တရုတ်-အမေရိကန် စစ်ကြီး ဖြစ်ခဲ့စဉ်က

by Hla Soewai - Dec 13 2020

လွန်ခဲ့သော နှစ်ပေါင်း ၇၀ ဒီဇင်ဘာလ ထဲတွင် မော်စီတုန်း၏ လယ်သမား များနှင့် ဖွဲ့စည်းထားသော စစ်တပ်ကြီးကြောင့် အမေရိကန်တို့အဖို့ သမိုင်းတွင် အထိနာခဲ့ရဆုံး စစ်ပွဲကြီး ဖြစ်သွားခဲ့ရပေသည်။

 

နှစ်ပတ်အတွင်းမှာပင် မော်စီတုန်း၏ “ဗော်လံတီယာ” များက အမေရိကန် တပ်များ နှင့် မဟာမိတ်များ စုစုပေါင်း အင်အား ၃၅၀,၀၀၀ ကို ယခု မြောက်ကိုရီယား နယ်မြေ အပြင်ဖက်သို့ မောင်းထုတ်နိုင်လိုက်ကြသည်။ အမေရိကန်တပ်များ သည် တရုတ်နယ်ခြား အနီးမှ ကုန်းလမ်း နှင့် ပင်လယ်ဖက်မှ တဆင့် အလျှင်အမြန် ဆုတ်ခွာပေးခဲ့ကြရသည်။ နှစ်ပတ်အတွင်း တရုတ်ဖက်မှ အကျအဆုံး များစွာ ရင်ဆိုင်ခဲ့ရသော်လည်း စစ်ပွဲသည် နောက်ထပ် သုံးနှစ်ကြာအောင် ဆက်လက်ဖြစ်ပွားနေခဲ့သည်။ (ယခုထိလည်း တရားဝင် ပြီးဆုံးခဲ့ခြင်း မရှိသေးပေ) သို့သော် အမေရိကန် ဦးဆောင်သည့် ကုလသမဂ္ဂ တပ်ဖွဲ့သည် ကိုရီးယား ကျွန်းဆွယ်အား တပေါင်းတစည်း တည်း ဖြစ်အောင် ပြုလုပ်ရန် မည်သည့်အခါမျှ ခြိမ်းခြောက်မလာရဲတော့ပေ။

 

ထိုသို့ အမေရိကန်တို့ အရှက်တကွဲ ရှုံးနိမ့်သွားခဲ့ရမှုသည် ကိုရီယားစစ်ပွဲ၏ မဟာသူရဲကောင်းကြီး ဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီး ဒေါက်ဂလပ်စ် မက်အာသာ ကြောင့် ပို၍ ဆိုးဝါးသွားခဲ့ရသည်။ ဗိုလ်ချုပ်ကြီး မက်အာသာ မှ ထို့မတိုင်မီ နှစ်ပတ်ကပင် တရုတ်တပ်များ ယာလု မြစ်ကို ဖြတ်ကျော်နိုင်စွမ်း ရှိမည်မဟုတ်ဟု သမ္မတ ထရူးမင်းကို အာမခံ ခဲ့ပြီး ဖြစ်သည်။ သို့သော် စစ်ယူနီဖောင်းဆို၍ မယ်မယ်ရရ မရှိ၊ အပူချိန် - ၃၀ ဒီဂရီ မျှ အေးခဲနေသည့် အချိန်တွင်ပင် ရိုးရိုးချည်ထည် အဝတ်နှင့် ကင်းဗတ်ဖိနပ်ကိုသာ ဝတ်ဆင်ထားကြသော တရုတ်စစ်သားများသည် ယာလု မြစ်ကို တကယ်တမ်း ဖြတ်ကူးလာချိန်အထိ အမေရိကန် တပ်မှူးများက အလေးအနက် ထားရကောင်းမှန်း မသိဘဲ “ခဝါသည် အဖွဲ့”ဟု ပင် လှောင်ပြောင် ခေါ်ဆိုနေကြဆဲ ဖြစ်သည်။

 

အမေရိကန်တို့၏ လုပ်ရိုးလုပ်စဉ် မောက်မာခဲ့မှုများ ကြောင့် တရုတ်သမ္မတ ရှီကျင့်ဖျင်မှ ပြီးခဲ့သည့် အောက်တိုဘာလ ကျင်းပခဲ့သော အောင်ပွဲရ နှစ် ခုနှစ်ဆယ်ပြည့် အခမ်းအနားတွင် ၎င်းတို့အား ရွံရှာစွာ ပြောဆို ရှုတ်ချခြင်းကို ခံလိုက်ကြရလေသည်။ ဒုတိယ ကမ္ဘာစစ်ကြီး အပြီးတွင် အခြား မဟာမိတ် နိုင်ငံများထက် အကျအဆုံး နည်းပါးစွာ အောင်ပွဲခံ နိုင်ခဲ့သော အမေရိကန် တပ်များသည် ၁၉၅၀ တွင် သွေးနားထင် ရောက်လျှက် ရှိနေကြပြီး အာရှတိုက်သားများ ကို လူမထင် သည့် အဖြစ်မှာ အန္တရာယ်များစွာအတွင်း ချည်းနင်း ရောက်ရှိလာခဲ့သလိုဖြစ်ခဲ့သည်။ (ဒုတိယ ကမ္ဘာစစ်အတွင်း အမေရိကန် တို့ ကျဆုံးခဲ့သည့် အရည်အတွက် ကို ဖြစ်ပေါ်နေသောကိုဗစ် မှ စံချိန်ချိုးသွားနိုင်ခဲ့ပြီ ဖြစ်သည်) ယခု အခါတွင်လည်း ၎င်းတို့၏ သမ္မတ ဖြစ်သူမှ ရွေးကောက်ပွဲကို ပြန်လည် ခိုးယူရန် ကြိုးပမ်းခဲ့မှုများကြောင့် လွန်စွာ အရှက်ရနေပြီ ဖြစ်သော အမေရိကန်သည် တရုတ်နှင့် ပထမဆုံး တကြိမ်သာ ဖြစ်ပွားခဲ့သော စစ်ပွဲအထိမ်းအမှတ်အား မည်ကာမတ္တာမျှသာ အသိအမှတ် ပြုခဲ့ခြင်းသည် အံ့ဩစရာ တော့ ဖြစ်မလာခဲ့ပေ။

 

ရှက်၍ဟု တော့ ပြော၍မရ၊ အမေရိကန်တို့သည် သူတို့၏ အောင်ပွဲများ၊ ရှုံးနိမ့်ခဲ့ရမှုများကို လူသိရှင်ကြား ထုတ်ပြောလေ့ မရှိပေ။ ဒီမိုကရေစီ သည် လူထုအား စစ်ရေးစစ်ရာ အမြင်များဖြင့် စုစည်းစရာ မလို၍ ကျောင်းများတွင်လည်း စစ်သမိုင်းကို သင်ကြားပို့ချခြင်းလည်း မရှိပြန်ပေ။

 

ကိုရီးယား စစ်ပွဲ ဖြစ်ပွားခဲ့စဉ်က နျူကလီးယား ခေတ်ကြီးထဲ ဝင်ရောက်လာပြီ ဖြစ်၍ “ကန့်သတ်စစ်ပွဲ” ဟု သာ ယူဆခဲ့ကြသည်။ သို့သော် ထိုစစ်ပွဲကား နှစ်ဖက်စလုံး အတွက် သတိကြီးစွာ ထားရမည့် သင်ခန်းစာ များ ရရှိခဲ့ကြသည့်အထဲတွင် အင်အားကြီး နိုင်ငံများ၏ တာရှည်ခံ အရည်အချင်း တရပ် ဖြစ်သော မိမိတို့ အမှားကို မိမိတို့ ပြန်လည်ပြင်ဆင်နိုင်စွမ်းလည်း အပါအဝင် ဖြစ်သည်။

 

ထိုအကြောင်းကို သိသာထင်ရှားစေရန် အသက် ၉၁ နှစ် အရွယ်ရှိ အမေရိကန် မရိမ်းတပ်သားအိုကြီး တဦးဖြစ်သော ဂျက် လူးကက်၏ စစ်ပွဲ အတွေ့အကြုံ ကို ဆောင်းပါးတွင် ဖေါ်ပြထားခဲ့သည်။

 

၁၉၅၀ နိုဝင်ဘာ ၂၇ ရက်ညတွင် လူးကက် သည် မက်အာသာ ချီတက်ရာ လမ်းကြောင်း၏ မြောက်ဖက် အစွန်ဆုံးနှင့် ကပ်နေသည့် ချိုစင် ရေလှောင်ကန်ကြီးကို စီးမြင်နေရသော တောင်ကြောတွင် နေရာယူထားသည်။ ပေါက်ကွဲမှုများကြောင့် အိပ်နေရာမှ နိုးလာသော လူးကက်သည် ချဉ်းကပ်လာနေသော တရုတ်စစ်ကြောင်းမှ စစ်သား ရှစ်ဦးကို လွှတ်တင်ထားသော မီးကျည် များ အကြားတွင် မှုံမှုံဝါးဝါး လှမ်းမြင်လိုက်ရသည်။ “ကျုပ်တို့ဖက်က စပြီး ပစ်ပေမဲ့ သူတို့က တက်လာမြဲ တက်လာနေကြတုန်းပဲ၊ ပါးစပ်ကလည်း စစ်ခရာတွေ မှုတ်၊ ပြန်ပစ်ရင်းက တောင်ကြော တဖက်တချက်ကို နေရာယူလိုက်ကြတာ တွေ့လိုက်ရတယ်"

 

မော်စီတုန်း၏ ထောက်လှမ်းရေး အကြီးအကဲ များက အမေရိကန်တို့သည် စစ်လက်နက် အင်အား အသားစီး ရနေသော်လည်း စစ်ကို တိုက်လိုစိတ် မရှိကြကြောင်း အာမခံ ပြောထားခဲ့ပြီးလည်း ဖြစ်သည်။ နောက်ပိုင်း ၁၇ ရက်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲကြီးတွင် လူးကက်သည် နှင်းကိုက်သည့် ဒဏ်ကြောင့် သေနတ်မောင်းကို ကွေးလို့မရသည့်အထိ ကြံ့ကြံ့ခံ ခုခံသွားခဲ့သည်။ နောက်ဆုံး တရုတ်တို့ဖက်မှ တပ်အင်အား ၁၂၀,၀၀၀ ဖြင့် ဝိုင်းရံလာနေသည့်ကြားမှ မရိမ်း တပ်မဟာ (၁) သည် ဖေါက်ထွက်လာနိုင်ခဲ့ပြီး ရေခဲများ ဖုံးလွှမ်းနေသော တောင်များကို ဖြတ်ကာ သူရဲကောင်း ပီသစွာ ဆုတ်ခွာလာနိုင်ခဲ့ကြသည်။

 

ထိုတိုက်ပွဲကြီး တွင် အမေရိကန် မရိမ်းတပ်သားများ နှင့် ဗြိတိသျှ တပ်ရင်းတခုမှ စစ်သည်များ အကြီးအကျယ် ထိခိုက် ကျဆုံးသွားခဲ့ရသည်။ လူးကက်၏ လူ ၂၅၀ ပါ တပ်စိတ်တွင် ဆယ့်တစ်ဦးသာ အသက်ရှင်ကျန် ရစ်ခဲ့သည်။ ကျဆုံး ဒဏ်ရာရသူများကို ရွှေ့ပြောင်းသယ်ထုတ်လာခဲ့ရင်းက တရုတ်တို့ ဖက်ကို ပို၍ အကျအဆုံးများစွာ ရရှိအောင် တွန်းလှန်နိုင်ခဲ့ကြသည်။ လူးကက်၏ မရိမ်း တပ်မဟာ (၁) သည် တရုတ် တပ်မဟာ (၇) ခုအား ပြိုပျက်သွားအောင် ပြုလုပ်နိုင်ခဲ့ကြသည်။

 

အမေရိကန်တို့ ဆုတ်ခွာလာခဲ့ရမှု ကို ပြန်လည် သုံးသပ်ခဲ့ကြရာတွင် အမေရိကန်တို့ မည်သို့ မည်ပုံ စစ်အင်အား အသာစီးဖြင့် ရှိသင့်သည်ကိုသာ အဓိက ထား ဆွေးနွေးခဲ့ကြသည်ဟု ဗြိတိသျှ သမိုင်း ပညာရှင် မက်စ် ဟေစတင်က ပြောခဲ့သည်။ အမေရိကန် စစ်အင်အား ကို အကန့်အသတ်နှင့်သာ သုံးရန် ဝိုင်းဝန်း နားချခဲ့မှု ကို ဗိုလ်ချုပ်ကြီး မက်အာသာ က လက်မခံဘဲပယ်ချခဲ့သည်။ နောက်ပိုင်းတွင် သူ၏ အသုံးမကျခဲ့မှုမှာပို၍ သိသာလာခဲ့ရသည်။ မက်အာသာ သည် တရုတ်ပြည်အား အနုမြူဗုံး ကျဲချရန်အထိ ထရူးမင်းအား တောင်းဆိုလာခဲ့သော်လည်း ထရူးမင်းက ငြင်းဆန်ခဲ့သဖြင့် မက်အာသာ သည် တဖက်လှည့်ဖြင့် ကွန်ဂရက်ရှိ သူ့အား ထောက်ခံနေသော ရီပတ်ဘလီကင် အမတ်များထံ ချဉ်းကပ်ပြောဆိုလာသဖြင့် ၎င်းကို ရာထူးမှ ဖယ်ရှားပြစ်ခဲ့ရသည်။ ယင်းနှင့်အတူ ထရူးမင်းသည်လည်း ဒုတိယ သက်တမ်းကို ပြန်လည် အရွေးမခံခဲ့ရတော့ပေ။ သို့သော် ထရူးမင်းသည် အမေရိကန် အရပ်ဖက်-စစ်ဖက် ဆက်ဆံရေး ကို စံနမူနာပြ ချမှတ်သွားနိုင်ခဲ့သည်။

 

ထရူးမင်းအပြီး ဆက်ခံခဲ့သော ရီပတ်ဘလီကင် သမ္မတ အိုက်စင်ဟောင်ဝါသည်လည်း ထရူးမင်း လမ်းစဉ်ကိုသာ လိုက်နာကျင့်သုံးခဲ့သည်။ နောက်ပိုင်း ပို၍ ထက်မြက်သော စစ်ဖက်ခေါင်းဆောင်မှု အရည်အသွေးကြောင့် အခြေအနေကို ထိန်းချုပ်နိုင်ခဲ့သည်။ အမေရိကန် နှင့် တရုတ်တို့လည်း ၎င်းတို့၏ မူလ ရည်မှန်းချက် ဖြစ်သော ကိုရီးယားကို အသီးသီး ရယူသွားနိုင်ခဲ့သည်။ ယင်းနှင့် အတူ တောင်ကိုရီယားသည် နှစ်ဆယ် ရာစုနှစ်၏ အအောင်မြင်ဆုံး ပြယုဒ်တခု အဖြစ် ထွက်ပေါ်လာနိုင်ခဲ့သည်။ တရုတ်တို့ဖက်ကလည်း အာရှတွင် အမေရိကန်၏ ခြေလှမ်းများကို မြောက်ကိုရီယားအား ကြားခံထား၍ ဟန့်တားနိုင်လိုက်သည်။ အမေရိကန် ဖက်မှ ၄၀,၀၀၀ ခန့် ကျဆုံးခဲ့ရသော်လည်း တရုတ်တို့ဖက်မှ ထို့ထက် ဆယ်ဆ မက ရှိလိမ့်မည်ဟု ခန်မှန်းထားခဲ့ကြသည်။

 

အမေရိကန်တို့သည် ၎င်းတို့၏ ဒီမိုကရေစီ စနစ်ကြောင့် နေ့စဉ်နှင့် အမျှ ပြဿနာ ပေါင်းသောင်း ခြောက်ထောင် ဖြင့် နပမ်းလုံးနေရသောကြောင့် အတိတ်ကို ပြန်သွားရန် အချိန်မရတော့ပေ။ ထိုသို့ ဖြစ်လာ ရသည့် အနေအထား ကပင် အမေရိကန်တို့ အတွက် အင်အားတရပ် ဖြစ်လာခဲ့ရသည်။

 

အမေရိကန် တို့ အဖို့ တရုတ်နှင့် ဖြစ်ပွားခဲ့ရသော စစ်ပွဲမှ အရေးကြီးသော သင်ခန်းစာ နှစ်ရပ် ရရှိလာခဲ့သည်။ တဦးကို တဦး အမှန်အတိုင်း သိနားလည်နိုင်မှု မရှိခဲ့ခြင်းကြောင့် တဖက်နှင့် တဖက် ကြောက်စရာ ကောင်း လောက်အောင် လျော့တွက်ခဲ့ကြသည်။ တဖက်နှင့် တဖက် သတ်မှတ်ထားသော မကျော်ရဟူသည့် စည်းများ ကိုလည်း နားမလည်ခဲ့ကြသဖြင့် ကာရံထားသော တိုက်ကြိုးများကို ထိကာ ပဋိပက္ခကြီး အဖြစ် ပြောင်းလဲ သွားခဲ့ရခြင်း လည်း ဖြစ်သည်။

 

လက်ရှိ အနေအထားမှာတော့ ထိုအချိန်ကနှင့်စာလျှင် လုံးဝခြားနားလာခဲ့ပုံရှိသည်။ နိုင်ငံနှစ်ခုအကြား အပြန်အလှန် မှီခိုနေရမှု နှင့် နှစ်ဦးနှစ်ဖက် အခြေအနေကို သဘောပေါက်နေမှုများ ရှိလာနေသော်လည်း တဦးပေါ်တဦး လျော့တွက်နေမှု၊ နားလည်မှု လွဲမှားနေမှုများက ယခုတိုင် ရှိနေဆဲဖြစ်ပြီး ပြိုင်ဆိုင်မှုများ ကြီးထွားလာသည်နှင့် အမျှ ပို၍ ပင် တိုးပွားလာစရာ ရှိနေရပေသည်။

 

(၂၀၂၀ ဒီဇင်ဘာ ၁၀ ရက်နေ့ထုတ် အီကော်နော်မစ် မဂ္ဂဇင်း ပါ “When America and China went to war” ဆောင်းပါး မှ ကောက်နှုပ်တင်ပြသည်)