(၂၀၁၈ ဇူလိုင် ၄ ရက် နေ့ Asia Times တွင်ပါရှိသော ဘာတန် လစ်တနာ၏ “As Trumps turns away, China gains in Myanmar” ဆောင်းပါးကို ပြန်လည် တင်ပြသည်)
အမေရိကန် သမ္မတ ဒေါ်နယ် ထရန့် အနေဖြင့် မြန်မာနှင့် ပတ်သက်၍ သူ၏ ကိုယ်ပိုင် မူဝါဒ ရှိခဲ့ပါ၏ လော၊ ရှိခဲ့သည် ဆိုလျှင် သူ့အရင် အိုဘားမား ၏ ထိတွေ့ ဆက်ဆံခဲ့သည့် အခင်းအကျင်းနှင့် မည်သို့ ကွဲပြားမှု ရှိခဲ့ပေသနည်း။
ထရန့်သည် အခြားသော အရှေ့တောင်အာရှ နိုင်ငံများနှင့်သာ ဆက်ဆံခဲ့သော်လည်း မြန်မာကိုမူ အလေး ဂရုပြုခဲ့ခြင်း မရှိပေ။ မြန်မာ အပေါ် ထရန့် အစိုးရ၏ ရပ်တည်ချက်နှင့် ပတ်သက်၍ သို့လော သို့လော မေးခွန်းများ ထွက်ပေါ်လာခဲ့ရသည်။ ဤသည်ကလည်း မြန်မာ နှင့် မြောက်ကိုရီယား တို့ အကြား မဟာဗျူဟာမြောက် ဆက်ဆံရေး ဆက်လက်တည်ရှိနေဆဲ ဖြစ်၍လော၊ သို့တည်းမဟုတ် ဒေသအတွင်း အိုဘားမား လက်နှင့် ရေးခဲ့သမျှ ခြေနှင့်ဖျက်မည်ဆိုသည့် သူ၏ အရင်းခံ စိတ်ထားကြောင့်လား ဆိုသည် အပေါ် ကွဲကွဲပြားပြား မသိနိုင်ခဲ့ပေ။
ထရန့်သည် မြန်မာနှင့် ပတ်သက်၍ ထုတ်ပြန်ခဲ့သော မဆိုသလောက် ကြေညာချက်များထဲတွင် တခုသည် ၂၀၁၇ နိုဝင်ဘာလအတွင်း အရှေ့တောင်အာရှဖက် ခရီးထွက်ခဲ့စဉ်က “ရိုဟင်ဂျာ” အရေးနှင့် ပတ်သက်၍ ပြောကြား ခဲ့ရာတွင် သူ့အနေနှင့် ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများ အဆုံးသတ်ရန် နှင့် ဘင်္ဂလားဒေ့ရှ် သို့ တိမ်းရှောင်သွားကြသော “ရိုဟင်ဂျာ” များ ဘေးကင်းစွာ နေရပ်ပြန်နိုင်ရေး အတွက် အမေရိကန်က ထောက်ခံမှုပေးသွားမည် ဟု ကတိပြုကြောင်း ပါရှိခဲ့သည်။
ကြေညာချက် ထုတ်ပြန်အပြီး နောက်ပိုင်း ပြီးခဲ့သည့် မေလထဲတွင် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ် ဟာဆီနာထံ စာရေးသား ပေးပို့ခဲ့ပြန်ပြီး အမေရိကန် အနေနှင့် သူမနိုင်ငံ၏ ဒုက္ခသည် အကျပ်အတည်းကို ဖြေရှင်းနိုင်ရန် ထောက်ခံသွားမည် ဖြစ်ကြောင်း ပါရှိခဲ့သည်။ ထိုသို့ ပြောဆိုနေမှုများသည် အမေရိကန်၏ တရားဝင် မူဝါဒကို ထင်ဟပ်စေခြင်း မရှိသည့်အပြင် ထရန့်ကလည်း သူပေးထားသည့် ကတိကို တကယ်တမ်းတွင် အကောင်အထည် ဖေါ်လာခဲ့ခြင်း မရှိသည်ကို တွေ့ရပြန်သည်။
ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ် နီကီ ဟာလေးကလည်း မြန်မာအား ပြစ်တင် ရှုတ်ချခဲ့ပြီး လုံခြုံရေး ကောင်စီတွင် မြန်မာအား အပြစ်ဒဏ်ခတ်ခြင်း မလုပ်နိုင်အောင် တရုတ်က ကာကွယ်ပေးနေသည်ဟု အမည်တပ် ပြောဆိုခြင်း မရှိဘဲ သွယ်ဝိုက် ပြောဆိုဝေဖန်လာခဲ့သည်။
အမေရိကန်၏ မြန်မာပြည်မူဝါဒသည် မည်သည့်အခါမျှ လူ့အခွင့်အရေး နှင့် ဒီမိုကရေစီ ထွန်းကားလာအောင် လောက်သာ ရည်ရွယ်ခဲ့သည် မဟုတ်ပေ။ အိုဘားမားမှ မြန်မာနှင့် ပြန်လည် ထိတွေ့ဆက်ဆံခဲ့ခြင်းမှာလည်း မြန်မာအား တရုတ်၏ ရင်ခွင်ထဲမှ ဆွဲထုတ်နိုင်ရန် အတွက် ဖြစ်သည်။ ၂၀၀၈ နိုဝင်ဘာလအတွင်း မြန်မာသည် မြောက်ကိုရီယား နှင့် စစ်ရေး သဘောတူညီချက်တခု လျို့ဝှက် ရေးထိုးခဲ့သည်ကို သိရှိသွားပြီးနောက် ပို၍ အလောသုံးဆယ် အကောင်အထည် ဖေါ်ဖို့ ဖြစ်လာခဲ့သည်။
တဖက်တွင် ထရန့်သည် မြန်မာနှင့် ဆက်ဆံခြင်း မလုပ်ရန် တမင် ရည်ရွယ် ပြုလုပ်လာခဲ့သည်။ ၎င်းက ထိုသို့ဖာသိဖာသာ နေမည်ဆိုသည့် သံတမန် မူဝါဒ ကျင့်သုံးလာခဲ့ခြင်းကြောင့် အနောက်နှင့် ခေတ္တခဏသာ အဆင်ပြေခဲ့ရသည့် မြန်မာအား တရုတ်တို့ တဖန် ထိုးဖောက်နိုင်ရန် လမ်းဖွင့်ပေးသလို ဖြစ်သွားခဲ့ရသည်။ ၎င်းတို့အခေါ် တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်လမ်းမကြီး ဆိုသည်ကလည်း သမ္မတ ရှီကျင့်ဖျင်၏ ရပ်ဝန်း နှင့် လမ်းစီမံကိန်း၏ အရေးပါလှသော အစိတ်အပိုင်း တခု ဖြစ်ပေသည်။
ထိုစီမံကိန်းကြီး၏ တစိတ်တပိုင်း အဖြစ် ကျောက်ဖြူ ဆိပ်ကမ်းကို ရေနက် ဆိပ်ကမ်း တခုအဖြစ် အဆင့်မြှင့် နိုင်ရန် အမေရိကန် ဒေါ်လာ ၇.၅ ဘီလီယံ အကုန်အကျ ခံ တည်ဆောက်ရန် စီမံလာကြသည်။ အဆိုပါ ဆိပ်ကမ်းသည် တရုတ်တို့ အတွက် အိန္ဒိယ သမုဒ္ဒရာ သို့ ထွက်ပေါက်ရစေမည်သာမက မဟာဗျူဟာ ပိုင်းတွင် စိတ်မချရသော အနေအထား ရှိနေသည့် မလက္ကာ ရေလက်ကြားကို ဖြတ်စရာ မလိုဘဲ အရှေ့အလယ်ပိုင်းမှ ရေနံများကို ဆိပ်ကမ်းမှတဆင့် ပိုက်လိုင်းများ ဖြင့် တရုတ်ပြည်သို့ တင်ပို့နိုင်ဦးမည်လည်း ဖြစ်သည်။ (သို့သော် ဒေါ်အောင်ဆန်းစုကြည် အစိုးရမှ ကုန်ကျစရိတ်ကို ဒေါ်လာ ၁.၃ ဘီလီယံ အထိ ဖြတ်ချပြစ်နိုင်ခဲ့သည် -- စာရေးသူ)
ယခုအခါ တရုတ်တို့ မှ မြန်မာပြည်ကို ဖြတ်ကာ ယူနန်အထိ ဒေါ်လာ ၂.၄၅ ဘီလီယံ အကုန်အကျ ခံကာ ရေနံပိုက်လိုင်းကြီးကို တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်သည်။ အနောက်နိုင်ငံများက ရခိုင် ပြဿနာ ကို အကြောင်းပြုကာ မြန်မာ အား ဖယ်ကြဉ် ခဲ့ကြသော်လည်း တရုတ်မှ မြန်မာနိုင်ငံအတွက် အဓိက ရင်းနှီးမြှုပ်နှံသူ အဖြစ် ဆက်လက် ရှိနေခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံလာခဲ့သည်။
ဒေါ်နယ် ထရန့်ကမူ ဒေါ်အောင်ဆန်းစုကြည်အား အိမ်ဖြူတော်သို့ အလည်အပတ်လာရောက်ရန် စကားအရာ နှင့်ပင် ဖိတ်ခေါ်ခဲ့ခြင်း မရှိပေ။
အိုဘားမားသည် သူ၏ အာရှ ဗဟိုပြု မူဝါဒကို ကြေညာခဲ့ပြီး မြန်မာသို့ ၂၀၁၂ နိုဝင်ဘာလ အတွင်း ရောက်ရှိ လာခဲ့ပြီး သမိုင်းတွင် ပထမဆုံး မြန်မာသို့ အလည်အပတ် ရောက်ရှိခဲ့သော အမေရိကန် သမ္မတ ဖြစ်လာခဲ့သည်။
နောက် နှစ်နှစ်အကြာတွင် နေပြည်တော်၌ ပြုလုပ်သည့် အာဆီယံ နိုင်ငံများ အစည်းအဝေး တက်ရောက်ရန် မြန်မာသို့ ဒုတိယအကြိမ် ထပ်မံရောက်ရှိလာခဲ့ပြန်သည်။ အိုဘားမား၏ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ကလည်း သူမ၏ Hard Choice စာအုပ်တွင် မြန်မာပြည်နှင့် ဆက်ဆံရေး ထူထောင်နိုင်ခဲ့မှုကို သူမ အနေနှင့် နိုင်ငံခြားရေး မူဝါဒ၏ ထိပ်တန်း အောင်မြင်မှု အဖြစ် The Lady and the Generals ဟူသော ခေါင်းစဉ်ဖြင့် အခန်း တခန်း ထည့်သွင်း ရေးသားခဲ့သည်။ (အောက်ပါ လင့်ခ် တွင် ဖတ်ရှု့နိုင်ပါသည်)
(1) http://yawnathan.com/mm/news/Category/local-news
(2) http://yawnathan.com/mm/news/Category/literature
၂၀၁၅ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရရှိသွားခဲ့ပြီးနောက် ထုတ်ပြန်ခဲ့သော သူမ၏ ကြေညာချက်ထဲတွင် တိုက်ရိုက် စစ်အုပ်ချုပ်ရေး မှ အသွင်ကူးပြောင်းလာခဲ့မှု အဖြစ် ဖေါ်ပြခဲ့ပြီး အမေရိကန် ပြည်ထောင်စုသည် ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ကို စွမ်းစွမ်းတမံ ရပ်တည် ကာကွယ်ပေးနိုင်သူ ဖြစ်သည်ကိုထပ်မံ အတည်ပြု လိုက်သူဟု ပါရှိခဲ့သည်။
သို့သော် ၂၀၁၇ ခုနှစ်တွင် “အမေရိကားသည် ပထမ” ဟူသော ကြွေးကြော်သံဖြင့် သမ္မတ ဖြစ် လာခဲ့သည့် ထရန့် သည် အိုဘားမား၏ “အာရှ ဗဟိုပြု” မူဝါဒကို ဖုတ်ကြည်း သင်္ဂြိုဟ် ပြစ်လိုက်တော့သည်။ ထိုနှစ်ထဲတွင်ပင် မြန်မာနိုင်ငံတွင် “ရိုဟင်ဂျာ” မီးကြီး စတင် တောက်လောင်လာခဲ့ပေသည်။ မြန်မာစစ်တပ်၏ “နယ်မြေရှင်းလင်းရေး” စစ်ဆင်ရေး ဖြင့် အနောက်အုပ်စု၏ အချစ်တော် အဖြစ်မှ အပယ်ခံ ဘဝသို့ ချက်ခြင်းလို ကျရောက်သွားခဲ့ပြီး ကုလသမဂ္ဂမှလည်း “လူမျိုးရေး သန့်စင်မှု” ဟု ခိုင်းနှိုင်း ပြောဆို လာခဲ့တော့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့လည်း သံတမန်ရေး ထောက်ခံမှုရရန် တရုတ်ဖက်သို့ တဖန်ပြန်ပြီး ဦးလှည့်လာခဲ့ရပေသည်။
တရုတ်သည် ယခုအထိ မြန်မာအား ကုလမှ ဒဏ်ခတ်အရေးယူမှုများ မပြုလုပ်နိုင်အောင် အကာအကွယ် ပေးထားနိုင်ခဲ့သည်။ တချိန်တည်းမှာပင် ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုများ မှတဆင့် နှစ်နိုင်ငံ ဆက်ဆံရေး ခိုင်မြဲအောင် ပြုလုပ်လာခဲ့သည်။ ထိုသို့ တရုတ်မှ ၎င်းတို့၏ ဩဇာ လွှမ်းမိုးလာအောင် ကြိုးပမ်းလာနေသည့် အဖြစ်ကို ထရန့်အနေဖြင့် ယခုအထိ တန်ပြန်နိုင်ရန် မည်သို့မျှ လှုပ်ရှားလာခဲ့ခြင်း မရှိသေးဟု ပြောနိုင်ပေသည်။ ပင်တဂွန်ကတော့ မြန်မာ စစ်တပ်အား တရုတ်အပေါ် မှီခိုနေမှု လျော့ပါးအောင် ပြန်လည် ဆက်ဆံရန် ဆန္ဒရှိနေသည်။
အမေရိကန် နှင့် မြန်မာ ဆက်ဆံရေးကား အမြဲလို အတက် အကျ ရှိနေခဲ့သည်။ မြန်မာနှင့် လွတ်လပ်ရေး အကြိုနေ့မှာပင် သံတမန် ဆက်ဆံရေး စတင်တည်ထောင်လာခဲ့ပြီး ၁၉၅၀ မှစ၍ အကူအညီများ ပေးလာခဲ့သည်။
သို့သော် နောက်ပိုင်းတွင် စီအိုင်အေသည် ကူမင်တန် တရုတ်ဖြူများကို လျို့ဝှက်စွာ ပံ့ပိုးပေး နေသည်အား သိရှိခဲ့ပြီး နောက်တွင် ဆက်ဆံရေး ပျက်ပြားသွားခဲ့ရပြန်သည်။
မြန်မာ အစိုးရမှ တုန့်ပြန်သည့်အနေဖြင့် အမေရိကန်တို့ အကူအညီ ဖြင့် ပြုလုပ်လျှက်ရှိသော စီမံကိန်းများကို ရပ်ဆိုင်းပြစ်လိုက်ပြီး ၁၉၅၆ မှသာ တဖန် ပြန်လည် စတင်ခဲ့သည်။ သို့သော် ၁၉၆၂ တွင် ဗိုလ်နေဝင်း၏ “မြန်မာနည်း မြန်မာဟန် ဆိုရှယ်လစ်စနစ်” သွတ်သွင်းလာခဲ့မှုကြောင့် တဖန် ပြန်လည် ရပ်ဆိုင်းသွားခဲ့ရပြန်သည်။ သို့သော် မြန်မာသည် ယူဆထားခဲ့သလို ဒေသတွင်းရှိ အမေရိကန် ဆန့်ကျင်ရေး ဆိုရှယ်လစ်အုပ်စုများနှင့် ပူးပေါင်းခဲ့ခြင်း မရှိပေ။
၁၉၆၆ စက်တင်ဘာ လတွင် နေဝင်းသည် အမေရိကန် သို့ တရားဝင် အလည်အပတ် ရောက်ရှိလာခဲ့ပြီး ထိုစဉ်က သမ္မတ လင်ဒန် ဂျွန်ဆင်နှင့် တွေ့ဆုံခဲ့သည်။ ဤသည်မှာ မြန်မာအဆင့်မြင့် ခေါင်းဆောင်တဦး၏ နောက်ဆုံး ခရီးစဉ်လည်း ဖြစ်ပြီး ၂၀၁၃ မေလ တွင် သမ္မတ သိန်းစိန်အား အိမ်ဖြူတော်မှ တဖန် ပြန်လည် လက်ခံ တွေ့ဆုံခဲ့သည်။
တကယ်တမ်းတွင် အမေရိကန်သည် မြန်မာအား ကွန်မြူနစ်ဝါဒကို ဆန့်ကျင်သည့် တံတိုင်းကြီး အဖြစ် ရှုမြင်ထားခဲ့ကြသည်။ ၁၉၆၈ တရုတ်၏ ထောက်ခံမှုဖြင့် ဗမာပြည် ကွန်မြူနစ် ပါတီသည် နိုင်ငံ၏ အရှေ့မြောက်ခြမ်းသို့ ထိုးဖေါက်ဝင်ရောက်လာပြီး နောက်တွင် ပို၍ သိသာ ထင်ရှားလာခဲ့သည်။
စီအိုင်အေ သည် မြန်မာ စစ်ထောက်လှမ်းရေး နှင့် ၁၉၅၇ မှ စပြီး ဆက်ဆံရေးများ ရှိထားခဲ့သည်။ မြန်မာ ထောက်လှမ်းရေး အရာရှိနှစ်ဦးအား အမေရိကန် လက်အောက်ရှိ ဆိုင်ပန် ကျွန်းသို့ လေ့ကျင့်သင်ကြားရန် စေလွှတ်ပေးခဲ့ဖူးသည်။ ထိုအထဲတွင် တယောက်သည် “မျက်မှန်တင်ဦး” ဟု လူသိများသည့် တင်ဦး ပင် ဖြစ်သည်။ နောက်ပိုင်းတွင် နေဝင်း၏ ထောက်လှမ်းရေး အကြီးအကဲ တဦး ဖြစ်လာပြီး ၁၉၈၃ တွင် လာဘ် စားမှု ဖြင့် ရာထူးမှ ဖယ်ရှားခံခဲ့ရပြီး ထောင်ဒဏ် အပြစ်ပေးခံခဲ့ရသည်။
နောက်ထပ် သူနှင့်အတူ ဆိုင်ပန်သို့ ရောက်ခဲ့သည့် အရာရှိကား လေးမောင် ဖြစ်သည်။ သူသည် ၁၉၈၀ ကျော် ကာလများတွင် ဝန်ကြီးရာထူးအထိ တက်လှမ်းလာခဲ့သည်။ မြန်မာစစ်ဖက် အရာရှိ အများအပြားသည် အမေရိကန် အထောက်အပံ့ဖြင့် ဖွင့်လှစ်ခဲ့သော နိုင်ငံတကာ စစ်ဖက် နှင့် ပညာပေး အစီအစဉ်များ တွင် တက်ရောက် သင်ကြားခဲ့ကြသည်။ ထိုအထဲတွင် ၂၀၁၂-၁၆ တွင် ဒုသမ္မတ ဖြစ်လာခဲ့သူ ဉာဏ်ထွန်းလည်း ပါဝင်ခဲ့သည်။
ထိုသို့ ပူးပေါင်းဆောင်ရွက်နေမှုများသည် ၁၉၈၈ ဒီမိုကရေစီ အရေး ဆန္ဒပြ တောင်းဆိုမှုများကို သွေးထွက်သံယို နှိမ်နှင်းခဲ့ပြီးနောက်တွင် မူးယစ်ဆေး တိုက်ဖျက်ရေး လုပ်ငန်းမှအပ အားလုံးကို ရပ်တန့်ပြစ်ခြင်း ခံခဲ့ရသည်။ ဒဏ်ခတ် ပိတ်ဆို့မှုများနှင့် အနောက်အုပ်စု၏ သပိတ်မှောက်ခဲ့မှုများကြောင့် မြန်မာအား တရုတ် နှင့် ပို၍ နီးစပ်အောင် လုပ်ပေးသလို ဖြစ်သွားခဲ့သည်။
ထို့နောက်ပိုင်း တရုတ်အပေါ် အလွန်အကျွံ မှီခိုလာနေခဲ့ရခြင်းကြောင့် မြန်မာ၏ အပယ်ခံ စစ်အစိုးရမှ ၂၀၁၀-၁၁ တွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို အကန့်အသတ်နှင့် စတင်ပြုလုပ်လာခဲ့၍ ၂၀၁၅ တွင် ဒေါ်အောင်ဆန်းစုကြည် အာဏာရရှိလာသည်အထိ ဖြစ်လာခဲ့သည်။
အနောက်နိုင်ငံများကလည်း ယခင်က သူတို့ ဒဏ်ခတ်ထားမှုကြောင့် တရုတ်သာ အမြတ်ထွက်ခဲ့သည်ဆိုကာ မြန်မာဖက်မှ မဝံ့မရဲ စမ်းသပ်လာသော ပြုပြင် ပြောင်းလဲမှုများကို လက်ကမ်းကြိုဆိုခဲ့ကြသည်။ တရုတ်သည် ယခင် ခေတ်ဟောင်းကပင် မြန်မာသည် ကမ္ဘာကွန်မြူနစ် တော်လှန်ရေးကြီး အတွက် အရှေ့တောင်အာရှ နှင့် တဖက်သို့ ထွက်ပေါက် အဖြစ် မှတ်ယူထားလေ့ရှိပြီး ယခုအခါတွင်တော့ ကုန်သွယ်ရေး၊ အနောက်နှင့် ဆက်ဆံရေး တွင် မဟာဗျူဟာ ကျမှုအဖြစ် ပြောင်းလဲရှုမြင်လာကြသည်။
အမေရိကန်သည်သာ မြန်မာနှင့် ပတ်သက်၍ ပြီးပြည့်စုံသည့် မူဝါဒ ဟူ၍ သတ်သတ်မှတ်မှတ် ရှိမထားခဲ့ခြင်း ဖြစ်သည်။ ယခုအခါ အိမ်ဖြူတော်တွင် ဒေါ်နယ် ထရန့် ရောက်ရှိလာသည့်အခါ တွင်တော့ မြန်မာသည် အမေရိကန် ရေဒါပေါ် မှ ကွယ်ပျောက်သွားခဲ့ရပြီ ဖြစ်လေသည်။