ပေးသည့်အခါ မိမိတို့ မကျေနပ်သည့် ပြည်နယ် တခု၏ ကိုယ်စားလှယ်မဲကို အထက်လွှတ်တော် အမတ် တဦး နှင့် အောက်လွှတ်တော် အမတ်တဦးမှ ပူးတွဲ လက်မှတ်ထိုး၍ ကန့်ကွက်ပါက အခမ်းအနားကို နှစ်နာရီ ခန့် ရပ်နားပြီး ပြန်လည် ဆွေးနွေးကြရဖို့ ရှိနေသည်။ သို့သော် အောင်မြင်နိုင်သည့် အခွင့်အရေးမှာ မရှိသလောက်ပင် ဖြစ်သည်။

 

မက်ကွန်းနယ်က ထိုသို့ အကျိုးမထူးသော ကန့်ကွက်မှုများ ဖြင့် ပါတီကို အရှက်ရအောင် ပြုလုပ် သလိုသာ ဖြစ်လိမ့်မည်ဟု သတိပေးလိုက်ခြင်း ဖြစ်သည်။ ထို့အတွက် ထရန့်၏ နောက်ဆုံးကျန်ရှိနေသေးသော ကောက်ရိုးမျှင်ကလေးက ပျောက်ကွယ်သွားတော့မည် ဖြစ်သည်။

 

ယခင်က ချီးကျူး ဂုဏ်ပြုကြောင်း ပြောရန် ကျန်ရှိနေသေးသည့် ရုရှားသမ္မတ ပူတင်၊ ဘရာဇီး သမ္မတ ဘော်ဆိုနာယို၊ မက္ကဆီကို သမ္မတ အော်ဘရာဒို တို့ကလည်း အသီးသီး ဂုဏ်ပြုစကား ကို တနေ့တည်းလို ပြောကြားခဲ့ကြပြီ ဖြစ်သည်။

 

ရှေ့နေချုပ် ဝီလျံ ဘားသည်လည်း ရာထူးမှ နှုတ်ထွက်စာ တင်သွင်းခဲ့ပြီ ဖြစ်သည်။ ၎င်းသည် မိမိတို့ တရားရေး ဝန်ကြီးဌာနမှ ရွေးကောက်ပွဲ ရလဒ်ကို ပြောင်းလဲစေနိုင်လောက်သည်အထိ ဖြစ်စေနိုင်သော မဲ မသမာမှုများ တွေ့ရှိခဲ့ခြင်း မရှိဟု တရားဝင် ကြေညာ လိုက်ပြီးနောက် ထရန့်နှင့် လက်တွဲ၍ မရတော့မှန်း သိသဖြင့် နှုတ်ထွက်စာ တင်သွင်းပြီး ရာထူးမှ နှုတ်ထွက်သွားခဲ့ခြင်း ဖြစ်သည်။

 

ကိုးကား ၊ ၊ The New York Times / CNN