အဘယ်ကြောင့် အမေရိကန် ယူနက်စကို မှ နှုတ်ထွက်ရသနည်း နှင့် အခြား သိကောင်းစရာများ

by Hla Soewai - Jul 31 2019

အမေရိကန် ပြည်ထောင်စုသည် ယူနက်စကို အဖွဲ့ကြီးမှ ၂၀၁၈ ဒီဇင်ဘာလ တွင် နှုတ်ထွက်တော့မည်ဟု တရားဝင် ကြေငြာချက်ကို ၂၀၁၇ အောက်တိုဘာလ အတွင်း မှာ ထုတ်ပြန်ခဲ့ပါတယ်။ ထိုကြေငြာချက်တွင် အဆိုပါ အဖွဲ့ကြီးမှ အစ္စရေး အား ဆန့်ကျင်နေမှုများ အပေါ် စိုးရိမ်မကင်း ဖြစ်လာတာကြောင့် ရယ်၊ ယူနက်စကို အပေါ် အမေရိကန် မှ ထည့်ဝင်ရန် ရှိတဲ့ ဒေါ်လာ သန်း ၅၀၀ တင်ရှိနေတာကြောင့် လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဌာန ပြောခွင့်ရ အမျိုးသမီး Heather Nauret က ရည်ညွှန်းပြောဆိုသွားခဲ့ပါတယ်။ သို့သော်လည်း လေ့လာသူ အဆင့်အတန်း နဲ့ ဆက်လက် ပါဝင်သွားမယ်လို့လည်း ဆိုပါတယ်။

ကမ္ဘာကြီးရှိ ဘာသာပေါင်းစုံရဲ့ ယဉ်ကျေးမှု အမွေအနှစ်များကို ထိမ်းသိမ်းရန် တာဝန် ရှိနေတဲ့ အဖွဲ့ကြီးရဲ့ ထိုစဉ်က ညွှန်ကြားရေးမှုးချုပ် အီရီနာ ဘိုကိုဗာ (ဘူလ်ဂေးရီးယား နိုင်ငံသူ) မှ ယင်းသည် ယူနက်စကို အတွက်သာ မက ကုလသမဂ္ဂ အဖွဲ့ကြီး အတွက်ပါ ဆုံးရှုံးမှု ဖြစ်၍ လွန်စွာ စိတ်မကောင်း ဖြစ်ရကြောင်း ပြောဆိုခဲ့ပါတယ်။ (ယခု ညွှန်ကြားရေးမှုးချုပ်သည် အော်ဒရေ အာဇူလေး ဆိုသည့် ပြင်သစ် အမျိုးသမီး ဖြစ်ပါတယ်၊ ၂၀၁၇ တွင် အဆိုပါ နေရာအတွက် ကာတာ နှင့် အီဂျစ်တို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ပြင်သစ်ကို အရေးနိမ့်သွားခဲ့ရပါတယ်၊ စကားချပ်)

အမေရိကန်က အခုလို နှုတ်ထွက်ဖို့ ဗြုန်းစားကြီး ဆုံးဖြတ်ခဲ့တာ မဟုတ်ပဲ အစ္စရေး-ပါလက်စတိုင်း ကိစ္စတွေမှာ အဖွဲ့ကြီးနဲ့ တင်းမာမှုတွေ ဖြစ်နေခဲ့တာ အတော်ကြာနေပြီလည်း ဖြစ်ပါတယ်။ ၂၀၁၁ တွင် ပါလက်စတိုင်းအား တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင်အဖြစ် အဖွဲ့ကြီးမှ ၀င်ခွင့် ပြုခဲ့ပြီးနောက် သမ္မတ အိုဘားမားက ကန့်ကွက်တဲ့ အနေနဲ့ ရံပုံငွေ ထည့်ဝင်မှု ပမာဏကို လျော့ချခဲ့ပါတယ်။ အစ္စရေးကလည်း ၂၀၁၆ တွင် ယူနက်စကို နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းကို ရပ်ဆိုင်းပြစ်ခဲ့ပါတယ်၊ အဓိက အကြောင်းကတော့ ဂျေရုဆလင်ရှိ ဘာသာရေး အထွတ်အမြတ်နေရာများကို ဂျုး များ နှင့် ဆက်သွယ်မှု ရှိနေတာကို အသိအမှတ် မပြုတာကြောင့် လို့ ဆိုပါတယ်။ အနောက်ဘက် ကမ်းပါးရှိ ဟီဘရွန် မြို့ နှင့် သချိုင်း မြေအား ပါလက်စတိုင်း တို့နှင့်ဆိုင်သော ကမ္ဘာ အမွေအနှစ်လို့ တရားဝင်ကြေငြာခဲ့ခြင်းကြောင့် အခြေအနေတွေ ပိုမို ဆိုးဝါးလာခဲ့ပါတယ်။

အမေရိကန်က ယူနက်စကို ကနေ နှုတ်ထွက်တာ ပထမဆုံးတော့ မဟုတ်ပါဖူး၊ အဆိုပါ အဖွဲ့ကြီး တည်ထောင်ပြီး နှစ်ပေါင်း လေးဆယ် အကြာ ၁၉၈၄ မှာ နှုတ်ထွက်ခဲ့ဖူးပါတယ်။ စစ်အေး တိုက်ပွဲကြီး အရှိန်မြင့်နေတဲ့ အချိန် ဖြစ်တာမို့ အကျင့်ပျက် ခြစားမှုများ ရှိနေတယ်၊ ဆိုဗီယက် ဖက်ကို ယိမ်းတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဖြစ်ပါတယ်။ သို့သော်လည်း သမ္မတ ဂျော့ဘွတ်ရှ် လက်ထက် ၂၀၀၃ မှာ ပြန်လည် ၀င်ရောက်ခဲ့ပါတယ်။

ယူနက်စကို သည် ၁၉၄၆ တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ငြိမ်းချမ်းရေး တည်ဆောက်ရန်၊ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရန်၊ ရေရှည် ဖွံ့ဖြိုးမှု စီမံကိန်း များ အကောင်အထည်ဖေါ်ရန်၊ ပညာရေး၊ ကျန်းမာရေး၊ သတင်း ဖလှယ်ရေး များ ဖြင့် ကွဲပြားသော ယဉ်ကျေးမှု အချင်းချင်း ဆက်သွယ်ပေးရေး ဆိုတဲ့ ရည်ရွယ်ချက်များ နဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေး နဲ့ မည်သို့မျှ မသက်ဆိုင်သော်လည်း နိုင်ငံရေး ကိစ္စများ နဲ့ ပထမဦးဆုံး နှုတ်ထွက်သွားတဲ့ နိုင်ငံကတော့ တောင်အာဖရိက ဖြစ်ပြီး ၎င်းတို့ရဲ့ အသားအရောင် ခွဲခြားမှု မူဝါဒကို ဆန့်ကျင်လို့ ဆိုပြီး ၁၉၅၅ မှာ နှုတ်ထွက်သွားခဲ့ပါတယ်။ ၁၉၈၄ နောက်ပိုင်းမှာ ဗြိတိန် နဲ့ စင်္ကာပူလည်း အမေရိကန် နောက်လိုက်ပြီး နှုတ်ထွက်သွားခဲ့ပြန်ပါတယ်။ သို့သော် နောက်ပိုင်းတွင် အားလုံး ပြန်လည် ပါဝင်လာခဲ့ပါတယ်။

ယခုအခါ အစ္စရေးကလည်း အမေရိကန် နောက်လိုက်ပြီး နှုတ်ထွက်မယ်လို့ ပြောလာခဲ့ပါတယ်။

၂၀၁၃ ခုနှစ် အတွင်း ယူနက်စကို မှ အန်နက်စတို ချီဂွေဗာရား အား ကမ္ဘာ၏ သတိတရ ဖြစ်ဖွယ် စာရင်းမှာ ထည့်သွင်းခဲ့တဲ့ အတွက် အငြင်းပွားစရာ ဖြစ်လာခဲ့ပြန်ပါတယ်။

သို့သော် အမေရိကန် က လေ့လာသူ အဖြစ်နဲ့ ယူနက်စကို ရဲ့ လုပ်ဆောင်နေမှုများ ဖြစ်တဲ့ ကမ္ဘာ ပေါ်ရှိ ယဉ်ကျေးမှု အမွေအနှစ်များ ထိမ်းသိမ်းရေး၊ သတင်းလွတ်လပ်ခွင့် များ ပေါ်ထွန်းရေး၊ သိပ္ပံ နှင့်ပညာရေး နယ်ပါယ်များ တွင် ပူးပေါင်းဆောင်ရွက်ရေး အစရှိသည်တို့တွင် မိမိတို့၏ ကျွမ်းကျင်မှု နှင့် အကြံညဏ်များ ဆက်လက်ပေးသွားမယ်လို့ အမေရိကန်က ဆိုပါတယ်။

ယူနက်စကို အဖွဲ့ချုပ်ကြီးသည် ကမ္ဘာတွင် ထိမ်းသိမ်းသင့်သည့် ယဉ်ကျေးမှု အမွေ အနှစ်များ ကို ရံပုံငွေချပေးပြီး ကာကွယ်စောင့်ရှောက်ရာမှာ ကူညီထည့်ဝင်ခဲ့ပြီး ထို့အတွက် ငွေကြေးကို ကုလ အဖွဲ့ချုပ်ကြီးက နှစ်စဉ် ဒေါ်လာ ၄ သန်းအား အမွေအနှစ်များ ရှိရာ နိုင်ငံများကို ခွဲတမ်း ချပေးခဲ့ပါတယ်။ ထို့အတွက် ကမ္ဘာနိုင်ငံ အသီးသီးက မိမိတို့ ရဲ့ ယဉ်ကျေးမှု အမွေ အနှစ်များ ကမ္ဘာက သိရှိရေး၊ ကမ္ဘာလှည့်ခရီးသည်များ အား ဆွဲဆောင်နိုင်ရေး နဲ့ ထိမ်းသိမ်းစောင့်ရှောက်ဖို့ အကူအညီ ရရှိရေး အလုအယက် လျှောက်လွှာတင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ကမ္ဘာပေါ် ရှိ ထိမ်းသိမ်းသင့်သော ယဉ်ကျေးမှု အမွေအနှစ်များ ၂၀ အထက် ရှိတဲ့ နိုင်ငံတွေကတော့ အီတလီ (၅၅)၊ တရုတ် (၅၅)၊ စပိန် (၄၈)၊ ဂျာမဏီ (၄၆)၊ ပြင်သစ် (၄၅)၊ အိန္ဒိယ (၃၈)၊ မက္ကဆီကို (၃၅)၊ ဗြိတိန် (၃၂)၊ ရုရှား (၂၉)၊ အီရန် (၂၄)၊ အမေရိကန် (၂၄)၊ ဂျပန် (၂၃)၊ ဘရာဇီး (၂၂)၊ သြစတေးသျှ (၂၀)၊ ကနေဒါ (၂၀) တို့ ဖြစ်ပါတယ်။

ဒီ အမွေအနှစ်တွေ ထိမ်းသိမ်းဖို့ ထည့်ဝင်ကြတဲ့ နိုင်ငံ အသီးသီးရဲ့ ငွေကြေး ပမာဏ စာရင်း (၂၀၁၉ ဇွန်လ) ကိုပါ လေ့လာနိုင်ဖို့ link မှာ ကြည့်ရှု့နိုင်ပါတယ်။

http://www.unesco.org/…/fac…/WHF-Status-of-Contributions.pdf

http://www.unesco.org/…/MemberStates-Status-of-Contribution…

ယူနက်စကို အဖွဲ့ကြီးရဲ့ ဌာနချုပ်သည် ပြင်သစ် နိုင်ငံ ပဲရစ် မြို့ ရှိ Place de Fontenoy လမ်းတွင် စတင်တည်ထောင်သည့် ၁၉၄၆ မှစ၍ ယခုတိုင် မယိမ်းမယိုင် တည်ရှိနေပြီး အဆိုပါ အဖွဲ့ကြီး၏ လက်အောက်ခံ World Heritage Committee အစည်းအဝေးကို နှစ်စဉ် နိုင်ငံတကာမှာ အလှည့်ကျ ကျင်းပခဲ့ရာမှာ ၂၀၁၆ တွင် ပဲရစ်၊ ၂၀၁၇ တွင် ပိုလန် ရှိ ကရာကိုး၊ ၂၀၁၈ တွင် ဘာရိန်း နိုင်ငံမြို့တော် မနာမား နဲ့ ၂၀၁၉ အတွက် အဇာဘိုင်ဂျန် ရှိ ဘာကူး တို့က အိမ်ရှင် အဖြစ် တာဝန်ယူ လက်ခံ ကျင်းပပေးခဲ့ပါတယ်။

အဆိုပါ ကော်မီတီ မှာ ပါဝင်တဲ့ နိုင်ငံတွေကိုတော့ ယဉ်ကျေးမှု၊ ပထ၀ီအနေအထား နဲ့ ခြောက်နှစ်တကြိမ် အချိုးကျ ရွေးချယ်ခဲ့ကြပါတယ်။

အဓိက ရံပုံငွေ ထောက်ပံ့ရာ ကုလသမဂ္ဂသို့ ထည့်ဝင်မှုများသည် အဆိုပါ နိုင်ငံများရဲ့ GNP (Gross National Product) လို့ ခေါ်တဲ့ နိုင်ငံ တနိုင်ငံရဲ့ အသားတင် ၀င်ငွေ ပေါ် မူတည်ပြီး ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးက အဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံ အတွက် မည်သူမည်မျှ ထည့်ဝင်ရမယ်ဆိုတာ သုံးနှစ်တကြိမ် ဆုံးဖြတ်ပေးတာ ဖြစ်ပါတယ်။

ဝင်ငွေအရ အမေရိကန်သည် ထည့်ဝင်ငွေ ၂၂% ဖြင့် အမြင့်ဆုံး ဖြစ်နေပြီး၊ ဒုတိယ လိုက်သူကတော့ ၉.၆၈% နဲ့ ဂျပန် ဖြစ်ပြီး၊ တရုတ်က ၇.၉၂% နဲ့ တတိယ၊ ဂျာမဏီက ၆.၃၈၉%၊ ပြင်သစ်သည် ၄.၈၅၉%၊ ဗြိတိန် က ၄.၄၆၃% နဲ့ ထည့်ဝင်သူ ထိပ်တန်း ၅ နိုင်ငံ စာရင်းမှာ ပါဝင်နေပါတယ်။ (ဖေါ်ပြပါ ဇယားတွင် ရှု့နိုင်ပါသည်)

ဖွံဖြိုးမှု အနည်းဆုံး နိုင်ငံတွေက အနည်းဆုံး ပမာဏ ၀.၀၁% သာ ထည့်ဝင်ရပါတယ်။

ဒီအတွက် ကုလသမဂ္ဂ ဘတ်ဂျက် ကို အများဆုံး ထည့်ဝင်တဲ့ နိုင်ငံ ၂၀ သည် ဘတ်ဂျက်၏ ၈၃.၇၈% ထည့်ဝင်ပြီး ကျန်တဲ့ ၁၇၃ နိုင်ငံကတော့ ၁၆.၂၂% သာ ထည့်ဝင်ပါတယ်။

ကုလရဲ့ နှစ်စဉ် ဘတ်ဂျက်ကတော့ ဒေါ်လာ ၅.၆ ဘီလီယံ ဖြစ်ပါတယ်ဆိုတာ ဗဟုသုတ အဖြစ် တင်ပြလိုက်ရပါတယ်။

https://factly.in/united-nations-budget-contributions-by-m…/

ကိုးကား ။ ။ The Atlantic Journal / UNESCO Pages/ International Fact Checking Network