ဂျိုး ဘိုင်ဒင် နှင့် မူလာကြီးများ

by Hla Soewai - Dec 06 2020

ယခုတခါ အီရန်၏ နျူကလီးယား လက်နက် စီမံကိန်း ၏ ဖခင်ကြီးဟု ပြော၍ရသည့် မိုရှင် ဖာကရီဇာဒက် အား လုပ်ကြံသတ်ဖြတ်ခဲ့သူများသည် လူသားများ မဟုတ်ကြ၊ အခင်းဖြစ်ရာနေရာတွင် မည်သူ တဦးတယောက်မျှ မရှိဟု အီရန်၏ အမျိုးသား လုံခြုံရေး ကောင်စီ အလီ ရှမ်ကာနီက အတည်ပြုပြောကြားခဲ့ပြီး ဖြစ်သည်။

 

ဖာကရီဇာဒက်သည် ၁၉၈၀ ကျော်မှ ၂၀၀၃ ခုနှစ် အထိ ပရိုဂျက် အာမက် ဟု အမည်ပေးထားသည့် နျူကလီး ယား လက်နက် စီမံကိန်းကို လျို့ဝှက် ဦးဆောင်လုပ်လာခဲ့သူ ဖြစ်သည်။ နောက်ပိုင်းတွင် အီရန် ခေါင်းဆောင် ပိုင်းက အဆိုပါ စီမံကိန်းကို တရားဝင် ရပ်ဆိုင်းပြီး နောက်တွင် လည်း အရပ်ဖက်-စစ်ဖက် နှစ်မျိုးစလုံး အသုံးပြုနိုင်မည့် သုတေသန လုပ်ငန်းများကို ဆက်လက်ဦးဆောင်ခဲ့ပြီး ဗုံးထုတ်လုပ်ရန် အဆင်သင့် ပြင်ထားခဲ့သည်။ အစ္စရေး ထောက်လှမ်းရေး မော့ဆက်မှ ခိုးယူရရှိခဲ့သော စာရွက်စာတမ်းများအရ အာမက် ပရိုဂျက်၏ ဝန်ထမ်း ၇၀% သည် သူနှင့်အတူ ရှိနေဆဲဟု သိလိုက်ရသည်။

 

သူ၏ တပည့်လက်သားများကတော့ ၂၀၀၇ မှ ၂၀၁၂ အကြား အစ္စရေးလက်ချက် ဖြင့် သေဆုံးကုန်ကြပြီ ဖြစ်သည်။ အစ္စရေး ဝန်ကြီးချုပ် နာသန်ယာဟူး သည် ၂၀၁၈ အတွင်း ခိုးယူရရှိခဲ့သော စာရွက်စာတမ်းများ မှ တဆင့် ၎င်း၏ နာမည်ကို ပထမဆုံးအကြိမ် ထုတ်ဖေါ် ပြောဆိုလာပြီး ချိန် ကန်လန့်ကာနောက်တွင် တချိန်လုံး ရှိနေခဲ့သော ဖာကရီဇာဒက်၏ နာမည်သည် လူသိရှင်ကြား ဖြစ်သွားခဲ့ရသည်။

 

အစ္စရေး သည် ဖာကရီဇာဒက်အား လုပ်ကြံ သတ်ဖြတ်လိုက်ခြင်းဖြင့် အီရန်ရှိ နျူကလီးယား ပညာရပ်တွင် အတွေ့အကြုံအများဆုံး ပညာရှင်အား ဖယ်ရှားပြစ်ရန် နှင့် ပို၍ ဖြစ်နိုင်သည့် နောက်တကြောင်းမှာ သမ္မတအဖြစ် ရွေးချယ်ခံထားရသူ ဂျိုး ဘိုင်ဒင်က ၂၀၁၅ နှစ်အတွင်း အီရန် နှင့် ကမ္ဘာအင်အားကြီး ၆ နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့သည့် နျူကလီးယား သဘောတူညီချက်ကို ပြန်လည် အသက်မသွင်းနိုင်အောင် ကြိုးပမ်းမှု တရပ် အဖြစ် ရှုမြင်၍ရပေသည်။

 

Joint Comprehensive Plan of Action (JIPOA) ဟု အမည်ပေးထားသည့် အဆိုပါ သဘောတူညီချက်အရ အီရန်သည် နျူကလီးယား အစီအမံများကို ရပ်ဆိုင်းပြစ်ရမည် ဖြစ်ပြီး နိုင်ငံတကာ၏ စေ့စေ့ငုငု ဝင်ရောက် စစ်ဆေးခြင်းကို လက်သင့်ခံရမည်။ အပြန်အလှန်အနေဖြင့် ပိတ်ဆို့ ဒဏ်ခတ်ထားမှုများကို ရုပ်သိမ်းပေးသွားမည် ဖြစ်သည်။ သမ္မတ ဒေါ်နယ် ထရန့်သည် ယင်းအား သူကြုံဖူးခဲ့သမျှတွင် “အဆိုးဝါးဆုံးသော အပေးအယူ လုပ်ခဲ့မှုကြီး” ဟု ကင်ပွန်းတပ်ကာ ၂၀၁၈ တွင် စာချုပ်၌ မပါဝင်တော့ဟု ဆိုကာ နှုတ်ထွက်လိုက်သည်။ ထို့အပြင် အီရန်အား ဒဏ်ခတ်မှုများ တခုပြီး တခု ပြုလုပ်လာခဲ့သည်။ အီရန်ကလည် နိုင်ငံတကာ ရေကြောင်းလိုင်းများ နှင့် ဆော်ဒီအာရေဗီးယား တို့အား ဒရုန်းများ၊ ဒုံးကျည်များနှင့် တိုက်ခိုက်ပြီး လက်တုံ့ပြန်လာခဲ့ကြသည်။ အမေရိကန် မရှိတော့၍ စာချုပ်ပါ စည်းကမ်းချက်များကို တဖြေးဖြေး နှင့် ဖေါက်ဖျက်လာခဲ့တော့သည်။

 

ယခုအခါ အီရန်တွင် ၂၀၁၅ ခုနှစ် ချုပ်ဆိုခဲ့စဉ်က ခွင့်ပြုခဲ့သည့် သန့်စင်ပြီး ယူရေနီယံ ပမာဏ ထက် ၁၂ ဆ ခန့် ပို၍ ပိုင်ဆိုင်လာခဲ့ပြီ ဖြစ်သည်။ ထိုပမာဏထက် ဆက်ပြီး ထုတ်လုပ်မည်ဆိုလျှင် ဗုံးထုတ်လုပ်ရန် လုံလောက်သွားပြီ ဖြစ်သည်။ နောက်ဆုံးပေါ် စက်ဒလက်များကို ထုတ်လုပ်ပြီး မြေအောင် သိုလှောင်ရေး စခန်းများသို့ ရွှေ့ပြောင်းခဲ့ကြသည်။ သို့သော် နိုင်ငံတကာ အနုမြူ စွမ်းအင် အေဂျင်စီ မှ စစ်ဆေးရေး လုပ်ငန်းများကိုမူ သိသိသာသာ အနှောက်အယှက် ပေးခဲ့ခြင်းမျိုးတော့ မရှိသေးပေ။

 

သီအိုရီအရ ဘိုင်ဒင်သည် JIPOA သို့ ပြန်လည် ဝင်ရောက်မည် ဖြစ်ပြီး အီရန်ဖက်ကလည်း စီးပွားရေး ဒဏ်ခတ်မှုများကို ဖယ်ရှားပေးမည်ဆိုလျှင် မိမိတို့ဖက်မှ အပြည့်အဝ လိုက်နာသွားမည် ဖြစ်သည်ဟု အီရန် နိုင်ငံခြားရေး ဝန်ကြီး ဂျာဗက် ဇာရစ်ဖ် က ထုတ်ဖေါ်ပြောဆိုခဲ့သည်။ ဘိုင်ဒင် တာဝန်ယူမည့် ဇန်နဝါရီ ၂၀ ရက်နေ့နှင့် ဇွန်လ ၁၈ ရက်နေ့တွင် ပြုလုပ်မည့် အီရန် သမ္မတရွေးကောက်ပွဲ သည် အတော်ကို နီးကပ်နေပြန်သည်။ ထို့အတွက် လက်တွေ့တွင် ထိုသို့ ပြုလုပ်နိုင်ရေး သည် အလွယ်တကူ ဖြစ်လာမည်တော့ မဟုတ်ပေ။

 

အီရန် ခေါင်းဆောင်များသည် ဘိုင်ဒင် သမ္မတ ဖြစ်လာမည့် အရေး အတွက် ၎င်းတို့၏ ရေနံများ ပြန်လည် ရောင်းချလာနိုင်မည့် အရေးနှင့် ကုန်သွယ်ရေး လုပ်ငန်းများ အတွက် အစပထမ တွင် စိတ်အား တက်ကြွလာခဲ့သည်။ လက်တွေ့ဆန်သည့် သဘောထားရှိသူ ဇာရစ်ဖ်သည် JIPOA သဘောတူညီချက် ရရန် ထိုစဉ်က နိုင်ငံခြားရေး ဝန်ကြီး ဂျွန် ကယ်ရီ နှင့် အတူ တက်တက်ကြွကြွ လှုပ်ရှားလာခဲ့သူ ဖြစ်သည်။ ဂျွန် ကယ်ရီသည် ယခုအခါ ဘိုင်ဒင် အစိုးရ အဖွဲ့တွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ တာဝန်ခံ ဖြစ်လာခဲ့သည်။ သို့သော် သဘောတူညီချက်ကြောင့် အီရန် အတွက် စီးပွားရေး အရ အကျိုး အမြတ်များ ထွက်ပေါ်မလာသည့် အခါ ၎င်း၏ ကြိုးပမ်းမှုများ အချည်းနှီး ဖြစ်သွားခဲ့ရသည်။

 

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ပါလီမန် ရွေးကောက်ပွဲတွင် သဘောထား တင်းမာသူ များ အနိုင်ရရှိလာခဲ့သည်။ (အလယ်အလတ် သဘောထား ရှိသူများ ဝင်ရောက် ယှဉ်ပြိုင်ရန် ပိတ်ပင်ခံထားရသည်ကလည်း တကြောင်း အပါအဝင် ဖြစ်သည်) ဖာကရီဇာဒက် လုပ်ကြံခံရမှု အပေါ် ဥရောပနိုင်ငံများက ဖာသိဖာသာ နေခဲ့ကြမှု အတွက်လည်း ၎င်းတို့ဖက်က သဘောထား ပို၍ တင်းမာလာခဲ့ကြသည်။ အစ္စလမ် တော်လှန်ရေး အစောင့်တပ်ဖွဲ့က ပါလီမန်ရှိ ၎င်းတို့ မဟာမိတ်များကို စည်းရုံးနိုင်ခဲ့သဖြင့် အမေရိကန် ၏ စီးပွားရေး ဒဏ်ခတ်မှုများ မကြာမီ အတောအတွင်း ဖယ်ရှားပေးခြင်းမရှိက အစိုးရ အနေဖြင့် လက်နက်ထုတ်လုပ်နိုင်သည့် အဆင့်အထိ ယူရေနီယံ သန့်စင်ရေး လုပ်ငန်းများ ဆက်လက် ပြုလုပ်ရေးနှင့် စစ်ဆေးနေသူများ အား တိုင်းပြည်မှ နှင်ထုတ်ရန် တောင်းဆိုသည့် ဥပဒေ ကို ဒီဇင်ဘာ ၁ ရက်နေ့တွင် အတည်ပြု နိုင်ခဲ့ကြသည်။ ဖာကရီဇာဒက် ၏ သုတေသန အဖွဲ့ကိုလည်း ဘတ်ဂျက် နှစ်ဆတိုး၍ ချထားပေးမည်ဟု ကာကွယ်ရေး ဝန်ကြီးက ပြောလာခဲ့သည်။

 

JIPOA အား အမေရိကန်ရှိ ရီပတ်ဘလီကင်များ၊ အစ္စရေး နှင့် ပင်လယ်ကွေ့ နိုင်ငံများက နဂိုကတည်းက ပင်သံသယ ရှိနေခဲ့ကြသည်။ ၎င်းတို့က အချက်သုံးချက်ကို ထောက်ပြခဲ့ကြသည်။ ပထမအချက်က အချိန် ဖြစ်သည်။ အီရန်အပေါ် ပြဌာန်းခဲ့သော လက်နက်ပိတ်ဆို့မှုက အောက်တိုဘာလထဲတွင် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ နောက်ဆုံးပေါ် ယူရေနီယံ သန့်စင်ရေး စက်ဒလက်များ၊ ဒုံးကျည်များ တင်သွင်းမှု တင်ပို့မှု များ အပေါ် ကန့်သတ်မှုများ ကလည်း သဘောတူညီချက်အရ နောက်သုံးနှစ် အတွင်း အလိုအလျှောက် အဆုံးသတ် သွားတော့မည် ဖြစ်သည်။ အခြားကန့်သတ်မှုများလည်း ဆယ်စုနှစ်တခု အတွင်း ပြီးဆုံးသွားတော့မည် ဖြစ်သည်။

 

နောက်တချက်မှာ အီရန်၏ နောက်ဆုံးပေါ် ဒုံးကျည်စနစ်ကို ဇန်နဝါရီလ အတွင်း ကာဆန် ဆူလေမာနီးအား သတ်ဖြတ်ခံခဲ့ရမှုကို လက်တုန့်ပြန်သည့်အနေဖြင့် အီရတ်ရှိ အမေရိကန် စခန်းများကို တိကျစွာ ပစ်ခတ်ပြ နိုင်ခဲ့ခြင်း ကို မြင်လာရသည့်အတွက် စိုးရိမ်မကင်း ဖြစ်လာခဲ့ရသည်။

 

တတိယအချက်က ဒေသတွင်းရှိ ဟစ်ဘိုလာ ကဲ့သို့ ပြောက်ကျားတပိုင်း အဖွဲ့များကို စပွန်ဆာ ပေးနေခြင်းများပင် ဖြစ်သည်။

 

အစ္စရေး နှင့် အာရပ်မဟာမိတ်များက ဘိုင်ဒင်အနေဖြင့် JIPOA စာချုပ်ထဲ ပြန်မဝင်မီ အဆိုပါ ကိစ္စများ အတွက် အီရန်ထံ မှ တတ်နိုင်သလောက် လိုက်လျောမှုများ ရအောင် အရင်ညှစ်ထုတ်စေချင်သည်။

 

လက်ရှိတွင် စီးပွားရေး ဒဏ်ခတ်မှုများကြောင့် အီရန်၏ စီးပွားရေး အနေအထားသည် မကြုံစဖူး လောက်အောင် အန္တရာယ် နှင့် ကြုံနေရပြီဟု အစ္စရေး ထောက်လှမ်းရေး သတင်းအစီရင်ခံစာများက ဖေါ်ညွှန်းလျက် ရှိနေသည်။ သို့သော် အီရန်ရှိ လုံခြုံရေး တပ်ဖွဲ့များက ပြည်တွင်း ဆူပူအုံကြွလာမည့် အရေးကို ပိတ်ဆို့ထားနိုင်ခဲ့သဖြင့် အစိုးရ ပြုတ်ကျသွားသည်အထိ ဖြစ်လာနိုင်ခြင်းတော့ မရှိသေးပေ။ ပြီးခဲ့သည့်နှစ်အတွင်း ကန့်ကွက်ဆန္ဒပြသူ ရာပေါင်းများစွာ ကို နှစ်ရက်အတွင်း သတ်ဖြတ်ပြခဲ့ပြီး လည်း ဖြစ်သည်။

 

ဘိုင်ဒင်၏ အမျိုးသား လုံခြုံရေး အကြံပေး ဖြစ်လာမည့် ဂျိတ် ဆူလီဗန်ကတော့ နျူကလီးယား ပြဿနာကို ဦးစားပေး ကိုင်တွယ်သွားမည် ဖြစ်ပြီး အခြား ပြဿနာများကိုမူ တဖြေးဖြေးနှင့် ဖြေရှင်းသွားမည်ဟု ဆိုသည်။ အီရန်ဖက်ကတော့ အမေရိကန် ဒေါ်လာများ အသုံးပြုနိုင်ခွင့်ရရေး၊ စွမ်းအင်နှင့် စက်မှု လုပ်ငန်းများတွင် ပိတ်ဆို့ထားမှုများ ဖြေလျော့ရေး နှင့် JIPOA အားလည်း ထရန့် လုပ်ခဲ့သလို ထွက်ချင်တိုင်း ထွက်လို့မရအောင် ဥပဒေ ဖြင့် ချည်နှောင်ထားရေးတို့ ပါဝင်လာစေချင်နေသည်။

 

အိုဘာမားလက်ထက်တွင် နသန်ယာဟူးသည် အီရန် အား တိုက်ခိုက်တော့မည့် စီမံချက် အပြည့်အစုံကို တင်ပြလာသဖြင့် အမေရိကန်တို့ ပျာယာခတ်သွားပြီး ဆိုက်ဘာမှ အတူ ပူးတွဲ တိုက်ခိုက်သွားရန် ဖျောင်းဖြ ခဲ့ကြရသည်။ ထို့အတွက် Stuxnet ဟု အမည်ပေးထားသည့် စစ်ဆင်ရေး ဖြင့် အီရန်၏ စက်ဒလက်ကြီးများ ထုတ်လုပ်ရေးကို ထိရောက်စွာ ချေမှုန်းနိုင်ခဲ့ကြသည်။ ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်ဖိုးရှိသည့် စက်ပစ္စည်းများ မီးလောင်ပျက်ဆီးသွားခဲ့သည်။ ယမန်နှစ် နိုဝင်ဘာ ၂၉ ရက်နေ့တွင် ဆီရီးယားအား အစ္စရေးတို့ လေကြောင်းမှ တိုက်ခိုက်ခဲ့သဖြင့် အီရတ်နှင့် နယ်နမိတ် ချင်း ထိစပ်နေသည့် အရပ်တွင် အီရန်တပ်မှူးကြီး ထိမှန် ကျဆုံးသွားခဲ့ရသည်။

 

အာရပ်နိုင်ငံများကတော့ ဒေသတွင်း အီရတ်၊ ဆီရီးယားနှင့် ယီမင်တို့တွင် အီရန်၏ ဩဇာကြီးထွားလာနေမှု၊ ဆော်ဒီရေနံချက်စက်ရုံများ အား အီရန်မှ ဒရုံးနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုအပေါ် ထရန့် က ခပ်ပျော့ပျော့သာ တုန့်ပြန်ခဲ့မှု များကြောင့် စိုးရိမ်မကင်း ဖြစ်လာကြပြီး ယူအေအီးနှင့် ဘာရိန်းတို့က အစ္စရေး နှင့် သံတမန်ဆက်ဆံရေးကို ထူထောင်လာခဲ့ကြသည်။ ဆော်ဒီ အာရေဗီယား တွင် ခေါင်းဆောင်ဟု ယူဆထားသူ မိုဟာမက် ဘင် ဆာလ်မန် သည်လည်း နိုဝင်ဘာလတွင် နာသန်ယာအူး နှင့် တွေ့ဆုံခဲ့သည်ဟု ယူဆရသည်။

 

အစ္စရေး တို့အဖို့ အီရန်အား တိုက်ခိုက်မည်ဆိုလျှင် ၎င်းတို့ ပိုင်နက်များ အပေါ် ဖြတ်ကျော်ပျံသန်းခွင့်၊ ယခင် အစ္စရေး တို့ အနေဖြင့် မည်သို့မျှ မရရှိနိုင်သည့် ထောက်လှမ်းရေး သတင်းများကို ၎င်းတို့ထံမှ ရယူလာနိုင်သည့် အခွင့်အရေးများ ရရှိသွားခဲ့သည်။ အာရပ်နိုင်ငံများက အီရန်တို့ နျူကလီးယားဖြင့် တန်ခိုးထွားလာမည့် အရေးကို အစ္စရေးထက်ပင် ပို၍ စိုးရိမ်တကြီး ရှိနေကြသည်။ ထို့အတွက် အစ္စရေး နှင့် ပေါင်းပြီး ဝါရှင်တန် ရှိ ကွန်ဂရက် တွင် ဘိုင်ဒင် ပြန်ပြီး JIPOA ကို အသက်ပြန်မသွင်းနိုင်ရေး ထိထိရောက်ရောက် လော်ဘီ လုပ်ရန် စိတ်ကူး နေကြသည်။

 

လောလောဆယ်တွင် အီရန်တို့ အဖို့ အစ္စရေးအား မည်သို့ လက်စားချေရမည် ကို စဉ်းစားချင့်ချိန်နေကြရသည်။ တိုက်ရိုက် ပစ်ခတ် တိုက်ခိုက်မည်ဆိုကလည်း အစ္စရေးမှ ပြင်းထန်စွာ တုံ့ပြန်လာနိုင်သည့်အပြင် ထရန့် ကလည်း ဘိုင်ဒင်ထံ အရှုပ်ထုပ်ကြီး ထားနိုင်ခဲ့တော့မည် ဆိုကာ အခွင့်အရေးတရပ်အဖြစ် အသုံးချလာနိုင်သဖြင့် အမေရိကန် ပါဝင်ပတ်သက်လာနိုင်သည့် အန္တရာယ်လည်း ရှိလာနိုင်သည်ကို တွက်ဆနေရပြန်သည်။

 

ဘိုင်ဒင်သည် JIPOA နဲ့ ပတ်သက်ပြီး မည်သို့ လုပ်လာမည်ကို စောင့်ကြည်ရန်လည်း အီရန်တွင်အကြံပေးမှုများ ထွက်ပေါ်လာနေသည်။

 

(၂၀၂၀ ဒီဇင်ဘာ ၅ ရက်နေ့ထုတ် အီကော်နော်မစ် မဂ္ဂဇင်းပါ “Back to the future: Joe Biden wants to re-enter the nuclear deal with Iran” ကို ကောက်နှုတ်တင်ပြသည်)