ဒီမိုကရေစီ ဖြင့်သာ တရုတ်၏ ခြေလှမ်းကို ဟန့်တားနိုင်မည် ဖြစ်

by Hla Soewai - Dec 05 2020

မြန်မာသည် အင်ဒိုချိုင်းနား ကျွန်းဆွယ်၏ အနောက်ဘက်ခြမ်းတွင် တည်ရှိနေ၍ ဂျပန်၊ အမေရိကန် ပြည်ထောင်စု အပါအဝင် အခြားနိုင်ငံများ မှ ဦးဆောင်ဦးရွက် အကောင်အထည် ဖေါ်နေသည့် “လွတ်လပ်စွာ တံခါးဖွင့် ထားသော အင်ဒို-ပစိဖိတ် မူဝါဒအတွက် မဟာဗျူဟာအရ အရေးပါဆုံး ရပ်ဝန်းလည်း ဖြစ်ပေသည်။

 

ထိုမူဝါဒကို အကောင်အထည် ဖေါ်နိုင်မှုအရေး နှင့် တရုတ်အား ရှေ့သို့တိုးမလာနိုင်အောင် ဟန့်တားနိုင်ရေး ဆိုသည်မှာ ရာစုနှစ် တဝက်နည်းပါးမျှ စစ်အုပ်ချုပ်ရေး အောက်တွင် ကျရောက်ခဲ့သော မြန်မာ ပြည်သူ ၅၅ သန်း အတွက် ဒီမိုကရေစီ ရှင်သန် ဖွံ့ဖြိုးအောင် အကောင်အထည် ဖေါ်နိုင်ရေးသည် လွန်စွာ အရေးပါနေရပေသည်။

 

နိုဝင်ဘာလ တွင် ကျင်းပခဲ့သော ဒုတိယ အကြိမ် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၈၀% ကျော် အနိုင်ရရှိသွားခဲ့ပြီ ဖြစ်သည်။ စစ်တပ်အတွက် ၂၅% နေရာ ပေးထားရခဲ့ရသော် လည်း NLD သည် အမတ်နေရာ အများစုကို ထိန်းချုပ်နိုင်လိုက်ခြင်းပင် ဖြစ်ပေသည်။

 

အဆိုပါ ရွေးကောက်ပွဲ အား ဒေါ်အောင်ဆန်းစုကြည်၏ ငါးနှစ်တာ သက်တမ်းအတွက် လူထု ဆန္ဒခံယူပွဲဟုပင် ပြော၍ရပေသည်။ လေ့လာသူများသည် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး အပါအဝင် သူမ၏ လူသိရှင်ကြား ပေးထားသော ကတိများကို ပထမငါးနှစ်တွင် ဖြစ်မြောက်အောင် အကောင်အထည် ဖေါ်နိုင် ခဲ့ခြင်း မရှိ၍ ရွေးကောက်ပွဲတွင် အခြေအနေမကောင်းနိုင်ဟု ခန့်မှန်းထားခဲ့ကြသည်။ သို့သော် အထင်နှင့် အမြင်ကား လွဲချော်သွားခဲ့ရလေသည်။

 

ဒေါ်အောင်ဆန်းစုကြည် သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ခြင်း မှာ မြန်မာလူထု က အာဏာရှင်စနစ် ပြန်၍ ခေါင်းထောင်လာမည့် အရေးကို လက်မခံခဲ့ကြ၍ ပင် ဖြစ်သည်။ စစ်တပ် ထောက်ခံသော USDP ပါတီသည်ပင် ယခင်ရွေးကောက်ပွဲ နှင့် နှိုင်းစာလျှင် လက်တစ်ဆုပ်မျှလောက်သော နေရာများသာ အနိုင်ရရှိသွားခဲ့သည်။

 

စစ်အာဏာရှင်များ လက်အောက်တွင် လွတ်လပ်စွာ ပြောဆို ရေးသားခွင့်များ ပိတ်ပင်ထားခြင်း ခံရပြီး အရည်အချင်း ရှိသူများ ပြည်ပသို့ အစုလိုက် အပြုံလိုက် ထွက်ခွာသွားခဲ့ကြရသည်။ ထို့အပြင် အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုများ ခံခဲ့ရ၍လည်း ခေတ်ကောင်းချိန်တွင် ထိုင်း နှင့် အခြား အရှေ့တောင်အာရှ နိုင်ငံများ တဟုန်ထိုး တိုးတက်သွားခဲ့ချိန်တွင် နောက်ကျ ကျစ်ရစ်ခဲ့ရပြန်သည်။

 

မြန်မာပြည်တွင် ဒီမိုကရေစီ ခိုင်မာစွာ အမြစ်တွယ်ရေး အတွက် အကြီးမားဆုံး အတားအဆီးများသည်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ စစ်တပ်မှ လွှတ်တော်ထဲတွင် လေးပုံတပုံခန့် နေရာယူထားနေခြင်းနှင့် အချို့သော ဝန်ကြီးဌာနများကို စစ်တပ်မှ ဆက်လက်ထိန်းချုပ်ထားနေခြင်းများကြောင့်ပင် ဖြစ်သည်။

 

မကြာမီက ထွက်ပေါ်လာသော ရွေးကောက်ပွဲ ရလဒ်များကို ကြည့်၍ စစ်တပ်မှ ဖွဲ့စည်းပုံကို ပြန်လည် ပြင်ဆင်ရန် အလေးအနက် စဉ်းစားသင့်ပြီ ဖြစ်သည်။

 

ဒေါ်အောင်ဆန်းစုကြည်သည်လည်း စစ်တပ်မှ “ရိုဟင်ဂျာ” မူဆလင် လူနည်းစုများ အပေါ် ဖိနှိပ်ခဲ့မှု အတွက် အနောက်နိုင်ငံများ၏ အပြင်းအထန် ဝေဖန်ရှုတ်ချခြင်းကို ခံခဲ့ရပြန်သည်။ တကယ်တမ်းတွင် သူမသည် ထိုကဲ့သို့ ဖိနှိပ်မှုများကို ထောက်ခံခဲ့သည့်တိုင် ပြည်တွင်းတွင် ဒီမိုကရေစီ ထွန်းကားရေး ကို မြေတောင်မြှောက်ပေးနေ သူပင် ဖြစ်သည်။

 

ယခုအခါ ဒေါ်အောင်ဆန်းစုကြည်သည် စည်းလုံး ညီညွတ်သည့် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်နိုင်ရေး အတွက် တိုင်းရင်းသား လက်နက်ကိုင်များ နှင့် ငြိမ်းချမ်းရေး ရရှိအောင် ဖေါ်ဆောင်နေစဉ်အတွင်း ‘ရိုဟင်ဂျာ” ပြဿနာကို အဖြေရှာရန် ကြိုးပမ်းသွားမည်ဟု မျှော်လင့်ရပေသည်။

 

မြန်မာသည် အိန္ဒိယ သမုဒ္ဒရာကို မျက်နှာမူထားသည့်အပြင် တရုတ်နှင့်လည်း နယ်နမိတ် ထိစပ်လျှက် ရှိနေ ပြန်သည်။ ထို့ကြောင့် တရုတ်တို့အဖို့ အိန္ဒိယ သမုဒ္ဒရာ အတွက် ထွက်ပေါက်ကြီး အဖြစ် မျက်စိကျ လာနေသည်။ တရုတ်၏ ရည်မှန်းချက်ကြီးစွာ လှုပ်ရှားလာသော ရပ်ဝန်းနှင့် လမ်း စီမံကိန်း ၏ တစိတ်တပိုင်း အဖြစ် “တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်လမ်းမ” ကြီး စီမံချက်တွင် ပါဝင်သော အခြေခံ အဆောက်အအုံပိုင်းကို ပူးတွဲ အကောင်အထည် ဖေါ်နေကြသော နိုင်ငံနှစ်နိုင်ငံလည်း ဖြစ်နေသည်။

 

တရုတ်သည် စစ်အစိုးရ လက်ထက်ကပင် မြန်မာ အား အကူအညီများ သိသိသာသာ ပေးခဲ့ဖူးသည်။ ယခုအခါတွင်လည်း “ရိုဟင်ဂျာ ပြဿနာ” အား “ပြည်တွင်းရေး”ဟု ဆိုကာ မြန်မာ အစိုးရအား နှုတ်အားဖြင့် ထောက်ခံလျှက် ရှိနေဆဲပင် ဖြစ်သည်။

 

တရုတ်တို့ကို မြန်မာအား အာဏာရှင် လမ်းကြောင်းပေါ်သို့ ပြန်ရောက်အောင် တဖြေးဖြေး နှင့် ကျုံးသွင်း လာမည့် အရေး လုပ်ခွင့် မပြုမှသာ ဖြစ်ပေမည်။

 

ထို့အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အစိုးရကို ဂျပန်မှ ထောက်ခံမှု ပေးပြီး တိုင်းရင်းသား လူနည်းစုများ နှင့် ရင်ကြားစေ့နိုင်ရေး အပြင် ဒီမိုကရေစီ ထွန်းကားလာအောင် အားပေးကူညီသင့်ပေသည်။

 

တချိန်တည်းမှာပင် မြန်မာစစ်တပ်အားလည်း နိုင်ငံရေး နှင့် ကင်းကင်းရှင်းရှင်း နေရန်ကို တိုက်တွန်းရန် အရေးကြီးလှပေသည်။

 

(Japan Forward မဂ္ဂဇင်း Via Sankei Shimbun ၏ အယ်ဒီတာ အာဘော် ဖြစ်သည်)

 

Image Credit – Nikkei Asia Review

--------------------

မိမိ အမြင် ...

 

တပ်မတော်သည် ယခုအခါ ခြေလှမ်းမမှားအောင် အသေအချာ စဉ်းစားလုပ်ဆောင်ရမည့် အနေအထားတွင် ရှိနေသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား လူထုမှ အပြတ်အသတ် အနိုင်ပေးကာ လုပ်ပိုင်ခွင့် အာဏာများ အခိုင်အမာ ဖန်တီးပေးလိုက်ခြင်းကို စစ်ခေါင်းဆောင်များ အနေဖြင့် မိမိတို့ အတွက် အန္တရာယ်ကြီး ဖြစ်လာပြီဟု မမှတ်ယူသင့်ပေ။ ထိုသို့ ယူဆနေသူများကို ကိုယ်ကျိုးကြည့်နေသူများ အဖြစ် ရှင်းလင်းစွာ ခွဲခြား သိမြင်နိုင် လောက်ပြီ ဖြစ်သည်။

 

၎င်းတို့အဖို့မှာ ဆုပ်လည်းစူး စားလည်းရူး ဖြစ်နေသည်။ ခြေလှမ်းတချက်မှားသွားလျှင် လက်ရှိ အရှိန်အဟုန်ဖြင့် သွားနေသော စီးပွားရေး တိုးတက်မှုများ ရပ်တန့်သွားမည် ဖြစ်ပြီး တရုတ်အကြိုက် ဖြစ်သွားပြီ ဆိုကာ ဂျပန် အပါအဝင် အနောက်နိုင်ငံများက တဖက်မှ ဘင်္ဂါလီ အရေး ကို အကြောင်းပြုပြီး ပြင်းထန်စွာ ဒဏ်ခတ် တုန့်ပြန်လာမည် ဖြစ်သည့်အပြင် ကျူးလွန်သူများကို နိုင်ငံတကာ တရားရုံးရှေ့သို့ အရောက် ခေါ်နိုင်ရန် နည်းမျိုးစုံ သုံး၍ ကြိုးပမ်းလာကြတော့မည် ဖြစ်သည်။ ထိုအရေးကို အကြောင်းပြု၍ စစ်ခေါင်းဆောင်များကိုပင် အတင်းအကျပ် ရာထူးမှ ဖယ်ရှားသည်အထိ ပြုလုပ်လာနိုင်ဖွယ် ရှိနေသည်။

 

ဒီအတိုင်း ဆက်ရှိနေမည်ဆိုလျှင် တိုင်းပြည် တိုးတက်ရေးကို အနှောက်အယှက် ထိုင်ပေးနေသူများ အဖြစ် ပြည်သူလူထု သာမက ပြည်ပ နိုင်ငံများမှ ရှုမြင်လာတော့မည် ဆိုသည် ကို အထက်တွင် ဖေါ်ပြခဲ့သည့် ဂျပန်သတင်းစာ၏ အမြင်က အထင်အရှား သက်သေခံနေလျှက်ရှိသည်။

 

အတိုက်အခံ လုပ်နေကြသည့် နိုင်ငံရေးသမားများကတော့ ထိုအရေးကို တွေးမိကောင်း တွေးမိနိုင်မည် ဖြစ်သော်လည်း ၎င်းတို့ အာဏာရရေးသည်သာ အဓိက ဖြစ်နေသည်မို့ မြန်မာပြည်ကြီး တိုးတက်ရာ တိုးတက်ကြောင်း စဉ်းစားဖို့ လိုအပ်နေပေသည်။

 

တပ်မတော် အနေဖြင့် ပြည်သူလူထု၏ ထောက်ခံမှု Strong mandate ကို ရရှိထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မည်သို့မျှ ဟန့်တားနိုင်စွမ်း မရှိတော့သဖြင့် တိုင်းပြည်တိုးတက်ရေး အတွက်ပူးပေါင်း ဆောင်ရွက်ရန် အချိန်ကျရောက်လာပြီလည်း ဖြစ်ပေသည်။