ဟီလာရီ ပြောသည့် ဒေါ်အောင်ဆန်းစုကြည် (HARD CHOICE) (၁၀)

by Hla Soewai - Nov 30 2020

မြန်မာပြည်တွင် တိုးတက်မှုများ မြင်လာရသော်လည်း အောင်ဆန်းစုကြည်သည် ကျမနှင့် ဝါရှင်တန်တွင် တွေ့ဖြစ်သည့်အခါ စိုးရိမ်နေပုံရသည်။ ကျမ အိမ်သို့ ရောက်လာသည့် အခါ ကျမနှင့် နှစ်ယောက်ချင်း စကားပြောဖို့ ခွင့်တောင်းလာသည်။ သူမပြောလာသည်များက နိုင်ငံရေး အကျဉ်းသားများ ထောင်ထဲတွင် ရှိနေဆဲ ဖြစ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် များ နှင့် ဖြစ်ပွားနေသော ပဋိပက္ခများသည် ပို၍ ဆိုးလာနေပြီး၊ နိုင်ငံခြား ကုမ္ပဏီများ ဒလဟော လှိမ့်ဝင်လာနေခြင်း ကြောင့် အကျင့်ပျက်ခြစားမှုများ ဖြစ်လာရန် အခွင့်အလမ်းများ ဖန်တီးပေးနေသလို ဖြစ်လာရကြောင်းများ အစရှိသည်တို့ ဖြစ်သည်။

 

အောင်ဆန်းစုကြည်သည် ယခုအခါ လွှတ်တော်အတွင်း ရောက်ရှိနေပြီ ဖြစ်၍ ယခင်ရန်သူဟောင်းများ နှင့် ဆက်ဆံရေး အသစ် စတင်နိုင်ရန် အလျော့အတင်းများ ပြုလုပ်နေရလေသည်။ သူမအပေါ် စုပြုံကျလာနေသည့် ဖိအားပေးမှုများ ကြားတွင် ဟန်ချက်ညီညီ လျှောက်လှမ်းနေရသည်။ ထိုအထဲတွင် အောက်လွှတ်တော် ဥက္ကဌ ရွှေမန်းသည် အရေးပါသူ ဖြစ်လာပြီး သူနှင့် အပြုသဘော ဆက်ဆံရေးများ ရရှိအောင် ကြိုးပမ်းခဲ့ရသည်။ အရေးကြီးသည့် ပြဿနာ များ အပေါ် ရွှေမန်းက သူမနှင့် တိုင်ပင်လာခဲ့မှု ကိုလည်း အသိအမှတ်ပြုခဲ့သည်။ နိုင်ငံရေး အခြေအနေများမှာ ရှုပ်ထွေးလာနေသည်။ ဤသည်မှာလည်း အောင်ဆန်းစုကြည်၊ သိန်းစိန် နှင့် ရွှေမန်းတို့ သုံးဦးစလုံးသည် ၂၀၁၅ တွင် သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ခံနိုင်သည့် အလားအလာများ ရှိနေသောကြောင့် ပင် ဖြစ်သည်။

 

ကန့်လန့်ကာ နောက်ကွယ်မှ နိုင်ငံရေး ကစားကွက်များ၊ ဘက်ပြောင်းရန် ကြိုးပမ်းလာမှု များ နှင့် နိုင်ငံရေး အားပြိုင်မှုများက ပြင်းထန်လာနေသည်။ Welcome to Democracy ဟု ဆိုရမည် ပင် ဖြစ်သည်။

 

သိန်းစိန်သည် နိုင်ငံကို ရွေ့လျားအောင် ပြုလုပ်လာနေပြီ ဖြစ်သည်။ သူ့အနေနှင့် ပြီးအောင် လုပ်နိုင်မည်လော၊ အောင်ဆန်းစုကြည်မှ ပူးပေါင်းဆောင်ရွက်နေမှု ကို ရုပ်သိမ်းလိုက်မည် ဆိုလျှင် ဘာတွေ ဖြစ်လာမည် ဆိုသည်မှာ ပြော၍မရသည့် အနေအထားပင် ဖြစ်သည်။ ရရှိထားသော နိုင်ငံတကာ၏ ယုံကြည်မှုလည်း ပြိုလဲသွားဖွယ် ရှိသည်။ သိန်းစိန်သည်လည်း သဘောထား တင်းမာသူများ၏ ဒဏ်ကို မခံနိုင်တော့ဘဲ သူတို့ အကြီးအကျယ် ဒေါသထွက်နေသည့် ပြုပြင်ပြောင်းလဲရေးများကို ပြန်ရုပ်သိမ်းသွားနိုင်သည်။

 

ကျမသည် အောင်ဆန်းစုကြည် နှင့် သူမ ရင်ဆိုင်နေရသည့် ဘက်ပေါင်းစုံမှ ဖိအားများ ကို ဆွေးနွေးခဲ့ကြသည်။ ကျမကိုယ်တိုင်ပင် နိုင်ငံရေး လောက၏ တွန်းထိုး ဆွဲငင်မှုများကို ရင်ဆိုင်ခဲ့ရ၍ သူမအပေါ်လည်း ကိုယ်ချင်း စာမိသည်။ တခါက နိုင်ငံရေး အရ ရန်သူဖြစ်ခဲ့ဖူးသူများနှင့် လုပ်ဖေါ်ကိုင်ဖက် များ ဖြစ်ရန် အသာထားဘိဦး ဖေါ်ဖေါ်ရွေရွေ ဆက်ဆံနိုင်ဖို့ပင် မည်မျှ ခက်ခဲရသည် ဆိုသည်အား နှစ်ပေါင်းများစွာ ထိခိုက်နာကျင်ခဲ့ရဖူးသည့် အတွေ့အကြုံများအရ သိနေခဲ့သောကြောင့်လည်း ဖြစ်သည်။

 

သူမအနေဖြင့် အကောင်းဆုံး ရွေးချယ်နိုင်သည့်အဖြစ်မှာ အံကို တင်းတင်းကြိတ်ပြီး ရှေ့ကို ဆက်တွန်းရန်သာ ရှိတော့သည်ဟု ကျမ ထင်သည်။ သိန်းစိန်ဖက်ကလည်း သူကတိကဝတ် ပြုထားသလို ဆက်လုပ်သွားမည်သာ ဖြစ်ပြီး သူမနှင့် အကျိုးတူ ပူးပေါင်းရန်ကိုလည်း အနည်းဆုံး နောက်ရွေးကောက်ပွဲအထိ ထိန်းသိမ်းသွားမည်သာ ဖြစ်သည်။

 

လွယ်လှသည်တော့ မဟုတ်မှန်း ကျမ သိသည်ဟု ပြောခဲ့သည်။ ရှင့်အနေနဲ့ အခုဆိုရင် ဘာပဲလုပ်လုပ် လွယ်လွယ်ကူကူ ဖြစ်လာတော့မှာ မဟုတ်တဲ့ အနေအထား ရောက်နေပြီ၊ ဒီတော့ သူတို့ အခြားလမ်းကြောင်းပေါ် ရောက်မသွားမချင်းတော့ အတူ တွဲလုပ်နိုင်မယ့် နည်းလမ်းကို ရှာကြံရတော့မှာပဲ၊ အရင်တုန်းကလို အကျယ်ချုပ်နဲ့ ပိတ်လှောင်မခံရတော့ဘဲ စင်ပေါ် ကို ရောက်လာပြီ၊ ရှင်ကိုယ်တိုင်ကလည်း လူ့အခွင့်အရေး ကို ထောက်ခံ ပြောဆိုသူ၊ ပါလီမန် အမတ်လည်း ဖြစ်တယ်၊ နောက်ပြီး အနာဂတ်မှာ သမ္မတ လောင်းလည်း ဖြစ်လာဖို့ ရှိနေတော့ ကွဲပြားတဲ့ အကျိုးစီးပွားတွေ၊ အခန်းကဏ္ဍတွေအတွက် အစီအစဉ်တွေ ချထားမှ ဖြစ်တော့မယ် ဟု ပြောခဲ့သည်။

 

သူသည် ကျမပြောပြသည်များကို အကုန်နားလည်ထားပြီး ဖြစ်သည်။ သို့သော် သူမအပေါ် ကျရောက်နေသော ဖိအားများက အဆမတန်ကို ကြီးမားနေသည်။ သူမကို အားလုံးက သက်ရှိထင်ရှား သူတော်စင် အလား လေးစား ယုံကြည်ကြသည်။ ယခုအခါတွင်တော့ သူမသည် ရွေးချယ်တင်မြှောက်ခံ ကိုယ်စားလှယ်တဦး အဖြစ် ဟိုကွေ့ ရောက် ဟိုတက်နှင့် လှော်၊ ဒီကွေ့ရောက် ဒီတက်နှင့် လှော်ဆိုသလို လိုရာပန်းတိုင် ရောက်အောင် ချီတက်ရတော့မည်လည်း ဖြစ်သည်။ ဤသည်က မရေမရာ နှင့် ဟန်ချက်မညီလျှင် အချိန်မရွေး ပြုတ်ကျသွားနိုင်သည့် အနေအထားလည်း ဖြစ်သည်။

 

ကျမနှင့် နှစ်ကိုယ်ကြား ပြောဆိုပြီးသည်နှင့် စားသောက်ခန်းထဲ ပြန်လာခဲ့ကြပြီး အသင့်စောင့်နေသော ကပ် ကင်းဘဲလ်၊ ဒါးရက် နှင့် ရှရယ် မေးလ် (ဟီလာရီ ကလင်တန်၏ အကြံပေး နှင့် ရုံးဝန်ထမ်း အကြီးအကဲ) တို့ နှင့် အတူ ထိုင်စားခဲ့ကြသည်။ အောင်ဆန်းစုကြည်က သူမ ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်သည့် မြို့ငယ်လေးအကြောင်းကို ပြောပြသည်။ သူမသည် နိုင်ငံအရေးနှင့် စပ်လျဉ်း၍ အရေးကြီးသော ကကွက်များကို က နေရသော်လည်း သူမတာဝန်ဖြစ်သည့် မဲဆန္ဒနယ်လေး၏ အကျိုး နှင့် ရှိနေသော ပြဿနာများကို ဖြေရှင်းနိုင်ရန်လည်း အာရုံထားခဲ့သူ ဖြစ်သည်။ ကျမကို နယူးယောက်ရှိ မဲဆန္ဒရှင်များက ဆီးနိတ် အမတ် အဖြစ် ရွေးချယ်လိုက်ကြစဉ်က သူမလို ခံယူချက်မျိုး ကျမတွင် ထပ်တူ ရှိနေခဲ့ဖူးသည်ကို အမှတ်ရလိုက်မိသည်။ လမ်းပေါ်ရှိ ကျင်းများ ချိုင့်များကို မပြင်နိုင်ဘဲနှင့် အခြားဘယ် အရာကိုများ ပြင်ဖို့ လုပ်နိုင်ဦးမည်နည်း။

 

ကျမတွင် သူမကို နောက်ထပ် အကြံပေးစရာ တခုရှိနေသည်။ နောက်တနေ့တွင် သူမသည် ကွန်ဂရက်မှ ချီးမြှင်သော ရွှေတံဆိပ်ကို လက်ခံရယူဖို့ ရှိနေသည်။ ထိုအခမ်းအနားကို ကက်ပီတို ဟေးလ်တွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပရန်လည်း စီစဉ်ထားခဲ့ပြီး ဖြစ်သည်။ နှစ်ပေါင်းများစွာ စိတ်ဓါတ်ရေးရာ အရ မယိမ်းမယိုင် ဦးဆောင်မှု ပေးနိုင်ခဲ့သည့် အတွက် ထိုက်ထိုက်တန်တန် ချီးမြှင်ခံရခြင်းလည်း ဖြစ်သည်။

 

“မနက်ဖန် ကွန်ဂရက်က ပေးတဲ့ဆုကို လက်ခံတဲ့ အခါ သိန်းစိန် ကောင်းကြောင်းလေး တခုခုတော့ ပြောသင့်တယ်လို့ ထင်တယ်” ဟု ကျမ က ပြောလိုက်သည်။

 

နောက်တနေ့ နေလည်ခင်းတွင် အောင်ဆန်းစုကြည်အား ဂုဏ်ပြုရန် ကွန်ဂရက် ခေါင်းဆောင်များ၊ တက်ရောက်လာသူ ငါးရာခန့်နှင့်အတူ ကျမလည်း ရှိနေခဲ့သည်။ ကျမ စကားပြောရမည့် အလှည့် ရောက်လာသည့်အခါ သူမအား နှစ်ပေါင်းများစွာ အကျဉ်းချထားခဲ့သည့် အိမ်တွင် သူမနှင့် တွေ့ဆုံခဲ့သည့် အကြောင်းများကို အရင်နှစ်များက ရော်ဘင်ကျွန်းပေါ်တွင် နယ်ဆင် မင်ဒဲလား၏ လက်ကို ဆွဲပြီး အတူ လျှောက်ဖြစ်ခဲ့ပုံများနှင့် နှိုင်းယှဉ် ပြောပြခဲ့သည်။

 

“ကျမ အခု ပြောခဲ့တဲ့ နိုင်ငံရေး အကျဉ်းသား နှစ်ယောက် ဟာ တဦးနှင့်တဦး မိုင်ပေါင်း များစွာ ဝေးကွာတဲ့ အရပ်မှာ ရှိနေခဲ့ကြပေမဲ့ သူတို့ မှာ တူညီတဲ့ ဂုဏ်သိက္ခာ၊ ရဲရင့် တက်ကြွတဲ့ အားမာန် နဲ့ မယိမ်းမယိုင် ခိုင်မြဲစွာ တည်ရှိနေတဲ့ ဆန္ဒာဓိပတိ တွေ ရှိနေကြတယ်ဆိုတာကို အားလုံးက အလေးဂရုပြုခဲ့ကြရတဲ့ ပုဂ္ဂိုလ်များလည်း ဖြစ်ပါတယ်။ ပြီးတော့ သူတို့ နှစ်ဦးစလုံး အကျဉ်းထောင်က ထွက်လာကြချိန်မှာ တစုံတရာ ကို နားလည် ထားကြမှုကလည်း တူညီနေပါတယ်။ အဲ့တာကို ကျမတို့ အားလုံး ဖမ်းဆုပ်တတ်ရပါလိမ့်မယ်၊ အဲ့တာက ဘာလဲဆိုတော့ သူတို့ရဲ့ အချုပ်အနှောင် ခံရမှုတွေ အဆုံးသတ်ခဲ့တဲ့ နေ့ဟာ သူတို့အတွက် ရုန်းကန်တိုက် ပွဲဝင်မှုကြီး စတဲ့နေ့ပဲ ဖြစ်တယ် ဆိုတာပါ။ အဆင့်သစ်တခုရဲ့ အစပဲ ဖြစ်ပါတယ်။ အတိတ်ကို ကျော်လွှားနိုင်ခဲ့ခြင်း၊ အနာတရ ဖြစ်နေတဲ့ တိုင်းပြည်ကို ကုစားခြင်း၊ ဒီမိုကရေစီ တည်ဆောက်ပေးခြင်းတို့ ပြုလုပ်ရာမှာ လူအများ စံပြုထားရတဲ့ ပုဂ္ဂိုလ်အဖြစ်ကနေ နိုင်ငံရေး သမား ဘဝကို ရွေ့လျားသွားရတော့မှာလည်း ဖြစ်ပါတယ်”

 

ကျမ သည် ပြောရင်း အောင်ဆန်းစုကြည် ဖက် တချက်လှည့်ကြည့်လိုက်ရင်း ကျမ ညက အကြံပေးထား တာကိုများ စဉ်းစားနေသလားလို့ တွေးလိုက်မိသည်။ သူမသည် ကြုံတွေ့နေရသော အခြေအနေများကြောင့် သိသိသာသာ စိတ်လှုပ်ရှားနေပုံရသည်။ ထို့နောက်တွင်တော့ သူမ က စတင်ပြောလာပါတော့သည်။

 

“ကျမ အနေနဲ့ အခုအခါမှာ ကျမတို့ နိုင်ငံ အတွင်း နေထိုင်သူတွေ အားလုံး ကို တရားဥပဒေစိုးမိုးမှုနဲ့ အကာ အကွယ် ပေးထားတဲ့ အခြေခံ လူ့အခွင့်အရေး၊ ငြိမ်းချမ်းပြီး စည်ပင် ဖွံ့ဖြိုးသော နိုင်ငံတခု တည်ဆောက်ဖို့ ဆိုတဲ့ တာဝန်တွေကို ဆက်လက်ထမ်းဆောင်သွားရေးမှာ ကျမတို့နဲ့ အတူ ရှိနေကြမဲ့ မိတ်ဆွေများ အလယ်မှာ ရပ်နေတယ်ဆိုတာ အခိုင်အမာ သိရှိခဲ့ရပါတယ်”

 

“ဒီလိုတာဝန်တွေ ထမ်းဆောင်နိုင်ဖို့ ပြုပြင်ပြောင်းလဲရေးတွေ အစီအစဉ်တွေ ချမှတ်ပေးခဲ့တဲ့ လူကတော့ သမ္မတ ဦးသိန်းစိန်ပဲ ဖြစ်ပါတယ်”

 

ထိုစကား အဆုံးတွင်တော့ သူ နှင့် ကျမ မျက်လုံးချင်း ဆုံမိပြီး ပြုံးလိုက်ကြသည်။

 

"ကျမ အနေနဲ့ တက်ရောက်လာတဲ့ လူအားလုံး၊ အမေရိကန် ပြည်သူများ၊ အမတ်မင်းများကိုကော လွတ်လပ်ခွင့်နဲ့ တရားမျှတမှုတွေ လက်လှမ်းမမှီနိုင်ခဲ့တဲ့ အမှောင်ခေတ်ကြီး အတွင်း ကျရောက်နေခဲ့ချိန်မှာ ကျမတို့ကို စိတ်ထဲကရော၊ ရင်ထဲကပါ နှလုံးသွင်းထားပေးကြတဲ့အတွက် ကျမအနေနဲ့ လှိုက်လှိုက်လှဲလှဲကို ကျေးဇူး တင်ပါတယ်လို့ ပြောချင်ပါတယ်။ ကျမတို့အဖို့ ရှေ့လျောက် အခက်အခဲ တွေ ကြုံလာရဦးမှာ ဖြစ်ပါတယ်၊ ဒီအခက်အခဲ တွေအားလုံးကို မိတ်ဆွေတွေရဲ့ အကူအညီ နဲ့ ကျော်လွှားနိုင်လိမ့်မယ်လို့ ကျမ ယုံကြည် ထားပါတယ်”

 

မိန့်ခွန်း ပြောအပြီးတွင်တော့ သူမ၏အရည်လဲ့နေသော မျက်လုံးများဖြင့် ဘယ်လိုနေလဲဟု ကျမ ကို မေးလိုက်သည်။

 

ကျမ က “အိုး..အရမ်းကောင်းတယ်၊ တကယ်ကို ကောင်းတာပါ” ဟု ပြောလိုက်သည်။

 

“ကျမက ကြိုးစားရဦးမယ်၊ တကယ်ကို ကြိုးစားသွားရဦးမှာပါ”

 

နောက်အပတ်တွင် ကျမသည် နယူးယောက်ရှိ ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် သိန်းစိန် နှင့် ဆုံဖြစ်ခဲ့သည်။ ကျမက အောင်ဆန်းစုကြည် ပြောသွားခဲ့သည်များကို သူနှင့် ဆွေးနွေးဖြစ်ခဲ့သည်။ ယခုအခါ သူ့ကို ကြည့်ရသည်မှာ နေပြည်တော်တွင် တွေ့ခဲ့ရစဉ်ကထက် ပိုပြီး ပိုင်ပိုင်နိုင်နိုင် ရှိပုံရသည်။ ကျမ ပြောသည်များကို ဂရုတစိုက် နားထောင်ခဲ့သည်။

 

သိန်းစိန်သည် ဩဇာတက္ကိမနှင့် ပြည့်စုံသည့် နိုင်ငံရေးသမားတဦး မည်သည့်အခါမျှ ဖြစ်လာလိမ့်မည် မဟုတ်သော်လည်း ထိရောက်သည့် ဦးဆောင်မှုကို ပေးနိုင်မည့် ခေါင်းဆောင်တဦး ဆိုသည်ကိုတော့ သက်သေပြနေပေသည်။

 

ကုလသမဂ္ဂတွင် ပြောသော သူ၏ မိန့်ခွန်းထဲတွင် အောင်ဆန်းစုကြည်ကို ပြုပြင်ပြောင်းလဲရေး များ ဖေါ်ဆောင်ရာတွင် ပါတနာ တဦး အဖြစ် လူပုံအလယ်တွင် ပထမဆုံးအကြိမ် ထည့်သွင်း ချီးကျူးသွားခဲ့သည်။ ထို့အပြင် ဒီမိုကရေစီ အရေးအတွက် သူမနှင့် အတူ လုပ်ဆောင်သွားမည်ဟုလည်း ကတိပေးသွားခဲ့သည်။