မြန်မာ၏ ကိုဗစ် ကာကွယ်ဆေး ရရှိမှု အနေအထား

by Hla Soewai - Dec 11 2020

နိုင်ငံ လူဦး၏ ၂၀ ရာနှုန်း အတွက် လုံလောက်မည့် ကိုဗစ် ကာကွယ်ဆေးကို လာမည့် နှစ်အတွင်း ကမ္ဘာကျန်း မာရေး အဖွဲ့၏ COVAX အစီအစဉ် ဖြင့် ရရှိနိုင်မည်ဟု ကျန်းမာရေး ဝန်ကြီး ဦးမြင့်ထွေးက တနင်္လာနေ့မှာ ပြောသွားခဲ့ပါတယ်။ COVAX သည် ကာကွယ်ဆေး ဖေါ်စပ်ရန် နှင့် နိုင်ငံအားလုံး ညီတူမျှတူ ရရှိနိုင်ရေး နိုင်ငံတကာ ပရိုဂရမ် တခု ဖြစ်ပါတယ်။

 

ထို့အတွက် COVAX အစီအစဉ်နှင့် ပူးတွဲ လုပ်ဆောင်နေတဲ့ ဆွစ်ဇာလန် အခြေစိုက် GAVI နဲ့ မြန်မာဖက်က ပေးရမယ့်ကုန်ကျစရိတ်၊ ရရှိနိုင်မည့် ပမာဏ၊ ဦးစားပေး အဆင့်၊ ပို့ဆောင် သိုလှောင်ရေး၊ နိုင်ငံအတွင်းရှိ ဆေးရုံ ဆေးခန်းများ အထိ ဖြန့်ဝေနိုင်မှု အစရှိသည့် လုပ်ငန်းများ အတွက် လာမည့်နှစ် ဧပြီလ အတွင်း စတင်နိုင်ဖို့ အစီအစဉ်များ ရေးဆွဲထားပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

 

ပထမ နှစ်မှာ လူဦးရေ ၂၀ ရာနှုန်းအတွက်သာ ရရှိနိုင်ဦးမှာ ဖြစ်လို့ လူ ငါးယောက်လျှင် တယောက် နှုန်း ထိုးနိုင်မှာ ဖြစ်ပါတယ်။ ဆေးကလည်း တချိန်တည်းမှာ စုပြုံရောက်ရှိလာနိုင်မယ့် အနေအထား မရှိသေးပါဘူး။ GAVI ဖက်ကလည်း မြန်မာ အတွက် ဈေးနှုန်း ချိုချိုသာသာ သို့မဟုတ် အခမဲ့ ပေးနိုင်ရန် စီစဉ်နေတယ်လို့ သိရပါတယ်။

 

အမျိုးသား ကာကွယ်ဆေး ဆိုင်ရာ အကြံပေး ဘုတ်အဖွဲ့မှ ဒေါက်တာ စောဝင်း အဆိုအရ GAVI မှ လူတဦး အတွက် ၅ ဒေါ်လာ နဲ့ ရအောင် ရောင်းချပေးဖို့ ရှိနေပြီး ၂၀၂၁ ဒုတိယ လေးလ ပတ် ကာလအတွင်း လူဦးရေ၏ ၃%၊ ၂၀၂၁ နှစ်ကုန်ပိုင်းတွင် ၁၇% ထိုးပေးနိုင်ဖို့ ရှိတယ်လို့ သိရပါတယ်။ ဒီအတွက် လိုအပ်တဲ့ အဆိုပြုချက်တွေကို GAVI ထံ တင်သွင်းလိုက်ပြီလို့ လည်း ဆိုပါတယ်။

 

ဦးစားပေး အဖြစ် လူနာများ နှင့် ထိတွေ့ဆက်ဆံနေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ပျံ့နှံ့မှု အပေါ် မူတည်ပြီး ရောဂါဒဏ် ခံနိုင်ရည် မရှိတဲ့ သက်ကြီး ရွယ်အိုများကို ဦးစားပေး ထိုးပေးဖို့ ရှိတယ်လို့ ဝန်ကြီးက ပြောပါတယ်။

 

GAVI က ထောက်ပံ့ပေးမှုအပြင် နိုင်ငံတော်မှလည်း မိမိတို့ ငွေအား၊ ကမ္ဘာဘဏ် ချေးငွေများ အသုံးပြုပြီး ကာကွယ်ဆေးကို ဝယ်ယူဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ တဖက်ကလည်း ဆေးထုတ်လုပ်တဲ့ နိုင်ငံတွေ၊ ကုမ္ပဏီတွေ နဲ့ တိုက်ရိုက် ဆက်သွယ် ဝယ်ယူနိုင်ဖို့ နှစ်ဖက် သဘောတူညီချက် တွေ ရရှိအောင် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

 

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကတော့ ရုံးပိတ်ရက်များတွင် အပြင်မထွက်ဘဲ အိမ်တွင်းမှာ နေကြဖို့ သတိပေးနေပါတယ်။ ဒေါက်တာစောဝင်းမှ ကာကွယ်ဆေး ထွက်ရှိလာသော်လည်း ၂၀% လောက်သာ ထိုးပေးနိုင်ဦးမှာမို့ ကျန် ၈၀% အဖို့ အန္တရာယ် ရှိနေဆဲ ဖြစ်လို့ သတိဝိရိယ နဲ့ နေဖို့ တိုက်တွန်းခဲ့ပါတယ်။

 

လက်ရှိမှာ ကာကွယ်ဆေး ၅၈ မျိုးကို စမ်းသပ်နေတဲ့ အဆင့် ရှိနေပြီး မနေ့က ဗြိတိန် တွင် အသက် ၉၁ အရွယ်ရှိ အဖွားအို တဦးအား ဖိုင်ဇာ ကာကွယ်ဆေးကို စတင် ထိုးပေးလိုက်ခြင်းဖြင့် ဗြိတိသျှ တို့၏ ကိုဗစ် ကာကွယ်ဆေး ထိုးပေးတဲ့ အစီအစဉ်ကို စတင်လိုက်ပြီ ဖြစ်ပါတယ်။ ထိုလူများအား နောက်ထပ် ၂၁ ရက် ခြားပြီး နောက်တကြိမ် ထပ်မံ ထိုးပေးရဦးမှာ ဖြစ်ပါတယ်။ အထိုးခံပြီးသူများထဲက နှစ်ဦးသည် ဓါတ်မတည့်တဲ့ allergy လက္ခဏာတွေ ဆိုးဆိုးဝါးဝါး ပြလာပေမယ့် ပြန်လည် ကျန်းမာလာတယ်လို့ ဗြိတိသျှ အမျိုးသား ကျန်းမာရေး National Health Service (NHS) က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

 

အချို့ ကာကွယ်ဆေး ထုတ်လုပ်တဲ့ ကုမ္ပဏီများက ၎င်းတို့၏ ဆေးသည် ၉၀% ထိရောက်မှု ရှိနေတယ်လို့ ဆိုပေမယ့် Oxford-AstraZeneca ဆေးသည် ၇၀% သာ ထိရောက်မှု ရှိတာကို တွေ့ရှိခဲ့ရတယ်လို့ လေ့လာစောင့်ကြည့်ရေး အဖွဲ့၏စစ်တမ်းကို မနေ့က ထုတ်ပြန်လိုက်ပါတယ်။ ယူအေအီးမှာ နောက်ဆုံးအဆင့် စမ်းသပ်ခံ ထိုးနေတဲ့ တရုတ် ကာကွယ်ဆေး Sinophram မှာ ၈၆% အထိ ထိရောက်မှု ရှိကြောင်း သတင်းထုတ်ပြန်တယ်လို့ ဝေါစထရိ ဂျာနယ်မှာ ဖေါ်ပြထားပါတယ်။ သို့သော် ကာယကံရှင် ကုမ္ပဏီကတော့ ယူအေအီး ၏ ဝမ်းသာအားရ ကြေညာချက် အပေါ် မေးမြန်းလာသမျှကို မည်သို့မျှ ထင်မြင်ချက် မပေးဘဲ ရေငုံနှုတ်ပိတ်နေတယ်လို့ ဆိုပါတယ်။ ထိုဆေးကို တရုတ်ပြည်တွင်း လူတသန်း ခန့် ထိုးပြီး ဖြစ်သော်လည်း ထိရောက်မှု ရှိမရှိ၊ စိတ်ချရမှု ရှိမရှိ ဘာသတင်းမှ ထုတ်ပြန်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။ Sinophram ကာကွယ်ဆေးကတော့ အပူချိန် ၂ ဒီဂရီ နှင့် ရှစ် ဒီဂရီ ဆဲလ်ရှပ်စ် မှာ သိုလှောင်ထားလို့ ရတယ် လို့ ပြောခဲ့ပါတယ်။

 

နိုင်ငံတကာ သိပ္ပံပညာရှင်များအနေနဲ့ ၅၀% ကျော်ရင် လူထု ကို ကာကွယ်ဖို့ သုံးရန် လိုအပ်တယ်လို့ ယူဆထားကြပါတယ်။

 

မြန်မာပြည်တွင် ကိုဗစ် သည် ဆူနာမီအလား အရှိန်အဟုန်ပြင်းစွာ ဖြင့် ထိုးဖောက်လျှက် ရှိနေသည်ဟု ပြောဆိုနေကြပြီး ကနေဒါရှိ ကျွန်တော်နေထိုင်ရာ ပြည်နယ်မှာတော့လူဦးရေ ၄.၄ သန်း ရှိသော်လည်း နေ့စဉ် ကူးစက်မှုသည် ပျှမ်းမျ ၁,၈၀၀ ခန့် ရှိနေတဲ့ အတွက် မြန်မာနဲ့ စာရင် အပုံကြီး ဆိုးနေတယ်လို့ ပြောလို့ရပါတယ်။ သို့သော်လည်း နောက်တပတ်အတွင်း ဖိုင်ဇာ ဆေးကို ကျန်းမာရေး ဝန်ထမ်းများကို စထိုးပေးတော့မယ်လို့ ဒီနေ့ကြေညာ သွားပါတယ်။

 

(အချက်အလက်များကို Coconut News / Wall street Journal မှ ထုတ်နှုတ်တင်ပြသည်)