အသူရာထက် နက်သော ချောက်ကမ်းပါးကြီးဆီ ဦးတည်နေသည့် USDP

by Hla Soewai - Nov 28 2020

ဩစတေးလျ နိုင်ငံရှိ တသီးပုဂ္ဂလိက တွေးခေါ်မျှော်မြင်ရေး အဖွဲ့ The Lowy Institute မှ ထုတ်ဝေတဲ့ The Interpreter စာစောင်မှာ “Myanmar’s military-backed opposition party stares into the political abyss” ခေါင်းစဉ်ဖြင့် ဖေါ်ပြထားတာကို ပြန်လည် တင်ပြလိုက်ပါတယ်။

 

မြန်မာ၏ အဓိက အတိုက်အခံ ပါတီဖြစ်သော စစ်တပ်၏ ထောက်ခံမှု ရရှိခဲ့တဲ့ USDP ပါတီ၏ နိုင်ငံရေး အနာဂတ်သည် မရေရာ မသေချာမှုများနှင့် ပြည့်နှက်လာနေပြီ ဖြစ်ပါတယ်။ ယခုလ ရွေးကောက်ပွဲ တွင် စိတ်ပျက်ဖွယ် ကောင်းလောက်အောင် အရေးနိမ့်သွားခဲ့ရပြီး နောက် ၎င်းတို့၏ ဆိုးရွားသွားတဲ့ ကံကြမ္မာကို ထပ်ဆောင်းပေးလိုက်ပြန်သည်က ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရန် ငြင်းဆန်နေခြင်းပဲ ဖြစ်ပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ အနိုင်ရရှိမှုသည် ဒီထက်ပို၍ မပြတ်သားနိုင်တော့လောက်အောင် အပြတ်အသတ် ဖြစ်ခဲ့ရပါတယ်။ စုစုပေါင်း ၃၉၆ နေရာတွင် ၂၀၁၅ ၌ ၇၉% သာ အနိုင်ရရှိခဲ့ရာမှ ယခုအခါ ၈၃% အထိ တိုးမြှင့် အနိုင်ရရှိသွားခဲ့ပါတယ်။ ပြည်နယ် နှင့် တိုင်းဒေသကြီး ၁၄ ခုမှာ ၁၂ ခုတွင် မဲအများစုဖြင့် အနိုင်ရရှိခဲ့ပြန်ပါတယ်။

 

ကိုဗစ်-၁၉ ကူးစက်မှု စိုးရိမ်ဖွယ်ကောင်းလောက်အောင် မြင့်တက်လာနေသော်လည်း မဲလာပေးသူ အရည်အတွက် သိသိသာသာ မြင့်မားလာခဲ့မှုကပင် NLD နှင့် ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက်ဦးဆောင်မှု ပေးသွားရန် ပုံအောထောက်ခံလိုက်ကြခြင်းဖြင့် အခိုင်အမာ ပြဆိုလိုက်တာလည်း ဖြစ်ပါတယ်။

 

သို့သော် ရလဒ်တွင် USDP အဖို့က NLD နှင့် ဆန့်ကျင်ဖက် ဖြစ်သွားခဲ့ရကာ စုစုပေါင်း မဲဆန္ဒနယ်မြေ၏ ၆.၉% တွင် အနိုင်ရရှိသွားခဲ့ပြီး အမတ်နေရာ ၃၃ နေရာသာ ရရှိသွားခဲ့ရှာပါတယ်။ ၂၀၁၅ ထက်ပင် ၈ နေရာ နည်းသွားခဲ့ပြန်ပါတယ်။ ယခင် ဝန်ကြီးဟောင်းများ အပါအဝင် USDP ၏ ခေါင်းဆောင် တသီတတန်းကြီး သည်လည်း တနေရာမှ အနိုင်မရရှိပဲ ရှုံးနိမ့်သွားခဲ့ရပြန်ပြီး ထိုအထဲတွင် ပါတီ၏ ဒုဥက္ကဌ နှစ်ဦး နှင့် ယခင် ဥက္ကဌ ဟောင်း တို့လည်း ပါဝင်ခဲ့ပါတယ်။ ယခင် ၎င်းတို့၏ အမာခံနယ်မြေများ ဖြစ်သည့် မန္တလေးတိုင်း ဒေသကြီး၏ တောင်ပိုင်းမြို့နယ်များကိုလည်း လက်လွှတ်ခဲ့ရပြန်ပါတယ်။

 

ထိုသို့ အကြီးအကျယ် ရှုံးနိမ့်သွားခဲ့ရမှု အတွက် မိမိတို့ အမှားကို ဝေဖန်ဆန်းစစ်ရမဲ့အစား ချက်ခြင်းဆိုသလို ယုတ္တိမတန်သော မဲလိမ်မှု စာရင်းများကို လိုက်လံစုဆောင်းပြီး တပ်မတော်၏ အကူအညီဖြင့် ရွေးကောက်ပွဲ အသစ်တဖန် ကျင်းပပေးဖို့ တောင်းဆိုလိုက်ပါတော့တယ်။ ထိုသို့ ရွေးကောက်ပွဲ အနေအထားကို ရှုပ်ထွေးအောင် ကြိုးပမ်းခဲ့မှုများ ကြောင့် စိုးရိမ်ဖွယ် ကောင်းလောက်သည့် ရွေးကောက်ပွဲ အလွန် အကြမ်းဖက်မှု များ ဟိုနေရာတစ ဒီနေရာတစ ဖြစ်လာခဲ့ပါတယ်။ မကြာမီ ရက်များ အတွင်း ရွေးကောက်ခံ NLD လွှတ်တော် ကိုယ်စားလှယ်တဦးသည် ရှမ်းပြည်မြောက်ပိုင်း ရှိ သူ့အိမ်ရှေ့မှာပင် အမည်မသိ သေနတ်သမား တဦးက ပစ်သတ်သွားခဲ့ပါတယ်။

 

ရွေးကောက်ပွဲ စီစဉ်ဆောင်ရွက်နေမှုများ၊ ကော်မရှင် အဖွဲ့၏ သမာသမတ်ကျမှု အပေါ် မေးခွန်းထုတ် လာခြင်းများ၊ “ရိုဟင်ဂျာ” ဆိုသူများ မဲပေးခွင့် မရရှိခဲ့ခြင်း၊ ပဋိပက္ခ ဖြစ်ပွားနေသော ဒေသများတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ခြင်း အစရှိသည်တို့ အပေါ် စိုးရိမ်မကင်းမှုများ ရှိနေခဲ့သော်ငြားလည်း ကာတာ စင်တာ ကဲ့သို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများက မူမမှန်သည့် လုပ်ရပ်များကို မတွေ့ခဲ့ရဟု တညီတညွတ်တည်း ပြောဆိုခဲ့ကြပါတယ်။

 

USDP က ထိုသို့ ပင်နယ်လ်တီ ပေးရန် တောင်းဆိုလာခြင်းသည်ကပင် စစ်တပ်မှ ၎င်းတို့အား စာနာမှု ရှိလာလေမလား ဆိုသည့် ရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲ မတိုင်မီ နိုဝင်ဘာ အစောပိုင်းက ရွေးကောက်ပွဲ ကော်မရှင်သည် “လက်မခံသင့်သော အမှားများ” ကို ပြုလုပ်လျှက် ရှိတယ်လို့ ပြောဆိုခဲ့တာ ရှိတဲ့ အတွက် ရွေးကောက်ပွဲ ရလဒ်ကို တပ်မတော်မှ လက်ခံမည်လော ဆိုသည့် သံသယ များ ဖြစ်လာခဲ့ရပါတယ်။ သို့သော် ရွေးကောက်ပွဲ အပြီး ထွက်ပေါ်လာသော ပြတ်သားလှတဲ့ ရလဒ်ကြောင့် တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူမှ USDP ၏ သဘောထားကို မိမိတို့ ထောက်ခံလိမ့်မည် မဟုတ်ဟု ပြောဆိုလာခဲ့ပါတယ်။

 

ဖြစ်ပေါ်လာတဲ့ အနေအထားအရ တပ်မတော် အနေဖြင့် လူကြိုက်မများသည့် ပါတီတခုကို လူသိရှင်ကြား ထောက်ခံရန် အကြောင်းမရှိပေ။ လွှတ်တော် တခုစီတွင် စစ်တပ်၏ အကျိုးစီးပွားကို ကာကွယ်ရန် ဖွဲ့စည်းပုံအရ အာမခံ ထားသော ၂၅% ကို ရရှိထားပြီးလည်း ဖြစ်နေပါတယ်။ နိုင်ငံ လုံခြုံရေး အတွက် အဓိကကျတဲ့ နေရာများကို ခန့်ထားပိုင်ခွင့် ရှိနေပြီး ဒုသမ္မတ တဦးကိုလည်း စိတ်ကြိုက် ရွေးချယ်ခန့်ထားခွင့် ရှိနေပါတယ်။

 

USDP ပါတီအား ယခင်စစ်အစိုးရ မှ ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် တည်ထောင်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ ယခုထက်တိုင် ယခင်စစ်ဗိုလ်ချုပ်ကြီးများက ပါတီရာထူးကြီးကြီးများ ရယူထားဆဲ ဖြစ်ပြီး စစ်တပ်နဲ့လည်း ဆက်နွယ်ပတ်သက်နေပြန်ပါတယ်။ ယခု ရွေးကောက်ပွဲတွင် စစ်တပ်မှ ဩဇာလွှမ်းမိုးမှုရှိတဲ့ နေရာ အတော်များများကို အနိုင်ရရှိသွားခဲ့ပါတယ်။

 

အားလုံးကို ခြုံငုံသုံးသပ်ရမည်ဆိုက USDP ၏ ရှုံးနိမ့်ခဲ့မှုသည် တပ်မတော်မှ နိုင်ငံရေးတွင် ဩဇာလွှမ်းမိုးမှုကို လူထုက လက်သင့်မခံနိုင်ကြောင်း ပြသလိုက်တာပဲ ဖြစ်ပါတယ်။ သိုသော် ပါတီ အနေနဲ့ နိုင်ငံရေး မှာ ဘေးရောက်သွားမလား ဆိုတာကတော့ ပြောဖို့ စောနေပါသေးတယ်။ အနည်းဆုံးက ပါတီနဲ့ စစ်တပ် ဆက်နွယ်နေမှုများကြောင့် လွန်စွာ အကျိုးအမြတ် ရှိနေတဲ့ စီးပွားရေး လုပ်ငန်းများ၊ အရင်းအမြစ်များ ရရှိနေတာကြောင့် ပါတီကို ဆက်လက်ပြီး ရှင်သန်နိုင်အောင် မွေးမြူထားရမှာ ဖြစ်ပြီး မည်သို့ မည်ပုံ လုပ်သွားမည်ဆိုသည်မှာ သဲသဲကွဲကွဲ ထွက်ပေါ်မလာသေးပါဘူး။

 

ပါတီ အဖို့ အမာခံ ထောက်ခံမှု ရရှိနေဆဲ ဖြစ်ပြီး လက်ရှိ First-past-the-post ရွေးကောက်ပွဲ စနစ်အောက်မှာတော့ အပြတ်အသတ် ကွာဟနေဆဲ ဖြစ်ပါတယ်။ နောက်ဆုံး စာရင်းချုပ်ပြီးတဲ့ အချိန်ကျရင် လူထုမဲ မည်မျှအထိ ရရှိသွားတယ် ဆိုတာ သိရမှာ ဖြစ်ပါတယ်။ ၂၀၁၅ မှာတော့ မဲဆန္ဒနယ်မြေ စုစုပေါင်း ရဲ့ ၈% နဲ့ လူထုမဲ ရဲ့ ၂၈% ကို ရရှိခဲ့ပါတယ်။

 

လောလောဆယ် လွှတ်တော်ကို ပြန်လည် ကျင်းပတဲ့ အခါ USDP အနေနဲ့ မည်သည့် ကဏ္ဍမှ ပါဝင်သွားရမလဲ ဆိုတာ NLD အပေါ် မူတည်ကောင်း မူတည်နိုင်ပါတယ်။ ၂၀၁၅ နောက်ပိုင်းမှာ NLD က ဝန်ကြီးရာထူးအပါအဝင် နိုင်ငံရေး နေရာ အတော်များများကို USDP အဖွဲ့ဝင် အတော်များများကို ခန့်အပ်ခဲ့ဖူးပါတယ်။ ထို့အတွက် NLD အတွင်း သဘောကွဲလွဲမှုတွေလည်း ရှိလာခဲ့ဖူးပါတယ်။

 

သို့သော် ယခုနှစ် ရွေးကောက်ပွဲ အပြီးတွင် NLD က တိုင်းရင်းသား ပါတီများထံ လက်ကမ်းလိုက်ပြီး “အမျိုးသား ညီညွတ်ရေး အစိုးရ” သဘောမျိုး ပြောဆိုလာခဲ့ပါတယ်။ USDP ကိုတော့ အလားတူ နေရာပေးဖို့ ရှိမရှိကတော့ မသဲကွဲသေးပါဘူး။ အထူးသဖြင့် ယခုလို ရွေးကောက်ပွဲရလဒ်ကို ဆက်လက်ငြင်းပယ်နေမယ် ဆိုရင် တော့ ဖြစ်လာဖို့ မလွယ်ကူလှပါဘူး။

 

*************************

 

(မနေ့က သတင်းစာရှင်းလင်းပွဲတွင် USDP ဒုတိယ ဥက္ကဌ ဦးခင်ရီက ၎င်းတို့ ရဲ့ တိုင်တန်းမှု နဲ့ တသီးပုဂ္ဂလိက ကော်မရှင် ဖွဲ့ပြီး ရွေးကောက်ပွဲ ကော်မရှင်ကို စစ်ဆေးဖို့ တောင်းဆိုမှုတွေကို လစ်လျူရှုခံနေရပြီ ဖြစ်တဲ့ အတွက် မည်သူ့ကို အားကိုးရမှန်း မသိတော့ဟု ပြောဆိုနေဆဲ ဖြစ်ပါတယ်။ ၎င်းတို့အဖို့ကား အကြီးအကျယ် ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သောကြောင့် နိုင်ငံရေး ပါတီအဖြစ် ဆက်လက်ရပ်တည်သွားနိုင်ရန် မိမိတို့ အမှားများကို ပြန်လည် သုံးသပ်ခြင်းမျိုး နဲ့ မဟုတ်ဘဲ ရွေးကောက်ပွဲ မသမာမှုကြောင့် ရှုံးရကြောင်း၊ ပြည်သူများ နိုင်ငံရေး ရေချိန်နိမ့်လွန်း၍ သာ ဖြစ်ရကြောင်း ပြောဆို နေကြဆဲ ဖြစ်တဲ့အတွက် မြန်မာပြည်တွင် ယုံကြည်ရလောက်တဲ့ အတိုက်အခံ အင်အားစုကြီး ထွက်ပေါ်ဖို့ ဝေးကွာနေဆဲ ဖြစ်ပါတယ်။

 

ဤသည်နှင့် ပတ်သက်၍ ဂျပန်နိုင်ငံထုတ် The Diplomat စာစောင်မှလည်း USDP အဖို့ ပြည်သူများ၏ လေးစားခံရမှု ပြန်လည်ရရှိရေး အတွက် ခရီးရှည်ကြီး ပြန်လည် လျှောက်လှမ်းရဦးမည် ဖြစ်သည်ဟု ရေးသားခဲ့ပြန်ပါတယ်)