ဟီလာရီ ပြောသည့် ဒေါ်အောင်ဆန်းစုကြည် (HARD CHOICE) (9)

by Hla Soewai - Nov 29 2020

သူမ၏ အိမ်ဝင်းအား ဝိုင်းပတ်ကာရံထားသည့် သံဆူးကြိုးများကို မြင်လိုက်ရပြန်၍လည်း အထီးကျန်ခဲ့ရသည့် သူမ၏ အတိတ်ကာလ ကို ကျမ ပြန်အမှတ်ရမိခဲ့သည်။ ကျမတို့ ဆင်ဝင်အောက်တွင် ရပ်လိုက်ကြပြီး စုရုံးနေသည့် သတင်းသမားများ နှင့် စကားပြောဖြစ်ခဲ့သည်။

 

“ရှင် က ပြည်သူတွေရဲ့ စိတ်ကို လှုံ့ဆော်အားပေးနိုင်ခဲ့ပြီ၊ သူတို့အားလုံးကိုလည်း ကမ္ဘာပေါ်က နေရာတိုင်းမှာ ခံစားနေကြရတဲ့ အခွင့်အရေး နဲ့ လွတ်လပ်ခွင့်တွေ အတူတူ ရလာအောင် ရပ်တည်ပေးနိုင်ခဲ့ပြီ” လို့ ကျမ က အောင်ဆန်းစုကြည်ကို ပြောပြခဲ့သည်။ ယခုအခါ မြန်မာပြည်သူများ လျှောက်လှမ်းနေသည့် ပိုမိုကောင်းမွန်သည့် အနာဂတ် ခရီးအတွက် အမေရိကန်ပြည်ထောင်စုမှ မိတ်ဆွေ အဖြစ် ရပ်တည်ပေးသွားမည်ဟု ကတိ ပေးခဲ့သည်။ သူမကလည်း ပြီးခဲ့သည့် လများ နှင့် နှစ်များအတွင်း ကျမတို့ ပေးခဲ့သည့် အကူအညီများ နှင့် တိုင်ပင်နှီးနှောခဲ့မှု များ အတွက် ကျေးဇူးတင်ကြောင်း လှိုက်လှိုက်လှဲလှဲ ပြောခဲ့ပြန်သည်။

 

“ကျမ တို့ဖက်က လက်ရှိပုံစံကို ထိန်း သွားနိုင်မယ်ဆိုရင်တော့ အားလုံး ရဲ့ အနာဂတ် ခရီးအစ ဖြစ်လာ ပါလိမ့်မယ်” ဟု ပြောခဲ့သည်။ သူမ၏ စကားထဲတွင် အကောင်းမြင်မှု နှင့် သတိကြီးစွာ ထားရမည့် သဘောများ ရောပြွမ်းနေမှန်း ကျမ ရိပ်စားမိလိုက်သည်။

 

ကျမလည်း အောင်ဆန်းစုကြည် အိမ်မှ ပြန်ထွက်လာခဲ့ပြီး အနီးအနားရှိ တိုင်းရင်းသား လူမျိုးစု အနုပညာ ရှင်များ၏ ပြခန်းသို့ ဝင်ရောက်ကြည့်ရှုဖြစ်ခဲ့သည်။ နံရံများပေါ်တွင် နိုင်ငံလူဦးရေ၏ ၄၀% ကို ကိုယ်စားပြု နေသည့် လူများ၏ ရိုက်ကူးထားသော ဓါတ်ပုံများ ချိတ်ဆွဲထားသည်။ သူတို့၏ မျက်လုံးများ ထဲတွင် ဂုဏ်ယူ ဝင့်ကြွားမှု နှင့် ဝမ်းနည်းကြေကွဲသည့် အရိပ်အယောင်များလည်း တွေ့ခဲ့ရသည်။

 

မြန်မာ လွတ်လပ်ရေး ရရှိခဲ့သည့် ၁၉၄၈ မှ စ၍ နိုင်ငံရှိ လူမျိုးစု ဒေသများတွင် လက်နက်ကိုင် ခွဲထွက်ရေး လှုပ်ရှားသည့် အဖွဲ့များနှင့် မြန်မာ စစ်တပ်သည် စစ်ပွဲများ ဆင်နွှဲလာခဲ့ကြသည်။ နှစ်ဖက်စလုံးမှ ကျူးလွန်ခဲ့ ကြသော ရက်စက်ကြမ်းကြုပ်သည့် လုပ်ရပ်များ အကြားတွင် အရပ်သားများ ကြားညှပ်ခဲ့ကြရသည်။ သို့သော် စစ်တပ်သည် အဓိက နေရာမှ ကျူးလွန်ခဲ့ကြသူများ ဖြစ်သည်။ ယခုလို သွေးစွန်းခဲ့သော ပဋိပက္ခများသည် မြန်မာတို့ ရောက်ရှိလာတော့မည်ဟု မျှော်လင့်နေခဲ့သည့် ခေတ်သစ်တခု အတွက် အတားအဆီးများ ဖြစ်လာ နေပေသည်။ ထို့အတွက် ကျမသည် သိန်းစိန် နှင် သူ၏ ဝန်ကြီးများအား တိုင်းရင်းသားများ အတွက် ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေးသည် မည်မျှအထိ အရေးကြီးကြောင်းကို အလေးအနက်ထား၍ ပြောပြခဲ့သည်။

 

တိုင်းရင်းသား လူမျိုးစု ကိုယ်စားလှယ်များကလည်း ပဋိပက္ခများတွင် မိမိတို့လူမျိုးများ မည်မျှအထိ အတိ ဒုက္ခရောက်ခဲ့ကြရပုံများ နှင့် အပြစ်အခတ် ရပ်စဲနိုင်ရေးကိုသာ မျှော်လင့်နေကြကြောင်း ကျမကို ပြောပြခဲ့ ကြသည်။ အချို့တွင်လည်း မြန်မာတို့ အသစ်တဖန် ရရှိလာမည့် အခွင့်အရေး နှင့် လွတ်လပ်ခွင့်များ သူတို့ထံ ရောက်လာနိုင်ပါမည် လားဟူသော အတွေးများလည်း ထွက်ပေါ်လာနေဟန်ရှိသည်။ ထိုအတွေးကပင် ပြုပြင်ပြောင်းလဲရေး များကို ခြောက်လှန့်လာနေမည့် ပြဿနာလည်း ဖြစ်ခဲ့ရသည်။

 

တိုးတက်ပြောင်းလဲလာသည့် အလင်းရောင်တန်းလေးကတော့ အစစ်အမှန် ထွက်ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။ သိန်းစိန်သည်သာ နိုင်ငံရေး အကျဉ်းသားများကို နောက်ထပ်လွှတ်ပေးမည်ဆိုလျှင်၊ လူ့အခွင့်အရေးများကို အကာအကွယ်ပေးမည့် ဥပဒေအသစ်များ ပြဠာန်းလာမည်ဆိုလျှင်၊ ဖြစ်ပေါ်နေသော ပဋိပက္ခများ အတွက် အပြစ်အခတ် ရပ်စဲရေးကို ဖေါ်ဆောင်နိုင်ခဲ့မည် ဆိုလျှင် ကျမတို့ဖက်ကလည်း သံတမန် ဆက်ဆံရေး အပြည့်အဝ ပြန်လည် ထူထောင်ပြီး သံအမတ်သစ် ခန့်အပ်စေလွှတ်ခြင်း၊ ပိတ်ဆို့ ဒဏ်ခတ်ထားမှုများကို ဖြေလျော့ပေးခြင်း၊ ရင်းနှီးမြုပ်နှံမှုများ တိုးမြှင့်ပြုလုပ်ခြင်း နှင့် ဖွံ့ဖြိုးရေး အကူအညီများ ပေးသွားခြင်းဖြင့် ပြန်လည် တုန့်ပြန်လာမည်သာ ဖြစ်သည်။ အောင်ဆန်းစုကြည်ကို ကျမ ပြောခဲ့သလို ဖြစ်ပေါ်တိုးတက်မှု တခုချင်းစီအတွက် ကျမတို့ကလည်း တုန့်ပြန်သွားမည်သာ ဖြစ်သည်။

 

ကျမ၏ ခရီးစဉ်သည် အစိုးရအား နိုင်ငံတကာ မှ အယုံအကြည် ရှိလာစေရေး နှင့် ပြုပြင်ပြောင်းလဲရေးများ ရှေ့လျှောက် ပြုလုပ်သွားရန် အထောက်အကူ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။

 

ရန်ကုန် မြို့တွင်း လမ်းများပေါ်တွင် အောင်ဆန်းစုကြည် နှင့် ကျမ ပန်းခြံထဲ လမ်းလျှောက်နေခဲ့သည့် ဓါတ်ပုံ ပိုစတာများ အလျိုလျို ထွက်ပေါ်လာနေခဲ့သည်။ သူမ၏ ဓါတ်ပုံကားချပ်များသည် ဖခင်ကဲ့သို့ပင် လူအများကြားတွင် အလျှင်အမြန် ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။

 

ကျမလည်း ပန်းချီကား တချပ်လို သာယာလှပသော နိုင်ငံအကြောင်း ကိုယ်တိုင်ကိုယ်ကျ ယခုထက် ပိုပြီး တွေ့ကြုံခံစားချင်မိသည်။ ဧရာဝတီ မြစ်ကြောင်းတလျှောက် ဆန်တက်ကာ မန္တလေးကို ကြည့်ချင်သည်။ တနေ့ကျလျှင် မိသားစုပါခေါ်ပြီး လာဖြစ်အောင် လာဦးမည်ဟု စိတ်ထဲက ကတိပေးနေမိသည်။

 

ပြုပြင်ပြောင်းလဲရေး များ ဆက်လက် ဖြစ်ပေါ်လာနေသလို အောင်ဆန်းစုကြည် နှင့် ကျမတို့သည် နောက်ပိုင်း လများ တွင်လည်း တဦးနှင့် တဦး အဆက်အသွယ် မပြတ် ရှိလာနေခဲ့ကြသည်။ တယ်လီဖုန်းဖြင့် ငါးခါလောက် စကားပြောဖြစ်ခဲ့ကြသည်။ ၂၀၁၂ ဧပြီလ ရွေးကောက်ပွဲတွင် သူမ နှင့် ပါတီ ကိုယ်စားလှယ် ၄၀ ကျော် သည် တနေရာမှ လွဲ၍ နေရာအားလုံးတွင် အရွေးချယ်ခံရကြောင်း ကြားရ၍ ကျမ အဖို့ ကြည်နူးပီတိ ဖြစ်ခဲ့ရသည်။

 

ဒီတကြိမ်တော့ ရွေးကောက်ပွဲ ရလဒ်များကို ပယ်ဖျက်ခဲ့ခြင်းမျိုး မရှိတော့ပေ။ သူမအား နိုင်ငံအရေးတွင် ပါဝင် ထမ်းရွက်ခွင့် ပြုလာကြပြီ ဖြစ်သည်။ သူမ၏ နိုင်ငံရေး ကျွမ်းကျင်မှုကို အသုံးချနိုင်ဖို့ သာ လိုပေတော့သည်။

 

*****************

 

၂၀၁၂ စက်တင်ဘာလထဲတွင် အောင်ဆန်းစုကြည်သည် ၁၇ ရက်ကြာ နေထိုင်လည်ပတ်ရန် အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိလာခဲ့လေသည်။ ကျမတို့ ပထမဆုံးအကြိမ် တယ်လီဖုန်း စပြောခဲ့စဉ်က ကျမ၏ ဆန္ဒ ပြည့်ဝသွားခဲ့ရသည်။ ကျမလည်း သူ့မထံ အလည်ရောက်ခဲ့ပြီးပြီ၊ ယခုသူမလည်း ကျမတို့ထံ ရောက်လာခဲ့ပြီ ဖြစ်သည်။ သူမနှင့် ကျမသည် ဝါရှင်တန်ရှိ ကျမအိမ်၏ မီးဖိုဆောင် အပြင်ဖက် ဒေါင့်ကွေးလေး တခုတွင် နှစ်ယောက် အတူ ထိုင်ဖြစ်ခဲ့ကြသည်။

 

မြန်မာပြည်သို့ ကျမ ရောက်လာပြီး နောက်ပိုင်း လများတွင် စိတ်လှုပ်ရှားဖွယ်ကောင်းသည့် အပြောင်းအလဲများ ဖြင့် ပြည့်နှက်လာနေသည်။ နေပြည်တော်တွင် ကျမတို့ ဆွေးနွေးခဲ့သည့် လမ်းကြောင်းပေါ်သို့ ရောက်အောင် သိန်းစိန်သည် သူ၏အစိုးရကို တဖြေးဖြေး ဆွဲတင်လာနေသည်။ ဒီကြားထဲ နွေရာသီတွင် သူ နှင့် ကျမသည်ကမ္ဘောဒီယားရှိ ကွန်ဖရင့်တခု တွင် ထပ်မံ တွေ့ဆုံဖြစ်ခဲ့ကြသေးသည်။ ပြုပြင်ပြောင်းလဲရေး များလုပ်ရန် သူက ထပ်လောင်း အာမခံ ခဲ့သည်။ ၁၉၈၈ ဒီမိုကရေစီ တောင်းဆိုသည့် ဆန္ဒပြပွဲများ ဖြစ်မြောက်အောင် စည်းရုံး လှုံ့ဆော်ခဲ့သည် ကျောင်းသားများ၊ ၂၀၀၇ ခုနှစ် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ကြသည့် သံဃာများ အပါအဝင် နိုင်ငံရေး အကျဉ်းသား ရာပေါင်းများစွာကို ပြန်လွှတ်ပေးခဲ့ပြီ ဖြစ်သည်။

 

ထိလွယ်ရှလွယ်သည့် အပြစ်အခတ်ရပ်စဲရေး ကို တိုင်းရင်းသား လူနည်းစု လက်နက်ကိုင် အချို့နှင့် လက်မှတ်ရေးထိုးခဲ့ကြသည်။ နိုင်ငံရေးပါတီများလည်း စတင်ဖွဲ့စည်း စည်းရုံးလှုံ့ဆော်ခွင့် ရလာကြသည်။ မကြာမီမှာပင် ရာစုနှစ်ဝက်တခု ကာလ အတွင်း ပထမဆုံးအကြိမ် အဖြစ် ပုဂ္ဂလိက သတင်းများ ပုံနှိပ်ထုတ်ဝေခွင့် ရလာခဲ့ကြသည်။

 

ဤသည်တို့ကို တုန့်ပြန်သည့်အနေဖြင့် အမေရိကန်ပြည်ထောင်စုမှ ပိတ်ဆို့ ဒဏ်ခတ်ထားမှုများကို စတင် ဖြေလျော့ပေးလာခဲ့သည်။ ဒါရက် မစ်ချယ် အားလည်း နှစ်ပေါင်းများစွာ အတွင်း ပထမဆုံး အမေရိကန် သံအမတ်ကြီး အဖြစ် ခန့်အပ်ပေးခဲ့သည်။ မြန်မာသည် နိုင်ငံတကာ အသိုက်အဝန်းသို့ ပြန်လည် ဝင်ရောက် လာခဲ့ပြီ ဖြစ်သည်။ ကာလကြာမြင့်စွာ ရည်မှန်းခဲ့ကြသည့် အာဆီယံ ဥက္ကဌ ရာထူးကိုလည်း ၂၀၁၄ ခုနှစ်တွင် ရရှိလာခဲ့သည်။

 

အရှေ့အလယ်ပိုင်းတွင် အာရပ်နွေဦး လှုပ်ရှားမှုသည် အရှိန်အဟုန် ကျလာနေသော်လည်း မြန်မာသည် အာဏာရှင်စနစ်မှ ဒီမိုကရေစီ စနစ်သို့ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်စွမ်း ရှိသည်ဆိုသော မျှော်လင့်ချက်ကို ကမ္ဘာကြီး အတွက် ထုတ်နှုတ်ပြသလာခဲ့ပြီ ဖြစ်သည်။ မြန်မာ၏ တိုးတက်မှု ဖြစ်စဉ်များသည် ထိတွေ့ ဆက်ဆံခြင်း နှင့် ပိတ်ဆို့ဒဏ်ခတ်မှုများကို ထိထိရောက်ရောက် ရောနှောကျင့်သုံးမည်ဆိုလျှင် ပိတ်ဆို့ခံ ထားရသည့် လူ့အဖွဲ့အစည်းတခုကိုပင် အပြောင်းအလဲများ ဖြစ်အောင် ဖေါ်ဆောင်နိုင်စွမ်း ရှိနေသည်ဟု အကျိုးသင့် အကြောင်းသင့် ပြောဆိုလာနိုင်ရန် အားဖြည့်ပေးနိုင်ခဲ့သည်။

 

မြန်မာ ဗိုလ်ချုပ်ကြီးများကိုပင် နိုင်ငံတကာနှင့် ကုန်သွယ်နိုင်ခွင့်၊ လေးစားမှု တည်ဆောက်နိုင်ခွင့် များဖြင့် အပျော့ဆွဲ ဆွဲကာ အမေ့လျော့ခံ ဘဝမျိုးမှ ဆွဲထုတ်နိုင်ခဲ့လျှင် ကမ္ဘာပေါ်ရှိ မည်သည့် အစိုးရမျိုးကိုမဆို အဖတ်ဆယ်၍ မရနိုင်စရာ မရှိတော့ပေ။

 

၂၀၀၉ ခုနှစ် တွင် မြန်မာ ပြည်နှင့် ပတ်သက်၍ သမားရိုးကျ ခံယူထားမှုများကို ပြန်လည် ဆန်းစစ်ပြီး ပြည်တွင်းရှိ ကျမ မိတ်ဆွေများ ကန့်ကွက်နေကြသည့်ကြားမှ တိုက်ရိုက် ထိတွေ့ဆက်ဆံခဲ့ခြင်းသည် တကယ်တော့ အန္တရာယ်များလှသော ရွေးချယ်ခဲ့မှုသာ ဖြစ်သော်လည်း အမေရိကန် ပြည်ထောင်စုအတွက် အကျိုးအမြတ်များ ထွက်ပေါ်လာခဲ့သည်။

 

၂၀၁၁ ခုနှစ်အတွင်း သမ္မတ အိုဘာမား ၏ အောင်မြင်ခဲ့သည့် အာရှခရီးစဉ်အတွင်း ပေါ်ထွန်းလာခဲ့သော မြန်မာပြည်၏ တိုးတက်မှုများသည် ဘီဂျင်းတွင် ၂၀၀၉ ခုနှစ်ကစပြီး ရှိနေခဲ့သော အစွဲအလမ်းများကို ပြေပျောက်အောင် လုပ်ပေးနိုင်ခဲ့သည်။ အမေရိကန် အစိုးရ၏ အာရှ ဗဟိုပြု မူဝါဒသည်လည်း အောင်မြင်ခဲ့ရသည်။

 

သို့သော် နောက်ပိုင်းတွင် မြန်မာပြည်နှင့် ဒေသအတွင်း ဘာတွေ ဖြစ်လာနိုင်သည်လဲ ဆိုသည်အပေါ် မေးခွန်း ပေါင်းများစွာ ထွက်ပေါ်လာနေသည်။ ၂၀၁၂ ဖေဖေါ်ဝါရီ လထုတ် အတ္တလန်တစ် ဂျာနယ်ကြီးတွင် အာရှ အရေးနှင့် ပတ်သက်ပြီး အတွေ့အကြုံများစွာ ရှိသည့် သတင်းစာဆရာ ဂျိမ်းစ် ဖာလိုးက အာရှ ဗဟိုပြု မူဝါဒ နှင့် သမ္မတ ၏ ခရီးစဉ်အကြောင်း ရွှန်းရွှန်းဝေအောင် ရေးသားလာခဲ့သည်။

 

“နစ်ဆင်မှ တရုတ်ပြည်အား ချဉ်းကပ်ခဲ့သည့် ပုံစံကဲ့သို့ ယခုအခါလည်း လိမ္မာပါးနပ်စွာဖြင့် ဩဇာအာဏာကို အမာ နှင့် အပျော့ ပေါင်းစပ်ကာ မက်လုံးများ၊ ခြိမ်းခြောက်မှုများ၊ တက်သုတ်ရိုက်ခြင်း၊ စိတ်ရှည်ရှည်ထားခြင်း များ ဖြင့် စဉ်းစဉ်းစားစား နှိုင်းနှိုင်းချိန်ချိန်နှင့် ထိရောက်စွာ လမ်းလွှဲပေးနိုင်ခဲ့သည့် ကျွမ်းကျင်မှု မျိုးကို လေ့လာ သင့်လှသည်" ဟု ဖေါ်ပြထားသည်။ အစိုးရကို မကြာခဏ ဝေဖန်လေ့ရှိသည့် ပါမောက္ခ ဝေါ်တာ ရပ်ဆဲလ် မိဒ် ကလည်း “မည်သူမဆို မြင်လိုသည့် ပြတ်သားလှသည့် သံတမန် အောင်ပွဲ” ဟု ထုတ်ဖေါ် ပြောဆို လာခဲ့သည်။