ဟီလာရီ ပြောသည့် ဒေါ်အောင်ဆန်းစုကြည် (HARD CHOICE) (နိဂုံး)

by Hla Soewai - Dec 01 2020

၂၀၁၂ နိုဝင်ဘာလထဲတွင် သမ္မတ အိုဘားမား သည် မြန်မာပြည်ရှိ ‘တိုးတက်မှု အလင်းတန်း” လေးအား ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။ သမ္မတ အဖြစ် ပြန်လည် အရွေးချယ် ခံရပြီးနောက် သူ၏ ပထမဆုံး ပြည်ပ ခရီးစဉ် ဖြစ်သည်။ ခရီးအတူတူ သွားဖြစ်ခဲ့သည့် နောက်ဆုံးခရီးစဉ်လည်း ဖြစ်ပေလိမ့်မည်။

 

ထိုင်းဘုရင်နှင့် အတူ သူ၏ ဘန်ကောက် ဆေးရုံသို့ အတူတူ သွားရောက်ကြည့်ရှုခဲ့ပြီးနောက် ကမ္ဘောဒီယားတွင် ကျင်းပမည့် အရှေ့အာရှ ထိပ်သီး ဆွေးနွေးပွဲ မတိုင်မီ ခြောက်နာရီ ခရီးစဉ်အဖြစ် မြန်မာ သို့ ထွက်ခွာ လာခဲ့ကြသည်။ သမ္မတသည် သိန်းစိန်နှင့်ကော အောင်ဆန်းစုကြည်နှင့်ပါ တွေ့ဆုံရန် ရှိပြီး ရန်ကုန်တက္ကသိုလ်တွင် ကျောင်းသားများကို မိန့်ခွန်းပြောရန်လည်း စီစဉ်ထားသည်။

 

ကျမတို့ ဖြတ်သွားသည့် လမ်းများပေါ်တွင် လူအုပ်ကြီးနှင့် ပြည့်ကျပ်နေပြီး ကလေးများက အမေရိကန် အလံများကို ဝှေ့ရမ်းပြခဲ့ကြသည်။ လူများအဖို့ မကြာသေးမီကာလ က အတွေးနှင့်ပင် စိတ်ကူးနိုင်ခဲ့ခြင်း မရှိသည့် အရာများ လက်တွေ့ဖြစ်နေပြီကို လာရောက်ကြည့်ရှုရန် စုပြုံလာကြခြင်းလည်း ဖြစ်ပေသည်။

 

ရန်ကုန်သည် ပြီးခဲ့သည့်တနှစ် ကျမရောက်ခဲ့စဉ်နှင့် မတူတော့ဘဲ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ပြည်ပ ရင်းနှီးမြုပ်နှံသူများက မြန်မာနိုင်ငံကို သတိထားလာမိခဲ့ကြပြီး ၎င်းတို့အခေါ် အာရှ ရှိ နောက်ဆုံးလက်ကျန် ဈေးကွက်ကြီးဆီသို့ ရင်းနှီးမြှုပ်နှံရန် အလုအယက် တိုးဝင်လျှက် ရှိနေကြသည်။ ဆောက်လက်စ အဆောက် အဦးသစ်များကို တွေ့လာရပြီး အိမ်ခြံမြေ ဈေးနှုန်းများလည်း တဟုန်ထိုး မြင့်တက်လာနေပြန်သည်။

 

အစိုးရမှ အင်တာနက် အပေါ် ကန့်သတ်ထားမှုများ စတင်ဖြေလျော့ပေးလာနေပြီး တဖြေးဖြေး နှင့် ကြည့်ရှုနိုင်ခွင့် ကျယ်ပြန့်လာခဲ့သည်။ ယင်းနှင့် အတူ ဖုန်းကုမ္ပဏီ ကျွမ်းကျင်သူများအနေနှင့် ၂၀၁၁ တွင် စမတ်ဖုန်း အသုံးပြုနိုင်သူ မရှိသလောက် အနေအထားမှ ၂၀၁၇ တွင် ၆ သန်း ခန့်အထိ ဖြစ်လာတော့မည်ဟု မျှော်လင့်လာကြသည်။

 

ယခုအခါ အမေရိကန် ပြည်ထောင်စု သမ္မတကြီး ကိုယ်တိုင် မြန်မာပြည်သို့ ရောက်လာခဲ့ပြီလည်း ဖြစ်သည်။ လမ်းတလျှောက် စောင့်ဆိုင်းနေကြသော လူအုပ်ကြီးထဲမှ တယောက်က “ကျွန်တော်တို့ ဒီလို ဖြစ်လာဖို့ နှစ်ငါးဆယ်လောက် စောင့်နေခဲ့ရပြီးပြီ” ဟု သတင်းထောက်တဦးအား ပြောပြခဲ့သည်။ “အမေရိကန်မှာ တရားဥပဒေ စိုးမိုးမှု ဆိုတာ ရှိတယ်၊ ကျွန်တော်တို့ နိုင်ငံကိုလည်း ဒီလိုပဲ ဖြစ်စေချင်သဗျာ” ဟု ပြောခဲ့သည်။

 

လေဆိပ်မှ အလာလမ်းတွင် ကျမ နှင့် ကပ် ကမ်ဘဲလ်တို့ နှစ်ဦးသည် သမ္မတ၏ သံချပ်ကာ လီမော်ဆင်း ကြီး တွင် အတူ လိုက်ပါစီးနင်းခဲ့သည်။ ထိုကားပေါ်တွင် သူ၏ အနီးကပ် လက်ထောက် ဖြစ်သူ ဗယ်လာရီ ဂျားရက်လည်း ပါသည်။ ကားကြီး မှာ သမ္မတ သွားလေရာ နေရာတိုင်းကို ပို့ဆောင်ပေးထားရပြီး “Beast” ဟု ခေါ်ကြသည်။

 

မြို့ထဲကို ဖြတ်မောင်းလာကြစဉ် သမ္မတ အိုဘားမား သည် ပြတင်းပေါက်မှတဆင့် ရွှေရောင်တဝင်းဝင်း နှင့် မြင့်မြင့်မားမား ထိုးထွက်နေသည့် ရွှေတိဂုံစေတီတော်ကြီးကို မြင်သွားပြီး “အဲ့တာဘာလဲ” ဟု မေးလိုက်သည်။ ယခု မြင်နေရသည်က မြန်မာယဉ်ကျေးမှု ၏ အချက်အခြာ နေရာဖြစ်ပြီး ကျွန်တော်ကိုယ်တိုင် မြန်မာပြည်သူများ နှင့် သမိုင်းကြောင်း ကို လေးစားသမှု ရှိကြောင်း ပြသသည့် အနေဖြင့် ရောက်ခဲ့ပြီး ဖြစ်ကြောင်း ကပ် က သူ့အား ရှင်းပြလိုက်သည်။ “ ဒီလိုဆို သူလည်း ဘာလို့ မသွားဘဲ နေရမှာလဲ” ဟု ပြောလာသည်။

 

ခရီးစဉ်ကို စီစဉ်ခဲ့သည့် အချိန်က သမ္မတ၏ Secret Service မှ စေတီတော်ကြီးသို့ သွားမည်ကို ပယ်ချခဲ့ကြသည်။ ထိုနေရာတွင် ဘုရားဖူးများနှင့် အမြဲလို စည်ကားနေသဖြင့် လုံခြုံရေး အရ အန္တရာယ်ရှိသည်ဟု ဆိုသည်။ (နောက်တချက်မှာ သူတို့၏ ရှူးဖိနပ်များကို မချွတ်ချင်သည့် အကြောင်းလည်း သေချာပေါက် ပါမည် ဖြစ်သည်) ဘုရားဖူးများအား အနှောက်အယှက်ပေးရာ ကျမည်စိုး၍ ရင်ပြင်တော်ကို ပိတ်ပြစ်ရမည်မှာ မည်သူမှ မလိုလားကြပေ။ ကျမအဖို့က Secret Service နှင့် နှစ်ပေါင်းများစွာ ယဉ်ပါးလာခဲ့သူ ဖြစ်၍လည်း ဝင်ပြီး အကြံပေးခဲ့ရသည်။ သူတို့ အခေါ် မှတ်တမ်းထဲတွင် မပါဘဲ ရုတ်တရက် ဝင်ရောက်ခြင်း Off the Record (OTR) ဟု သဘောထားရန် ပြောလိုက်ရသည်။ မည်သူမျှ လာမည် ထင်မထား၍ လုံခြုံရေး ပိုင်းအရ စိုးရိမ်စရာ များ လျော့နည်းနိုင်သဖြင့် သူတို့ သဘောတူဖွယ်ရှိသည်ဟု ယူဆမိကာ ပြောလိုက်ခြင်း ဖြစ်သည်။ နောက်တကြောင်းမှာလည်း သမ္မတ မှ တနေရာကို သွားဖို့ ဆုံးဖြတ်ပြီးနောက် မသွားဖို့ ပြောရန် မှာ လွယ်ကူလှသည်တော့ မဟုတ်ပေ။

 

သမ္မတ သိန်းစိန် နှင့် တွေ့ဆုံပြီးနောက်တွင် ကျမတို့လည်း စေတီတော်ကြီး ရှိရာသို့ ရောက်လာခဲ့ကြသည်။ ရင်ပြင်တော်ပေါ်တွင် အံ့အားတသင့် ဖြစ်နေကြသော ဘုရားဖူးလာသူများက ဝိုင်းရံလာကြသည်။ သမ္မတ နှင့် နိုင်ငံခြားရေး ဝန်ကြီးနှစ်ဦးတို့အတွက် ကမ္ဘာလှည့် ခရီးသွားများအလား လွန်စွာ နီးကပ်လာသည့် အကွာအဝေးလည်း ဖြစ်ခဲ့ရသည်။

 

သိန်းစိန်နှင့် တွေ့ပြီး စီစဉ်ထားခြင်း မရှိဘဲ စေတီတော်ကြီးသို့ ရောက်ရှိခဲ့ပြီး နောက်တွင် ကျမတို့သည် အောင်ဆန်းစုကြည် အိမ်သို့ ရောက်လာခဲ့ကြသည်။ သူမက သမ္မတကြီးအား တခါက သူမအတွက် အကျဉ်းထောင်ကြီး ဖြစ်ခဲ့သည့် အိမ်ထဲသို့ ခေါ်လာခဲ့သည်။ ထိုအိမ်ကြီးသည် ယခုအခါ နိုင်ငံရေး လှုပ်ရှားမှုများ၏ အချက်အချာ နေရာဖြစ်လာခဲ့ချေပြီ။ ကျမတို့ နှစ်ဦးလည်း မိတ်ဆွေရင်းချာများပမာ တင်းကျပ်စွာ ပွေ့ဖက် နှုတ်ဆက်ခဲ့ကြသည်။

 

သူမက မြန်မာ့ ဒီမိုကရေစီ အရေး ကို ထောက်ခံမှု ပေးသည့်အတွက် ကျေးဇူးတင်ကြောင်း သမ္မတကြီးကို ပြောခဲ့ပြီး “အကူးအပြောင်းမှာ အခက်ခဲဆုံး ကြုံတွေ့လာရမဲ့ အချိန်ကတော့ အောင်မြင်မှု ကို လှမ်းမြင်ရကာ နီးအချိန်ပဲ၊ ဒီအတွက် တံလျှပ်လို အောင်မြင်မှု မျိုး နဲ့ ကျုံးသွင်း မခံရဖို့ကိုတော့ အရမ်းကို သတိထားရပါလိမ့်မယ်” ဟု ပြောခဲ့ပြန်သည်။

 

မြန်မာ ဇာတ်ထုပ်၏ နိဂုံးကို ရေးဖို့ ကျန်နေပေသေးသည်။ စိမ်ခေါ်မှုများ ရှေ့တွင် များစွာ ရှိနေဆဲပင် ဖြစ်သည်။ လူမျိုးစု ပဋိပက္ခများမှာ ဆက်လက် ဖြစ်ပွားနေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများ အသစ်တဖန် ဖြစ်ပေါ် လာနေ၍ စိုးရိမ်မကင်း ဖြစ်လာကြရသည်။ အထူးသဖြင့် မူဆလင် မျိုးနွယ်စု ဖြစ်သော “ရိုဟင်ဂျာ” များ အပေါ် လူအုပ်ဖြင့် လျပ်တပြက် အကြမ်းဖက်မှုများကြောင့် ၂၀၁၃ နှင့် ၂၀၁၄ အစောပိုင်းတွင် နိုင်ငံတဝှမ်း လှုပ်ခါ သွားခဲ့ရသည်။ အဆိုပါဒေသမှ နယ်ခြားမဲ့ ဆရာဝန်များ အဖွဲ့ကို နှင်ထုတ်ခဲ့မှု နှင့် လာမည့် သန်းကောင်စာရင်း စစ်တမ်း ကောက်ယူရန် ထည့်သွင်းခြင်း မပြုရန် ဆုံးဖြတ်ခဲ့ခြင်းများကြောင့် ဝေဖန်ရှုတ်ချမှုများ တသီတတန်းကြီး ထွက်ပေါ်လာခဲ့သည်။ ထိုအခြင်းအရာများသည် လက်ရှိ တိုးတက်မှုများကို ပျက်ပြားသွားစေနိုင်ပြီး နိုင်ငံတကာ၏ ထောက်ခံမှုပါ အားပျော့သွားနိုင်သည်။

 

၂၀၁၅ တွင် ကျင်းပရန် ရှိနေသည့် ရွေးကောက်ပွဲသည် အညှောက်ပေါက်စ မြန်မာ ဒီမိုကရေစီအား စမ်းသပ်မည့် ပွဲလည်း ဖြစ်ပေသည်။ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ရန် ဒီထက်မက လုပ်ဖို့ လိုအပ်နေ ပေသေးသည်။

 

အတိုချုပ်အားဖြင့်မူ မြန်မာသည် ရှေ့သို့ ဆက်လက်ရွေ့မည်လော၊ နောက်သို့ ပြန်ဆုပ်သွားမည်လော ဆိုသည်က အမေရိကန် ပြည်ထောင်စု နှင့် နိုင်ငံတကာ၏ ထောက်ခံအားပေးမှုက အခရာ ကျနေရပေသည်။

 

တခါတရံ မြန်မာပြည်အရေး အတွက် အသက်ရှူမှားမတတ် မဖြစ်အောင်နေဖို့ ခက်ခဲနေရပြန်သည်။ သို့သော် ကျမတို့အဖို့ ရှေ့တွင် ကြုံလာရမည့် စိန်ခေါ်မှုများနှင့် အခက်အခဲများအတွက် အမြင်ရှင်းရှင်း ဖြင့် စိတ်ကို တည်ငြိမ်စွာထားနိုင်ရန် လိုပေသည်။ နိုင်ငံအတွင်းရှိ အချို့သော လူများက ဒီမိုကရေစီ ခရီးစဉ်ကြီး ပြီးဆုံးအောင် လုပ်မည့် စိတ်ဆန္ဒများ ချို့တဲ့နေသည်။ အချို့က စိတ်ရှိသော်ငြားလည်း ကရိယာ တန်ဆာပလာ ပိုင်ဆိုင်ထားခြင်း မရှိပြန်ပေ။ ဆက်သွားရမည့် ခရီးရှည်ကြီးမှာ ကျန်နေပေသေးသည်။

 

၂၀၁၂ နိုဝင်ဘာ ခရီးစဉ်အတွင်း သမ္မတ အိုဘားမားသည် ရန်ကုန်တက္ကသိုလ်တွင် ကျောင်းသားများအား မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေသည့် အောင်မြင်မှုများသည် လူသားတို့၏ စိတ်ဓါတ်ခွန်အားနှင့် လူသားအားလုံး က လွတ်လပ်ခွင့်ကို မည်မျှ အထိ တောင့်တနေကြသည် ဆိုသည်ကို ထူးထူးခြားခြား သက်သေခံလိုက်ခြင်းပင် ဖြစ်သည်ဟု ထည့်ပြောသွားခဲ့သည်။

 

ကျမအတွက်ကတော့ တိုးတက်မှု အလင်းတန်း မှိန်မှိန်လေး ပေါ်ပေါက်လာခဲ့မှုနှင့် အတူ မရေမရာ မျှော်လင့်ချက် များ ယှက်သန်းလာခဲ့သည့် အစောပိုင်းကာလများ၏ အမှတ်တရများက ကျမ၏ နိုင်ငံခြားရေး ဝန်ကြီး ဘဝ ဖြစ်စဉ်တွင် အထွတ်အထိပ် အဖြစ် စွဲထင်ကျန်ရစ်နေလိမ့်မည်သာ ဖြစ်ပေသည်။ ထို့ပြင် လူသားတို့၏ ဂုဏ်သိက္ခာ နှင့် ဒီမိုကရေစီ အရေး အတွက် အမေရိကန် ပြည်ထောင်စု မှ ဦးဆောင်ဦးရွက်လုပ်ကာ ရှေ့တန်းမှ သူမတူအောင် ပါဝင်နိုင်ခဲ့သည်။ ရှေ့လျှောက်လည်း ပါဝင်သင့်သည် ဆိုသည်အား ထပ်မံ သက်သေခံမှုတခု အဖြစ် စွဲထင်ကျန်ရစ်ခဲ့ပေဦးမည်။ ထိုအရေးအတွက် ကျမတို့ အမေရိကားသာ အကောင်းဆုံး အနေအထားတွင် ရှိနေခဲ့သည်။