ထို့အပြင် ဗိုလ်ချုပ်ကြီးဟောင်း တဦး ဖြစ်သော လွှတ်တော် ဥက္ကဌ ရွှေမန်းနှင့် နောက်ထပ် ခန်းမကျယ်ကြီး တခုတွင် တွေ့ဖြစ်ခဲ့သည်။ ကျမတို့ သည် မြန်မာရှုခင်းကို သရုပ်ဖေါ်ထားသည့် ပန်းချီကား ကြီး အောက်တွင် ဆွေးနွေးဖြစ်ခဲ့သည်။ သူသည် စကားပြောကောင်းပြီး စိတ်ရင်းကောင်း ရှိပုံရသည်။ “ခင်ဗျားတို့ နိုင်ငံမှာ ပါလီမန်ကို ဘယ်လို စီမံခန့်ခွဲ လုပ်ကိုင်နေတယ်ဆိုတာ ကျွန်တော်တို့ လေ့လာနေကြပါတယ်” ဟု ပြောသည်။ ကျမ က “စာအုပ်တွေ ဖတ်တာလား ကျွမ်းကျင်သူတွေ ကို မေးမြန်းတာလား”ဟု ပြန်မေးလိုက်သည်၊ “အိုး..အဲ့လို မဟုတ်ပါဘူး၊ ကျွန်တော်တို့ The West Wing တီဗီ ဇာတ်လမ်းတွဲကို စောင့်ကြည့်နေတာပါ” ဟု ပြန်ဖြေသည်။ ကျမ အဖို့ သူ့အဖြေကြောင့် ရီလိုက်ရပြီး သိသင့်တဲ့ အချက်အလက်တွေ ပို့ပေးပါမယ်ဟု ပြောခဲ့ရသည်။
ထိုညနေ ဟိုတယ် သို့ ပြန်ရောက်သည့် အခါ ကျမသည် ဟိုတယ် အပြင်ဖက်တွင် စားပွဲရှည်ကြီး ချပြီး အမေရိကန် သတင်းစာဆရာ အဖွဲ့နှင့် တွေ့ဆုံခဲ့သည်။ ထိုနေ့တနေ့လုံး ကျမ သိလာခဲ့ရသမျှကို အတိုချုံး ပြန်ပြောပြခဲ့သည်။ အရပ်သား အစိုးရ အဖွဲ့ ပြုလုပ်နေသည်များ သည် အရေးပါကြောင်း၊ ထိုအထဲတွင် မီဒီယာနှင့် မြို့ပြအဖွဲ့အစည်းများ အပေါ် ကန့်သတ်မှုများ ဖြေလျော့ပေးခဲ့ခြင်း၊ နိုင်ငံရေး အကျဉ်းသား နှစ်ရာခန့်နှင့်အတူ အောင်ဆန်းစုကြည်ကိုလည်း အကျယ်ချုပ်မှ ပြန်လွှတ်ပေးခဲ့ခြင်း၊ ရွေးကောက်ပွဲနှင့် အလုပ်သမားရေးရာ ဥပဒေများ ပြဌာန်းလာခြင်း အစရှိတာတွေ ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ သိန်းစိန်က ထိုကဲ့သို့ တိုးတက်ဖြစ်ပေါ်မှုများကို အခြေခံပြီး ရှေ့လျောက် ပိုပြီး ကျယ်ပြန့်သည့် ပြုပြင်ပြောင်းလဲမှုများ ဆက်လုပ် သွားမည်ဟု ကတိပေးခဲ့ကြောင်းလည်း ပြောပြခဲ့သည်။ ကျမက သူပြောသည်များကို ယုံကြည်ချင်မိသော်လည်း ထွန်းလင်းလာသော မှိတ်တုတ် မှိတ်တုတ် အလင်းရောင်လေး ဆိုသည်က တခဏချင်းမှာပင် အလွယ်တကူ ငြိမ်းသွားနိုင်သည် မဟုတ်ပါလား။
“မိုးရွာတုန်း ရေခံ” ဆိုသော မြန်မာ စကားပုံလည်း ရှိနေသည်။ ယခုအချိန်သည် ပြုလုပ်ပြီးသော တိုးတက်မှု များကို ခိုင်မာအောင် တည်ဆောက်ပြီး အနာဂတ်တွင် ဆက်လက် အသုံးပြု၍ရအောင် သော့ခတ် သိမ်းထား နိုင်မှသာ နောက်ပြန်ရောက်သွားမည့် ပြန်လည် ပြင်ဆင်တာမျိုး လုပ်၍ မရတော့မည်လည်း ဖြစ်သည်။
ကျမ က မြန်မာ ပြည်သူများကသာ လက်ရှိ လမ်းကြောင်းအတိုင်း ဆက်သွားဖို့ ရွေးချယ်ခဲ့လျှင် အမေရိကန် ပြည်ထောင်စုသည်လည်း လက်ရှိ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းအတိုင်း မြန်မာပြည်သူများနှင့် လက်တွဲ လျှောက်လှမ်းသွားဖို့ ပြင်ဆင်ထားပြီး ဖြစ်ကြောင်းကို သိန်းစိန်အား ပြောပြထားခဲ့ပြီး ဖြစ်သည်။
ရန်ကုန်သို့ မိနစ်လေးဆယ်ကြာ လေယာဉ်စီးလာခဲ့ရသည်။ ကျမ အဖို့ကတော့ အိမ်မက်ဆန်လှသည့် တစ္ဆေမြို့ကြီး တမြို့မှ ထွက်လာပြီး နောက်ထပ် ကမ္ဘာတခုသို့ ရောက်ရှိလာသလို ခံစားလိုက်ရသည်။ ရန်ကုန်သည် ကိုလိုနီ ခေတ် အငွေ့အသက်များ မှေးမှိန်စ ပြုနေသည့် မြို့ကြီးဖြစ်ပြီး လူဦးရေ လေးသန်းခန့် နေထိုင်လျှက် ရှိကာ လမ်းများပေါ်တွင် သွားလာလှုပ်ရှားနေသော အမြဲလို စည်ကားနေသည်။ ဆယ်စုနှစ်ပေါင်း များစွာ ပြင်ပကမ္ဘာနှင့် အဆက်ပြတ်နေခဲ့သည့်အပြင် စီမံခန့်ခွဲမှု အလွဲများ၏ ဒဏ်ရာဒဏ်ချက်များက ကွဲပြဲထွက်လာနေသည်ကို ဟောင်းနွမ်း ချွတ်ခြုံကျလာနေသော အဆောက်အဦးမျက်နှာစာ များ နှင့် နံရံများပေါ်မှ ကွာကျနေသော ဆေးသားများက သက်သေခံလျှက် ရှိနေသည်။ သို့သော်လည်း တခါက လူအများသည် အဘယ်ကြောင့် "အာရှ၏ အဆင်တန်ဆာရတနာ” တပါး အဖြစ် သတ်မှတ်ခဲ့ကြသည်ကိုတော့ တွေးကြည့်လျှင် သိနိုင်နေဆဲပင် ဖြစ်သည်။ ရန်ကုန် ၏ အလယ်တည့်တည့် တွင်တော့ ရွှေတိဂုံ စေတီကြီးက မားမားမတ်မတ် ကြီး ရှိနေပေသည်။ နှစ်ပေါင်း ၂,၅၀၀ သက်တမ်းရှိ ဗုဒ္ဓဘာသာဝင်တို့၏ စေတီကြီး တဆူ ဖြစ်ပြီး ရွှေရောင် တလက်လက် ဝင်းပနေသော စုလစ်မွန်းချွန်များ နှင့် မရေတွက်နိုင်လောက်အောင် များပြားသော ဗုဒ္ဓရုပ် ပွားတော်များ စံပယ်ရာ နေရာလည်း ဖြစ်သည်။
ကျမလည်း ထုံးတမ်းဓလေ့ကို လေးစားလိုက်နာသည့် အနေဖြင့် စီးလာသော ဖိနပ်ကို ချွတ်လိုက်ပြီး ဘုရား ရင်ပြင်တော်ပေါ် လှည့်ပတ်ကြည့်ရှုခဲ့သည်။ လုံခြုံရေး အစောင့်များကတော့ အရေးပေါ်အခြေအနေတခု ကြုံတွေ့ရလျှင် အသင့်ဖြစ်နေအောင် သူတို့၏ ရှုးဖိနပ်များကို ချွတ်လိုကြဟန် မရှိပေ။ သို့သော် အမေရိကန် သတင်းစာဆရာများကတော့ ဆက်စီ ကျလှပြီး နီရဲတောက်ပနေသော ဟု တစုံတယောက်က တင်စားခဲ့သည့် ကျမ၏ ခြေသည်းများကို ကြည့်လို့ ကောင်းသည်ဟု ပြောခဲ့ကြသည်။
ဘုရားပေါ်တွင် ကျမ၏ ပတ်ပတ်လည်၌ ဝိုင်းရံကြည့်ရှုနေကြသူများ၊ သံဃာများ ခြံရံလျှက် ဗုဒ္ဓရုပ်ပွားတော်ကြီး တဆူရှေ့တွင် ဖယောင်းတိုင်နှင့် အမွှေးတိုင်များ ထွန်းညှိခဲ့သည်။ ထို့နောက် ကျမအား တန်ချိန် လေးဆယ် ခန့် ရှိ ကြီးမားသော ခေါင်းလောင်းကြီး ရှိရာသို့ ခေါ်လာခဲ့ကြသည်။ ခေါင်းလောင်းကြီး အနီးရှိ ဘုန်းကြီးတပါးက ကျမအား ရွှေချထားသော တုတ်တံကြီး တခုကို ကမ်းပေးပြီး သုံးကြိမ်တိတိ တီးရန် ပြောသည်။ ထို့နောက် ကျမလည်း ပြောသည့်အတိုင်း စကျင်ကျောက်သား ဖြင့် ထုထားသည့် ဗုဒ္ဓဆင်းတုတော် အသေးတဆူအား ဦးခေါင်းမှတဆင့် ရေ ၁၁ ခွက် လောင်းရင်းက “ဆယ်တစ်မျိုး ဆုတောင်းလို့ရလား” ဟု မေးလိုက်သည်။ ကျမကား မြန်မာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ နှင့် ညွတ်နူးဖွယ် ထိတွေ့လာခဲ့ရပြီ ဖြစ်သည်။
ထို ညနေမှာပင် ကျမသည် အောင်ဆန်းစုကြည်နှင့် အမေရိကန် သံအမတ်ကြီး နေထိုင်ခဲ့ဖူးသည့် အင်ယားကန် ဘေးရှိ အိမ်ကြီးတွင် လူချင်း ဆုံတွေ့ခွင့်ရခဲ့သည်။ ကျမ က အဖြူရောင် ဂျက်ကက်နှင့် အမဲရောင် ဘောင်းဘီကို ဝတ်ထားခဲ့ပြီး တရားဝင် မီမိုဖြင့် သတိပေးထားခဲ့သည်များမှာ ခေါင်းထဲတွင် မရှိတော့ပေ။ အားလုံး အံ့အားတသင့် နှစ်ခြိုက်စရာ ဖြစ်သွားရသည်က အောင်ဆန်းစုကြည်လည်း ကျမနှင့် အရောင်တူ ဝတ်ဆင်ပြီး ရောက်လာခဲ့ခြင်းပင် ဖြစ်သည်။ ကျမလည်း ကပ် ကမ်ဘဲလ်၊ ဒါရက် မစ်ချယ် တို့ ခြံရံလျှက် သူမနှင့် အတူ ထိုင်ကာ အဖျော်ရည်များ သောက်ပြီး သူမနှင့် သီးသန့် နှစ်ယောက်ချင်း စတင် ဆွေးနွေးခဲ့သည်။
သူမ၏ ပါတီအား ၂၀၁၁ နိုဝင်ဘာလတွင် တရားဝင် မှတ်ပုံတင်ခွင့် ပြုခဲ့ပြီ ဖြစ်သည်။ ပါတီခေါင်းဆောင်များ နှင့် အကြိမ်ပေါင်းများစွာ ဆွေးနွေးခဲ့ပြီးနောက် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ အောင်ဆန်းစုကြည်က သူမကိုယ်တိုင်လည်း အမတ်အဖြစ် ဝင်ရောက် အရွေးခံမည်ဟု ကျမကို ပြောပြခဲ့သည်။ နှစ်ပေါင်းများစွာ ကြာအောင် တကိုယ်တည်း အကျဉ်းချခံခဲ့ရပြီးနောက် ခက်ခက်ခဲခဲ နှင့် စိုးရိမ်စရာ ကောင်းသည့် အလားအလာ တခုလည်း ဖြစ်သည်။
ညစာ အတူ စားကြရင်း ကျမက နေပြည်တော်တွင် တွေ့ခဲ့ရသည် သိန်းစိန် နှင့် အခြား အစိုးရ အကြီးအကဲ များ အပေါ် ထင်မြင်ချက်များကို သူ့အား ပြောပြဖြစ်ခဲ့သည်။ ကျမ ၏ ပထမဆုံး အကြိမ် အမတ် အဖြစ် အရွေးခံခဲ့ရသည့် အတွေ့အကြုံများထဲမှ မှတ်မိသမျှကိုလည်း ဝေမျှပေးခဲ့သည်။ သူက ကျမအား ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်တယောက် အဖြစ် မည်သို့မည်ပုံ ပြင်ဆင်ခဲ့ရပုံများနှင့် ပတ်သက်ပြီး မေးခွန်းပေါင်း များစွာ မေးလာခဲ့သည်။ သူမအတွက်က ထိုအရေးသည် ကိုယ်တိုင်ကိုယ်ကျ တိတိပပ သိထားရမည့် ကိစ္စတခုလို ဖြစ်လာနေသည်။ ကွယ်လွန်သွားသူ မြန်မာလွတ်လပ်ရေး သူရဲကောင်း ဖခင်ကြီး၏ ချန်ထားရစ်ခဲ့သော သမိုင်းကြောင်း အစဉ်အလာများက သူမအား ဖိစီးလာသည်နှင့်အမျှ တဖက်ကလည်း လှုံ့ဆော် အားပေးသလို ဖြစ်လာခဲ့ရသည်။ သူမသည် ဖခင်၏ အမွေကို စွဲကိုင်ထားသူ ဖြစ်လာတော့မည် ဆိုသည်ကို မြန်မာတို့၏ စိတ်တွင် စွဲထင်နေခဲ့ရုံမက သူမအား ကာလကြာမြင့်စွာ အကျဉ်းချထားခဲ့ကြသည့် ဗိုလ်ချုပ်ကြီးများ နှင့် ထိစပ်မှု ရှိအောင် ဖန်တီးပေးလာခဲ့ခြင်းလည်း ဖြစ်သည်။
သူမသည် အစိုးရ အကြီးအကဲ တဦး၏ သမီး ဖြစ်ပြီး တပ်မတော်ထဲမှ ပေါက်ဖွားလာခဲ့သူလည်း ဖြစ်၍ တပ်မတော်၏ အစဉ်အလာ နှင့် လုပ်ထုံးလုပ်နည်းများကို လေးစားသမှု ရှိပြီး ဖြစ်သည်။ ကျမအနေနဲ့ သူတို့ နဲ့ အတူ တွဲလုပ်နိုင်ပါတယ်ဟု ယုံကြည်မှု အပြည့်ဖြင့် ပြောလာခဲ့သည်။ ထိုစကားကို ကြားလိုက်ရသည့်အခါ နယ်ဆင် မင်ဒဲလား တယောက် သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိမ်ဆိုသည့် နေ့က သူ၏ အကျဉ်းထောင် အစောင့်များကို ပွေ့ဖက် နှုတ်ဆက်ခဲ့ပုံကို ပြန်၍ မြင်ယောင်မိလိုက်သည်။ ဤသည်ကား မင်ဒဲလား၏ လွန်စွာ မြင့်မြတ်သော စံထားလောက်သည့် အတွေးအခေါ် ဖြစ်သည့်အပြင် ခေါင်းမာလှစွာ လက်တွေ့ကျကျ ရင်ဆိုင်မှုလည်း ဖြစ်ပေသည်။ အောင်ဆန်းစုကြည်သည်လည်း အလားတူပင် ဖြစ်သည်။ သူမသည် နိုင်ငံကို ပြောင်းလဲပြစ်ရန် သံဓိဠာန် ချထားပြီး ဖြစ်သည့်အတွက် ထိုအခွင့်အရေးရဖို့ နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ ရပြီးနောက် ယခုအခါတွင် အလျော့အတင်းပြုလုပ်ရန်၊ ချော့မော့ဖျောင်းဖျရန်၊ တိုင်းပြည်တိုးတက်ရေး အတွက် သူမ၏ ရန်သူဟောင်းများ အား တူညီသော ရည်မှန်းချက်များ ထားရှိလာအောင် လက်တွဲ ခေါ်ဆောင်သွားရန် အဆင်သင့် ပြင်ထားခဲ့ပြီး ဖြစ်ပုံရသည်။
ကျမတို့ နှစ်ဦး ထိုညနေ အတွက် မခွဲခွာခင်မှာပင် အောင်ဆန်းစုကြည်နှင့် ကျမတို့ လက်ဆောင်များ ဖလှယ် ဖြစ်ခဲ့သည်။ ကျမက အမေရိကန်မှ သူကြိုက်မည်ထင်သော စာအုပ်တထပ်ကြီးကို ယူလာပေးခဲ့သည့်အပြင် သူမ ၏ ခွေးအတွက် ဝါး၍ ဆော့ကစားလို့ ရသည့် အရုပ်လည်း လက်ဆောင်ပေးခဲ့သည်။ ကျမကို သူမကိုယ်တိုင် ဒီဇိုင်းထုတ် ပြုလုပ်ထားသည့် ရှေးခေတ် မြန်မာလက်ရာ သစ်စေ့ဖူး ပုံ လောကက်သီးပါ ငွေဆွဲကြိုးတကုံး လက်ဆောင်ပေးခဲ့သည်။
နောက်တနေ့ မနက်တွင်တော့ ကျမတို့ နှစ်ဦးမှာ သူမ ငယ်စဉ်ဘဝကတည်းက နေထိုင်လာခဲ့သည့် အိမ်တွင် နောက်တကြိမ် တွေ့ဆုံ ဖြစ်ခဲ့သည်။ အိမ်အတွင်း ကြမ်းခင်းများကို ပြောင်လက်နေသည့် သစ်သားများနှင့် ခင်းထားပြီး မျက်နှာကြက်ကလည်း ရှင်းရှင်းလင်းလင်း နှင့် တမျှော်တခေါ်ကြီး ဖြစ်သည်။ အိမ်က နေချင့်စဖွယ်ကောင်းလှသဖြင့် ထိုအိမ်ထဲတွင်ပင် သူမသည် နှစ်ပေါင်းများစွာ အကျဉ်းချခံခဲ့ရသည့် အဖြစ်ကို ကျမ အလွယ်တကူ မေ့ပျောက်သွားမိခဲ့သည်။ ကျမအား သူမ ပါတီမှ အကြီးအကဲများ နှင့် မိတ်ဆက်ပေးခဲ့သည်။ အားလုံးက အသက်အရွယ် ကြီးရင့်သူများ ဖြစ်နေကြပြီး ဖိနှိပ်ခံခဲ့ရသည့် နှစ်ပေါင်းများစွာ ကို ရှင်သန် ဖြတ်သန်းလာ ခဲ့ရသဖြင့်လည်း တွေ့မြင်လာရသည့် အပြောင်းအလဲများအပေါ် ယုံကြည်ရန် ခက်ခဲနေကြသူများလည်း ဖြစ်သည်။
ကျမက သူတို့နှင့် အတူ စားပွဲဝိုင်းကြီးတခု တွင် အတူ ဝိုင်းထိုင်လိုက်ပြီး သူတို့ ပြောပြသည့် အကြောင်းများကို နားထောင်ပေးခဲ့သည်။ အောင်ဆန်းဆုကြည်သည် လူများနှင့် ပေါင်းသင်းဆက်ဆံတတ်သူ တဦး ဖြစ်သည်။ သူမသည် ကမ္ဘာတဝှမ်းတွင် ထင်ပေါ်ကျော်ကြားနေပြီး သူမ၏ နိုင်ငံအတွက် စံထားရမည့် ပုဂ္ဂိုလ်တဦး ဖြစ်နေသော်ငြားလည်း ပါတီက လူကြီးများကို တလေးတစားနှင့် ဂရုတစိုက် ဆက်ဆံနေမှုက ပျောက်ကွယ် သွားခြင်း မရှိခဲ့ပေ။ ထို့အတွက်လည်း သူတို့အားလုံးက သူမအား ချစ်ခင်နေကြခြင်းပင် ဖြစ်မည်။
ထို့နောက် အိမ်ရှေ့ပန်းခြံထဲတွင် ကျမတို့ နှစ်ယောက် အတူ လမ်းလျှောက် စကားပြောဖြစ်ခဲ့ကြသည်။