(၂၀၂၀ ဒီဇင်ဘာ ၈ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာ တွင် ဒေါက်တာ Nehginpao Kipgen ရေးသားသော ဆောင်းပါး ဖြစ်သည်)
မြန်မာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့် ဒု ဦးစီးချုပ်တို့သည် စစ်တပ်မှ အသက် ၆၅ နှစ် ပြည့်လျှင် အနားယူရမည်ဟု တပ်မတော် အက်ဥပဒေ ဖြင့် ပြဌာန်းထားရှိခဲ့ပြီး ဖြစ်သည်။ အဆိုပါ အက်ဥပဒေအား ၁၉၅၉ တွင် စတင်ပြဌာန်းခဲ့ခြင်း ဖြစ်သော်လည်း ၂၀၁၄ တွင် ပြန်လည် ပြင်ဆင်လာခဲ့သည်။
ယခုအခါ လူအများ သိချင်လာကြသည်က နောက်နှစ် ဇူလိုင်လ တွင် အသက် ၆၅ နှစ် ပြည့်တော့မည် ဖြစ်သော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အမှန်တကယ်ပင် ဥပဒေ အတိုင်း အနားယူတော့မည်လား ဆိုသည်ပင် ဖြစ်၏။
တပ်ချုပ်ကြီး အနေဖြင့် ရွေးချယ် စရာ သုံးမျိုး သုံးစားသာ ရှိပေတော့သည်။ ပထမက မိမိသဘော နှင့် မိမိ အနားယူ သွားမည်လား၊ ဒုတိယမှာ နိုင်ငံရေး နယ်ပယ်ထဲ ဝင်ရောက်မည်လား၊ သို့တည်းမဟုတ် အနားယူမည့် သက်တမ်းကို ထပ်တိုးမည်လော တို့ ပင် ဖြစ်သည်။
(၁) မိမိသဘော နှင့် မိမိ အနားယူခြင်း
တပ်ချုပ်ကြီးသည် ၎င်း၏ ရာထူးကို ၂၀၁၁ မတ်လမှ စပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ထံမှ လွှဲပြောင်းရယူခဲ့ခြင်း ဖြစ်သည်။ မိမိ သဘော နှင့် မိမိ အနားယူမည် ဆိုလျှင် သူနှင့်အတူ ဒုတပ်ချုပ် စိုးဝင်း လည်း အတူ အနားယူဖို့ ရှိနေသည်။
တပ်ချုပ်ကြီး အနေဖြင့် အနားယူရန် ရွေးချယ်မည်ဆိုက နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲတွင် သောင်ပြို ကမ်းပြို အနိုင်ရခဲ့သော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ နှင့် အကျေအလည် ဆွေးနွေးပြီးမှသာ ဖြစ်ဖွယ်ရှိပေသည်။
ဆွေးနွေးမှုများ ထဲတွင် သူနှင့် မိသားစု ဝင်များအား နောက်ကြောင်းပြန် အရေးမယူရေးသည် ထိပ်ဆုံးမှ ပါဝင်လာဖွယ် ရှိပေသည်။
ထိုအရေးကို လူသိရှင်ကြား ပြောဆို ဆွေးနွေးခြင်းမျိုး မရှိခဲ့ဘူးသော်လည်း အာဏာ အလုံးစုံကို လွှဲပြောင်းမပေးရဲခြင်း၏ အဓိက အကြောင်းသည် ၎င်းတို့၏ လုံခြုံရေး ကို စိုးရိမ်နေရသည်အတွက်ပင် ဖြစ်သည်။
၎င်းတို့ အဖို့ကား နှစ်ပေါင်း ငါးဆယ် တိုင်းပြည်ကို အုပ်ချုပ်လာခဲ့စဉ်အတွင်း လူ့အခွင့်အရေးများကို ချိုးဖောက် မှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲမှုများ ရှိလာခဲ့ခြင်းကြောင့် အရပ်သား အစိုးရကသော်၎င်း၊ ခံရသူ မိသားစု များမှသော်၎င်း လက်စားချေ တုန့်ပြန်လာကြမည့် အရေးကို အမြဲလို စိုးရိမ်စိတ် လွန်ကဲနေကြခြင်းပင် ဖြစ်သည်။
(၂) နိုင်ငံရေး နယ်ပယ်ထဲ ဝင်ရောက်ခြင်း
ပြီးခဲ့သည့် ဇွန်လ အတွင်း ရုရှား အပတ်စဉ် စာစောင် တခု နှင့် တွေ့ဆုံမေးမြန်းခန်း တွင် “ပထမ ဦးစားပေးကတော့ ၂၀၂၀ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့ ပါပဲ၊ အဲ့ဒီနောက်ပိုင်း ယုံကြည်မှု ရှိလာခဲ့ရင် နိုင်ငံရေး မှာ ဘယ်လို ပါဝင်သွားနိုင်မလဲ ဆိုတာ စဉ်းစားရမှာ ဖြစ်ပါတယ်” ဟု ပြောခဲ့သည်။
စစ်ရေးအရ ဦးဆောင်မှု ပေးခဲ့ရာမှ ရလာသော အတွေ့အကြုံများသည် နိုင်ငံရေး နယ်ပယ်တွင် အကျိုးရှိနိုင် သည်ဟုလည်း ယခင်က မကြာခဏ ပြောခဲ့ပြီး ဖြစ်သည်။
သို့သော်ငြားလည်း နိုင်ငံရေး အနေအထားများက သူ့အတွက် အလားအလာ မကောင်းခဲ့ပေ။ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲ တွင် USDP သည် ဗဟို နှင့် ပြည်နယ် တိုင်း လွှတ်တော်များ အားလုံးပေါင်းတွင် ၇၁ နေရာသာ အနိုင်ရရှိခဲ့ရာ ၂၀၁၅ တွင် ရရှိခဲ့သော ၁၁၇ နေရာ ထက် အများကြီး လျော့နည်းသွားခဲ့သည်။
ထိုသို့ ရွေးကောက်ပွဲတွင် USDP ဆိုးဆိုးရွားရွား ဖြစ်သွားခဲ့ရခြင်း၏ အကြောင်းရင်း သည်ကား မဲဆန္ဒရှင်များ ဖက်မှ စစ်တပ်နှင့် ၎င်းတို့နှင့် ပတ်သက်ရာ ပတ်သက်ကြောင်းများကို ယုံကြည်မှု မရှိဆိုသည်ကို ပြဆို လိုက်ခြင်းပင် ဖြစ်သည်။ ထို့အတွက် တပ်ချုပ်ကြီး အဖို့ တိုင်းပြည်၏ ထိပ်တန်းရာထူးဖြစ်သော သမ္မတရာထူးကို မည်သို့မျှ ရနိုင်စရာ အကြောင်း မရှိတော့ပေ။
၂၀၀၈ ဖွဲ့စည်းပုံ တွင် စစ်တပ် အတွက် ဒုသမ္မတ ရာထူး တနေရာ ချန်လှပ်ပေးထားခဲ့သဖြင့် တပ်ချုပ်ကြီး အဖို့ ဒုသမ္မတ ဖြစ်ချင်သည် ဆိုက ဖြစ်လာနိုင်စရာ ရှိနေပေသည်။
တပ်ချုပ် ဘဝမှ ဒုသမ္မတ ဖြစ်လာရမည့် လမ်းကြောင်းမှာ တပ်ချုပ်ကြီး ဖြစ်စေချင်သည့် ပုံစံနှင့် ကွာခြား နေသည်။ ၎င်းအဖို့က ပြည်သူများ၏ စိတ်ချ ယုံကြည်မှု မှ ဆင်းသက်လာခဲ့ခြင်း မဟုတ်မှန်း သိနေ၍ ဖြစ်သည်။ မကြာမီက ထွက်ပေါ်လာသော ရွေးကောက်ပွဲ ရလဒ်သည်ကား ဒုသမ္မတ ရာထူးကိုပင် သီးသန့် ဖယ်ထားခြင်း မရှိလျှင် ရဖို့ပင် အတော်ခဲ့ယဉ်းနေပြီ ဖြစ်သည်။
NLD သည် စုစုပေါင်း နေရာ ၁,၁၇၀ နေရာအနက် ၉၂၀ အနိုင်ရရှိခဲ့ပြီး ၂၀၁၅ ထက် နှိုင်းစာလျှင် ၆၁ နေရာ ပိုမို ရရှိလာခဲ့သည်။ ထို့အတွက် နောက်နှစ် ဧပြီလ တွင် အစိုးရသစ် ဖွဲ့ရန် ခိုင်မာသော အနေအထား ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ရွေးကောက်ပွဲ ရလဒ်ကို ကြည့်ခြင်းအားဖြင့် မဲဆန္ဒရှင်များသည် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ မျိုးနှင့် ဆိုက စစ်တပ် သို့မဟုတ် ၎င်းတို့၏ လက်ဝေခံများ ပြန်လာမည့် အရေးအတွက် လက်သင့်မခံနိုင်ကြသည် ကို ပြဆိုနေပေသည်။
(၃) သက်တမ်းတိုးခြင်း
တပ်ချုပ် အနေဖြင့် အသက် ၆၅ နှစ်ထက် ကျော်လွန်ပြီး သက်တမ်းထပ်တိုးနိုင်သည့် အလားအလာကို မဖြစ်နိုင်ဟု ယူဆထား၍ မရပြန်ပေ။ နိုဝင်ဘာ ၂၇ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက တပ်ချုပ် အနားယူမည် လား ဆိုသည့် မေးခွန်းကို ဖြေဆိုရန် ရှောင်လွှဲသွားခဲ့ပုံရသည်။
“ရွေးကောက်ပွဲကို အနိုင်ရရှိခဲ့တဲ့ ပါတီက အစိုးရ ဖွဲ့ဖို့ ပြင်ဆင်နေပါတယ်၊ ဒီတော့ နိုင်ငံရေး အခင်းအကျင်းက ဘယ်လို ထွက်ပေါ်လာဦးမယ်ဆိုတာ မသိနိုင်သေးတဲ့ အတွက် တပ်မတော်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အတိုင်း ဘောင်မကျော် အောင် ဆောင်ရွက်သွားပါမယ်” ဟု ပြောဆိုခဲ့သည်။
တကယ်တမ်းတွင် ဖွဲ့စည်းပုံ အပိုဒ် ၂၀ (ခ) တွင် တပ်မတော်သည် ၎င်းတို့၏ အရေးအရာများကို သီးခြား လွတ်လပ်စွာ စီမံအုပ်ချုပ် ပိုင်ခွင့် ရှိသည်။ ထို့အပြင် အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေး ကောင်စီမှလည်း ကာကွယ်ရေး ဦးစီးချုပ် အမည်ကို တရားဝင် အတည်ပြု ပေးရဖို့ ရှိသည့် သမ္မတ ထံ တင်သွင်းရမည် ဖြစ်သည်။ အဆိုပါ ကာလုံတွင် ၁၁ ဦး ပါဝင်နေပြီး စစ်တပ်မှ ၆ နေရာဖြင့် အသာစီး ရရှိထားသည်။
ဤသည်ကို ကြည့်လျှင် ကာကွယ်ရေး ဦးစီးချုပ် သက်တမ်းကို စစ်တပ်က သူတို့ဖာသာ သူတို့ သက်တမ်း တိုးပိုင်ခွင့် ရှိနေသည်။ ထိုအတွက်လည်း ၂၀၁၆ ခုနှစ်က တပ်မတော် ထိပ်တန်း အရာရှိကြီးများ တွေ့ဆုံပြီး တပ်ချုပ် နှင့် ဒုတပ်ချုပ်အား ငါးနှစ် သက်တမ်းထပ်တိုးပေးရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
အဓိကအချက်ကို ထောက်ပြရမည် ဆိုလျှင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ အနာဂတ်သည် သူ့အရင် ဦးသန်းရွှေ နှင့် ဦးသိန်းစိန်တို့ကဲ့သို့ပင် ဒေါ်အောင်ဆန်းစုကြည် အစိုးရနှင့် အပေးအယူ ပြုလုပ်နိုင်မှု ပေါ်တွင် မူတည်နေပေသည်။
အကယ်၍ ထိုသို့ အခြေအနေ ပေးလာမည် ဆိုက NLD အစိုးရ အနေဖြင့် ရရှိလာသော အခွင့်အရေး ကို အသုံးချပြီး ၎င်းတို့၏ အဓိက ဦးစားပေး နှစ်ခု ဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင်များ နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကောင်အထည် ဖေါ်ရေး နှင့် ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေးတို့ အတွက် တပ်မတော်ဖက်မှ လက်ဆုပ်လက်ကိုင် ပြနိုင်သည့် ဆောင်ရွက်လာမှုများနှင့် လိုက်လျောမှု များ ရရှိအောင် ကြိုးစားသင့်ပေသည်။
(ဒေါက်တာ Nehginpao Kipgen သည် နိုင်ငံရေး သိပ္ပံ နှင့် ဒေါက်တာ ဘွဲ့ ရရှိထားသူဖြစ်ပြီး လက်ရှိ တွင် အိန္ဒိယ ရှိ O.P. Jindal Global University ၌ အရှေ့တောင်အာရှ ဆိုင်ရာ လေ့လာရေး ဌာနတွင် တွဲဖက် ပါမောက္ခ အဖြစ် အမှုထမ်းလျှက် ရှိသည်။ မြန်မာနိုင်ငံနှင့် ပတ်သက်၍ စာအုပ်များ ရေးသားခဲ့သူ ဖြစ်သည်။ လက်ရှိတွင် ကမ္ဘာတဝှမ်းရှိ အထင်ကရ သတင်းစာများ ၌ ဆောင်းပါးများ ရေးသားလျှက်ရှိသည်)