အီရန် နျူကလီးယား သိပ္ပံပညာရှင် အား လုပ်ကြံမှုကြီး

by Hla Soewai - Dec 03 2020

အချိန်ကား ၂၀၂၀ နိုဝင်ဘာ ၂၇ ရက်နေ့ နေ့လည် ၁၁:၀၀ ခန့်

 

အီရန် ၏ နျူကလီးယား ဖခင်ကြီး မိုရှင် ဖာကရီဇာဒက်သည် ဇနီး ဖြစ်သူနှင့် အတူ နိုင်ငံမြောက်ပိုင်း ကက်ပစီယန် ပင်လယ် ကမ်းစပ် အနီးရှိ အေးချမ်းဆိတ်ငြိမ်လှသော ရိုစ်တမ်ကိုလာ မြို့ကလေးမှ ကားလေးစီးပါ ယာဉ်တန်းဖြင့် အက်ဆပ် မြို့ဆီကို စတင် ထွက်ခွာလာကြသည်။

 

နေ့လည် ၂:၃၀ ခန့်တွင် အက်ဆပ်မြို့လေး ဆီသို့ ဦးတည်နေသော လမ်းဆီသို့ အဝေးပြေး လမ်း အမှတ် ၇၉ မှ ချိုးဝင်လာခဲ့သည်။ အက်ဆပ် မြို့လေးသည် တီဟီရန်၏ အရှေ့ဖက် မိုင် ၄၀ အကွာတွင် ရှိပြီး ရာသီဥတု အေးချမ်းကာ အိမ်ကြီး အိမ်ကောင်းများနှင့် ပြည့်နှက်နေသော ဆိတ်ငြိမ်သည့် မြို့ကလေး လည်း ဖြစ်သဖြင့် မြို့တော် တီဟီရန်ရှိ အထက်တန်းလွှာများ လာရောက် အပန်းဖြေကြလေ့ရှိသည်။

 

အဝေးပြေး လမ်းမှ ချိုးကွေ့ဝင်လာလျှင် လာခြင်း သူတို့ကားတန်းနှင့် ပေ ၅၀၀ ခန့်အကွာတွင် နစ်ဆန်း ပစ်ကပ် ထရပ် ကားတစီး က အဆင်သင့် စောင့်ကြိုနေပြီး ကားခေါင်မိုးတွင် စက်သေနတ် တလက် တပ်ဆင်ထားသည်။

 

စက်သေနတ်မှ အတွဲလိုက် မရပ်မနား ပစ်ခတ်သံများ ဆူညံစွာ ထွက်ပေါ်လာခဲ့သည်။ ကားတန်းလည်း ရပ်တန့်သွားသည်။ ဖာကရီဇာဒက်သည် သေနတ်သံဟု မထင်သဖြင့် ကားထဲမှ အလျှင်အမြန် ထွက်လိုက်သည်။ သူ၏ ကိုယ်ရံတော်များက သူ့ကို မြေကြီးပေါ် ပြစ်လှဲလိုက်ပြီး အပေါ်မှ တက်ဖိ ထားလိုက်ကြသည်။ သို့သော် နောက်ကျသွားခဲ့ပြီး ကျည်ဆံများသည် ဖာကရီဇာဒက်၏ ဘေး နှင့် ကျောဖက်သို့ ဖောက်ဝင်သွားခဲ့ပြီ ဖြစ်သည်။ မကြာမီ အတောအတွင်းမှာပင် နစ်ဆန်း ပစ်ကပ်ထရပ်သည် သူ့အလို လို ပေါက်ကွဲထွက်သွားသည်ကို တွေ့လိုက်ရသည်။

 

နစ်ဆန်းကားပေါ်တွင် လိုက်ပါလာသူ တဦးမျှမရှိ။ စက်သေနတ်သည်လည်း အဝေးထိန်းစနစ် ဖြင့် ထိန်းချုပ်ပစ်ခတ်နေခြင်း ဖြစ်ပြီး တာဝန်ပြီးဆုံးသည်နှင့် သဲလွန်စ မကျန်အောင် ဖောက်ခွဲ ပြစ်လိုက် ခြင်းပင် ဖြစ်သည်။

 

ဖာကရီဇာဒက်အား ချက်ခြင်းလို အနီးအနား ရှိ ဆေးခန်းတခန်းသို ခေါ်ဆောင်သွားရာ ထိုမှတဆင့် ရဟတ်ယာဉ် ဖြင့် တီဟီရန် ရှိ စစ်ဆေးရုံသို့ သယ်ဆောင်လာခဲ့သော်လည်း လမ်းတဝက်မှာပင် သေဆုံးသွားခဲ့လေသည်။

 

ရန်သူများ ဖက်မှ လွန်စွာ ဆန်းသစ်သော အီလက်ထရောနစ် ကရိယာများဖြင့် ပရော်ဖက်ရှင်နယ် ဆန်ဆန် သေသပ် တိကျစွာ ပြစ်မှုကို ကျူးလွန်သွားကြခြင်း ဖြစ်သည်ဟု အီရန် ဗဟို နိုင်ငံတော် လုံခြုံရေး ကောင်စီ အဖွဲ့ အတွင်းရေးမှူး အလီ ရှမ်ကာနီမှ ထုတ်ဖေါ် ပြောဆိုလိုက်ပြီး အစ္စရေး လက်ချက် ပင် ဖြစ်သည်ဟု စွပ်စွဲ လိုက်သည်။

 

အစ္စရေး တို့ဖက်မှ ဖာကရီဇာဒက်အား လုပ်ကြံသတ်ဖြတ်နိုင်ရန် နှစ်ပေါင်း နှစ်ဆယ်ခန့် ကြိုးစားနေခဲ့ပြီး အမြဲလို လုပ်ကြံမည့် သတင်းများ ရရှိနေသဖြင့် မိမိတို့ဖက်မှ အမှုမဲ့ အမှတ်မဲ့ နေမိခဲ့ခြင်း ဖြစ်သည်ဟု လည်း ဝန်ခံသွားခဲ့သည်။

 

အစ္စရေး ဖက်မှ ၎င်းတို့၏ စွပ်စွဲချက်ကို အတည်ပြုခြင်း မရှိ၊ ငြင်းဆိုခဲ့ခြင်းလည်း မရှိပေ။ “မည်သူ၏ လက်ချက် ပင် ဖြစ်စေ အစ္စရေး ကိုသာမက ဒေသတွင်း နိုင်ငံများကို အကျိုးပြုသော လုပ်ရပ်ဖြစ်သည်” ဟု အစ္စရေး စွမ်းအင်ဝန်ကြီး ယူဗယ် စတိန်းနစ်ဇ် က ထုတ်ဖေါ်ပြောဆိုလိုက်သည်။

 

ဖာကရီဇာဒက်သည် ပဉ္စမမြောက် လုပ်ကြံခံလိုက်ရသော အီရန်၏ ထိပ်တန်း နျူကလီးယား သိပ္ပံပညာရှင် ဖြစ်ပြီး ၂၀၁၀-၁၂ အတွင်း သိပ္ပံပညာရှင် လေးဦး လုပ်ကြံခံခဲ့ရပြီး ဖြစ်သည်။

 

ပြီးခဲ့သည့် ဇူလိုင်လအတွင်း နာတန်ဇ် ရှိ ယူရေနီယံ သန့်စင်ရေး တွင် အသုံးပြုသည့် စက်ဒလက် ကြီးများ ထုတ်လုပ်ရာ စက်ရုံ ၏ တပ်ဆင်ရေး အခန်းကြီး ပေါက်ကွဲဖျက်ဆီးခြင်း ခံခဲ့ရသည်။

 

ဖာကရီဇာဒက်သည် အီရန် နျူကလီးယား လက်နက် စီမံကိန်း၏ ဖခင်ကြီး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။ ထို့ကြောင့် ဇန်နဝါရီလအတွင်းက ဒရုန်းဖြင့် လုပ်ကြံခံခဲ့ရသော ဗိုလ်ချုပ်ကြီး ဆူလေမာနီးကဲ့သို့ပင် ဖာကရီဇာဒက်ကို အမျိုးသား သူရဲကောင်း အဖြစ် သတ်မှတ်ပြီး နိုင်ငံတော် အခမ်းအနားဖြင့် သင်္ဂြိုလ်မည် ဖြစ်သည်။

 

ပထမဦးစွာ ဈာပန လှည့်လည်ပွဲကို ဘာသာရေး မြို့တော် ဖြစ်သော မက်ရှ်ဟက် တွင် ပြုလုပ်ခဲ့ပြီး တီဟီရန် တွင် မြှုပ်နှံမည်လည်း ဖြစ်သည်။ ရုပ်ကလာပ် ကို နိုင်ငံတော် အလံ လွှမ်းခြုံထားပြီး တမူထူးခြားစွာ အများ မြင်သာ အောင် ပြသထားသည်ကို အစိုးရ ရုပ်မြင်သံကြား တွင် တွေ့ခဲ့ရသည်။

 

ဖာကရီဇာဒက်သည် လွန်စွာ လျို့ဝှက် သိပ်သည်းစွာ နေထိုင်တတ်သူ ဖြစ်သည်။ သို့သော် သူ၏ အမည်သည် ၂၀၁၈ ခုနှစ်တွင် လူသိရှင်ကြား ဖြစ်သွားခဲ့ရသည်။ တီဟီရန် ရှိ အစိုးရ မော်ကွန်းတိုက်အား ဖောက်ထွင်းမှုကြီး ဖြစ်ပွားခဲ့ပြီး အီရန်၏ နျူကလီးယား စီမံချက် အသေးစိတ်ကို အစ္စရေးတို့ သိရှိသွားခဲ့သည်။ ဖာကရီဇာဒက်သည် သာမန် သိပ္ပံပညာရှင် တဦး မဟုတ်ဘဲ အီရန်အတွက် နျူကလီးယား လက်နက်များ ထုတ်လုပ်နိုင်ရေး တွင် အဓိက နေရာမှ ပါဝင်နေသူ ဖြစ်သည်ကို ရရှိခဲ့သော စာရွက်စာတမ်းများအရ မိမိတို့ အတည်ပြုနိုင်ခဲ့သည်ဟု အစ္စရေး ဝန်ကြီးချုပ် နာသန်ယာဟူးက ရုပ်မြင်သံကြားမှတဆင့် လူသိရှင်ကြား ထုတ်ဖေါ်ပြောဆိုခဲ့ဖူးသည်။

 

အစ္စရေး စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း အာမို့စ် ယက်ဒလင် က မူ ဘိုင်ဒင် အစိုးရ အနေဖြင့် အီရန်နှင့် နျူကလီးယား သဘောတူညီချက် ပြန်လည် ချုပ်ဆိုခြင်း မလုပ်နိုင်အောင် အချိန်ကိုက် စီစဉ်လိုက်ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။ မကြာသေးမီ က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက် ပွန်ပီယို နှင့် အစ္စရေး ဝန်ကြီးချုပ် နာသန်ယာဟူး တို့ တွေ့ဆုံခဲ့မှု နှင့် ဆက်စပ်ခြင်း ရှိမရှိကိုလည်း ၎င်းက မေးခွန်းထုတ်ခဲ့သည်။

 

အီရန် ကာကွယ်ရေး ဝန်ကြီးက မူ ပြစ်မှုကျူးလွန်သူများကို ကမ္ဘာအဆုံး လိုက်လံရှာဖွေ ချေမှုန်းသွားမည်ဟု ကြွေးကြော်လိုက်သည်။ ထို့သတင်းကို ကြားလျှင်ကြားခြင်း အစ္စရေး မှ ကမ္ဘာတဝှမ်းရှိ ၎င်းတို့၏ သံရုံးများကို လုံခြုံမှု အဆင့်အမြင့်ဆုံး ထားရှိရန် နှိုးဆော်လိုက်သည်။

 

၂၀၁၀-၂၀၁၂ အတွင်း အီရန် သိပ္ပံပညာရှင်များ သတ်ဖြတ်ခံခဲ့ရပြီးနောက် ဂျော်ဂျီယာ၊ အိန္ဒိယ နှင့် ထိုင်းနိုင်ငံရှိ အစ္စရေး သံတမန်များအား လုပ်ကြံရန် ကြိုးစားမှု များ ဖြစ်ပေါ်ခဲ့သည့် အပြင် ဘူလ်ဂေရီးယားရှိ အစ္စရေး ကမ္ဘာလှည့် ခရီးသည်များ လိုက်ပါလာသော ဘတ်စ်ကားတစီးအား ဗုံးခွဲတိုက်ခိုက်ခဲ့ကြသည်။ အဆိုပါ လုပ်ရပ်များကို အီရန် ထောက်ခံသည့် လက်ဘနွန်ရှိ ဟစ်ဘိုလာ များက ကျူးလွန်ခြင်း ဖြစ်သည်ဟု အစ္စရေးက သံသယ ရှိခဲ့သည်။

 

မိုရှင် ဖာကရီဇာဒက်၏ တရားဝင် အလုပ်အကိုင်သည် တီဟီရန် ရှိ အီမန် ဟိုစိန် တက္ကသိုလ်ကြီး၏ ရူပဗေဒ ပါမောက္ခ တဦး ဖြစ်သည်။

 

(ကိုးကား -- The Wall Street Journal, The New York Times, The Economist)