ကျမသည် နေပြည်တော်သို့ ၂၀၁၁ နိုဝင်ဘာ ၃၀ ရက်နေ့တွင် ရောက်ရှိလာခဲ့သည်။ မြို့တော်၏ လေယာဉ် ပြေးလမ်း ကျဉ်းကျဉ်းလေးအား ကတ္တရာ ခင်းထားပြီး ဖြစ်သော်လည်း နေဝင်သွားပြီးနောက်တွင်မူ ပေးထားသော အလင်းရောင်မှာ လုံလုံလောက်လောက် မရှိပေ။
ဝါရှင်တန်မှ ထွက်မလာမီလေးမှာပင် နိုင်ငံခြားရေး ဝန်ကြီးဌာနရှိ အာရှရေးရာ ကျွမ်းကျင်သူများက အဖြူရောင်၊ အမဲရောင်၊ အနီရောင် များ ပါသည့် အဝတ်အစားများ မဝတ်ဆင်ရန် ကျမ နှင့် အတူ လိုက်ပါမည့် လူများအား အကြံပေးသည့် ဌာနတွင်း မီမို ကို ဖြန့်ဝေပေးခဲ့သည်။ သူတို့၏ အဆိုအရ ဒေသ ယဉ်ကျေးမှု ထုံးတမ်းများ ကြောင့် ဖြစ်သည် ဟု သိရသည်။ ခရီးတခု မသွားမီ ထိုသို့ မီမိုများ ထုတ်ပြန်ပေးခြင်းမှာ လုပ်နေကျဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အချို့နေရာများတွင် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား မျိုးနွယ်များ သည် သူတို့နှင့် သက်ဆိုင်သည့် အရောင်များ ရှိနေကြ၍ ဖြစ်သည်။ ထို့အတွက် ကျမသည်လည်း ကျမ အဝတ်ဘီဒိုကို လှန်လှောကာ မြန်မာနှင့် လိုက်ဖက်မည့် အဝတ်အစား အရောင်များကို တကူးတက ရှာဖွေခဲ့ရပြန်သည်။ ကျမသည် ပူပြင်းသော ဒေသနှင့် သင့်တော်မည်ဟု ထင်ပြီး ပေါ့ပေါ့ပါးပါးလည်း ရှိ၊ ကျမ အကြိုက်လည်း ဖြစ်သည့် အဖြူရောင် ဂျက်ကက်ကို ဝယ်ထားသည်မှာ မကြာလှသေးပေ။ ဒါကို ထည့်ယူသွား၍ကော သူတို့ ယဉ်ကျေးမှု အရ အထိမခံ ရွှေပန်းကန် ဖြစ်နိုင်ပါ၏လော၊ ကျမလည်း သူတို့အပြောမှာ မှားချင်မှားနိုင် သည်ထင်ကာ ထည့်ယူလာခဲ့သည်။ ကျမအထင်သည် မှန်သွားပေသည်။ လေယာဉ်ပေါ်က ဆင်းလျှင် ဆင်းချင်းမှာပင် ကျမတို့ကို ရှောင်ပါဆိုသော အရောင်များအပြင် အခြားအရောင်မျိုးစုံကို ဝတ်ပြီး လာရောက်ကြိုဆိုနေကြသော မြန်မာတို့ကို တွေ့လိုက်ရပေသည်။ ကျမ စိတ်ထဲတွင်တော့ ကျမတို့ဖက်မှ အကြီးအကျယ် နားလည်မှု လွဲနေကြတာမျိုး မဟုတ်ပါစေနှင့်ဟု ဆုတောင်းလိုက်မိသည်။ မည်သို့ပင် ဖြစ်စေ ကျမအဖို့ အဖြူရောင် ဂျက်ကက်ကို စိတ်ချလက်ချ ဝတ်၍ ရသွားပြီ ဖြစ်သည်။
ကျမတို့ မော်တော်ကားတန်းကြီးသည် လေဆိပ်မှ ထွက်လာပြီး တမျှော်တခေါ် ကျယ်ပြန့်လှသော လယ်ကွင်းကြီးများကို ဖြတ်လာခဲ့ကြသည်။ အဝေးပြေး ကားလမ်းမကြီး တွင် ယာဉ်အစီး ၂၀ ခန့် သွားလာ၍ရအောင် ကျယ်ပြောလှသော်လည်း လမ်းပေါ်တွင် ယာဉ်သွားယာဉ်လာ ကင်းမဲ့နေသည်။ တခါတရံတွင် စက်ဘီး တစီးတလေ ကို တွေ့လိုက်ရသော်လည်း လမ်းပေါ်တွင် ကားတစီးတလေမျှ မတွေ့ခဲ့ရသည့်အပြင် လူသွားလူလာ လည်း မရှိပေ။ သို့သော် အဖြူရောင် နွားများဆွဲပြီး သွားနေသည့် လှည်းတစီးကိုမောင်းလာသော ဝါးခမောက်နှင့်လယ်သမားတဦးအား တွေ့ခဲ့ရသည်။ ကျမအဖို့က သမိုင်း၏ အစောပိုင်းကာလများကို ပြတင်းပေါက်မှ လှမ်းကြည့်ခွင့် ရခဲ့သလို ဖြစ်ခဲ့ရသည်။
အဝေးတွင် အစိုးရ အဆောက်အဦးများမှ ထိုးထွက်နေသော ချွန်ချွန်တက်တက်များကို လှမ်းမြင်နေရသည်။ မြို့တော်အား ၂၀၀၅ ခုနှစ် စစ်တပ်မှ ဦးစီးပြီး လျို့ဝှက်စွာ ဆောက်လုပ်ပြီးစီးသွားခဲ့ခြင်း ဖြစ်သည်။ အမေရိကန်တို့ ကျူးကျော်လာခဲ့လျှင် ဟူသည့် စိတ်ကူး အတွေးသက်သက်ဖြင့် တံတိုင်းကြီးများ မုတ်ဦးကြီးများ ဖြင့် ကာရံတည်ဆောက်ထားခဲ့ခြင်းလည်း ဖြစ်သည်။ တကယ်တမ်းတွင် လူအနည်းငယ်မျှသာ နေထိုင်လျှက် ရှိကာ အဆောက်အဦး အတော်များများသည်လည်း ဟာလာဟင်းလင်း ဖြစ်နေပြီး အချို့က ဆောက်လက်စပင် ရှိသေးသည်။ ထိုနေရာတခုလုံးကို ကြည့်ရသည်မှာ Potemkin village ကို ကြည့်ရသလိုပင်၊ (Potemkin village ဆိုသည်မှာ လူမုန်းများသော အုပ်ချုပ်သူများက ပြင်ပ ကို လှည့်စားရန် အဆောက်အဦး မျက်နှာစာချည်းသာ ဟန်ပြ တည်ဆောက်ထားခြင်း ဖြစ်ပြီး၊ နောက်တွင် ဟာလာဟင်းလင်း ဖြစ်နေသည့် ရွာမျိုးကို ဆိုလိုသည်။ (ဟော်လီဝုဒ် ရှိ prop setting သဘောမျိုးပင် ဖြစ်သည် - စာရေးသူ)
နောက်တနေ့ မနက်တွင် သမ္မတ သိန်းစိန်၏ ဧည့်ဂေဟာ သို့ ကျမ ရောက်သွားခဲ့သည်။ အခန်းကြီးမှာ ကျယ်ဝန်းလှပြီး လွန်စွာမှ ကြီးမားလှသည့် မီးပန်းဆိုင်းကြီး များ အောက်ရှိ ရွှေပလ္လင်ကြီးများ ပေါ်တွင် ထိုင်ခဲ့ကြသည်။ အပြင်အဆင်များသည် ခမ်းနားသလောက် သိန်းစိန်ကတော့ ထယ်ထယ်ဝါဝါ မရှိလှဘဲ ရို့ရို့ကျိုးကျိုး ပုံစံမျိုး တွေ့လိုက်ရသည်။ သူသည် တကယ်တမ်းတွင် နိုင်ငံအကြီးအကဲ တဦး ဖြစ်ရုံမက စစ်အစိုးရ ခေါင်းဆောင်လည်း ဖြစ်ခဲ့ဖူးသဖြင့် ယခုလို ပုံစံဖြင့် တွေ့လိုက်ရသောကြောင့် အံ့ဩမိခဲ့ခြင်းဖြစ်သည်။ ခန္ဓာကိုယ်က သေးသေးသွယ်သွယ် ဖြစ်ပြီး ခါးအနည်းငယ် ကုန်းနေဟန်ရှိသည်။ ပါးလျားသော ဆံပင်နှင့် မျက်မှန် တပ်ထားသည်။ သူ၏ပုံစံသည် ဗိုလ်ချုပ်ကြီး တယောက်နှင့် မတူဘဲ ငွေစာရင်းကိုင် တဦး နှင့် ပိုတူနေသည်။ စစ်အစိုးရ လက်အောက်တွင် ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သော်လည်း အမြဲလို ကော်များနှင့် တောင့်တင်းနေသော စစ်ယူနီဖောင်းကို ဝတ်ထားလေ့ရှိပြီး ယခုအခါမှသာ ပုဆိုး၊ တိုက်ပုံ၊ ခြေညှပ်ဖိနပ်နှင့် တွေ့လိုက်ရခြင်း ဖြစ်သည်။
မြန်မာပြည်တွင်း နှင့် ပြည်ပရှိ လူများသည် သန်းရွှေမှ သိန်းစိန်အား သူ့နေရာကို ဆက်ခံရန် ရွေးချယ် ခဲ့ခြင်းသည် လူအေး တယောက် ဖြစ်သဖြင့် ပြင်ပကမ္ဘာကို ခြိမ်းခြောက်နိုင်သည့် ပုံမျိုး မရှိသည့်အပြင် သူ့နောက်ကွယ်ရှိ စိတ်မာခက်ထန်ပြီး အယူအဆတင်းမာသည့် စစ်အုပ်ချုပ်ရေးသမား များအတွက် ရှေ့က ရပ်ပေးနိုင်ရုံ သွေးဆောင်ရ လွယ်ကူသူ ဖြစ်သောကြောင့်ဟု ခန့်မှန်းနေခဲ့ကြသည်။ ယခုအချိန်အထိတော့ သိန်းစိန်သည် အားလုံးထင်မထားသည့် မိမိသဘောနှင့်မိမိ လုပ်ကိုင်နိုင်ကြောင်း ပြသနေပြီဖြစ်သည့်အပြင် အညွန့်ထွက်ကာစ ပြုပြင်ပြောင်းလဲရေးများ ဖြစ်ပေါ်အောင် နောက်ကွယ်မှ အမှန်တကယ်ပင် ဒိုင်ခံ တွန်းတွန်းတိုက်တိုက် လုပ်ပေးနေသူ ဖြစ်လာသည်။
ကျမနှင့် ဆွေးနွေးခဲ့ရာတွင် နိုင်ငံတကာ မှ အသိအမှတ်ပြုပြီး ပိတ်ဆို့ဒဏ်ခတ်မှုများ ပြေလျော့လာစေနိုင်သည့် ဆောင်ရွက်စရာ ရှိသည်များကို ရှင်းပြပြီး အားပေးခဲ့သည်။
“ရှင် အခုသွားနေတာ လမ်းကြောင်းအမှန်ပေါ် ရောက်နေပြီ၊ ရှင်သိတဲ့အတိုင်း ခက်ခဲတဲ့ ရွေးချယ်မှုတွေနဲ့ ကျော်လွှားရမဲ့ အခက်အခဲတွေကလည်း ရှိနေဦးမှာပါ၊ ဒါပေမယ့် ရှင်အနေနဲ့ တိုင်းပြည်ကို သမိုင်းတွင်စေတဲ့ အမွေ တွေ ချန်ထားနိုင်ခဲ့မယ် ဆိုတဲ့ အခွင့်အရေးကလည်း ရှိလာနေပါတယ်” ဟု ပြောပြီး သမ္မတ အိုဘာမားမှ သူ့ထံ တိုက်ရိုက် ရေးသားထားသည့် စာတစောင်ကို ပါ ပေးခဲ့သည်။ ထိုစာထဲတွင်လည်း ကျမ ပြောသည့် အချက်များကိုသာ အလေးပေး ရေးသားထားခဲ့သည်။
သိန်းစိန်က ဂရုတစိုက်နှင့် တုန့်ပြန်ပြောဆိုခဲ့ပြီး ဟာသလေးများပင် နှော၍ ပြောခဲ့သေးသည်။ သို့သော် သူ့ ပါးစပ်မှ တမင်တကာ ဂရုတစိုက် ရွေးချယ် သုံးနှုံးလာသည့် စကားများထဲတွင် ရည်မှန်းချက်ကြီးသည့် အမြော်အမြင်များ တစွန်းတစ ထွက်ပေါ်လာနေသည်။ ပြုပြင်ပြောင်းလဲရေးများ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပြီး သူနှင့် အောင်ဆန်းစုကြည်အကြားလည်း တင်းမာမှုများ လျော့နည်းအောင် ပြုလုပ်သွားမှာ ဖြစ်သည်ဟု ပြောလာခဲ့သည်။ သူသည် ရှေ့လျှောက် ပို၍ ကျယ်ပြောလာမည့် မဟာဗျူဟာမြောက် အခင်းအကျင်းများကို ကောင်းစွာ သိထားပြီးသူ ဖြစ်သည်။
“ကျွန်တော်တို့ နိုင်ငံက အင်အားကြီး နိုင်ငံနှစ်ခုအကြား ရောက်နေပါတယ်” ဟု တရုတ် နှင့် အိန္ဒိယ ကို ရည်ရွယ် ပြောဆိုခဲ့ပြန်သည်။ ထို့အတွက် ဘီဂျင်း နှင့် ဆက်ဆံရေး ကို ပျက်ပြားသွားသည်အထိ မဖြစ်ရန် သတိထားဖို့ လိုအပ်လာသည်။ ကျမအဖို့မှာ နိုင်ငံ၏ အနာဂတ်ကို ရှင်းလင်းပြတ်သားစွာ မျှော်တွေးပြီး သူပါဝင် လုပ်ဆောင် နိုင်သည့် အခန်းကဏ္ဍကို သိထားပြီးသူ တယောက်အား တွေ့လာခဲ့ရပြီ ဖြစ်သည်။
ကျမသည် ကမ္ဘာတဝှမ်း သွားလာခဲ့ရာတွင် သုံးမျိုးသုံးစားသော ခေါင်းဆောင်များကို တွေ့လာခဲ့ရသည်။ ပထမတမျိုးက ကျမတို့ ယုံကြည်လက်ခံထားသော စံနှုန်းများကို လက်ခံပြီး ကမ္ဘာအမြင်များတွင်လည်း တူညီစွာ ခံယူထားသဖြင့် ကျမတို့နှင့် သဘာဝကျစွာ မဟာမိတ်များ ဖြစ်လာသော ခေါင်းဆောင်များ၊ နောက်တမျိုးက မှန်ကန်သည့် အရာများကို လုပ်ချင်နေသော်လည်း နိုင်ငံရေး အရ ပြင်းပြသော ဆန္ဒ၊ စွမ်းဆောင်နိုင်ရည် ပိုင်းတွင်ပါ ချို့တဲ့နေသူများ၊ နောက်တမျိုးသည် မိမိတို့ အကျိုးစီးပွားသာ ခေါင်းထဲရှိနေသူများ ဖြစ်ပြီး ကျမတို့ ခံယူထားသည့် စံများ နှင့် ကန့်လန့်တိုက်ကာ တတ်နိုင်သမျှ နေရာတိုင်းတွင် ဆန့်ကျင်နေကြသူ မျိုး တို့ ဖြစ်သည်။ ထိုသုံးမျိုး သုံးစားထဲတွင် သိန်းစိန်သည် ဘယ်အမျိုးအစားထဲများ ပါဝင်နေပါလိမ့်ဟု ကျမ တွေးကြည့်လိုက် မိပြန်သည်။ သူသည် ဒီမိုကရေစီ အရေးအတွက် ရိုးရိုးသားသား ဆန္ဒရှိနေခဲ့လျှင်တောင်မှ သူ၏ လုပ်ဖေါ်ကိုင်ဖက် စစ်ခေါင်းဆောင်များအကြား ကျားကုတ်ကျားခဲ ဆန့်ကျင်နေသူများကို ကျော်လွှားနိုင်မည့် နိုင်ငံရေးအရ လုံလောက်သည့် ပါးနပ်လိမ္မာမှု ရှိပြီး ခက်ခဲလှသည့် နိုင်ငံ ကို အသွင်ပြောင်းပြစ်ရမည့် တာဝန်ကြီးကို တကယ်တမ်း ထမ်းရွက်နိုင်သူ ဖြစ်လာနိုင်မည်လော။
ကျမ သဘောထားက တော့ သိန်းစိန် ကို လက်ကမ်းကြိုဆိုနိုင်မှသာ နိုင်ငံတကာ ၏ အသိအမှတ်ပြုခြင်းကို ခံလာရပြီး ပြည်တွင်းတွင်လည်း သူ၏ အနေအထား ခိုင်မာလာမည် ဟူ၍ ဖြစ်သည်။ ထိုနေရာတွင် သတိကြီးစွာ ထား၍ လုပ်ရမည့် အကြောင်းများက ရှိနေပြန်သည်။ သူ့အား စကားအလွန်အကျွံ မပြောမိခင် ကျမ အဖို့ အောင်ဆန်းစုကြည်နှင့် တွေ့ရန်လိုအပ်လာသည်။ ကျမတို့ နှစ်ဦးက သိမ်မွေ့စွာဖြင့် သံတမန်ပိုင်းတွင် အတူ တွဲကလာသူများ ဖြစ်၍ ကျမ ဖက်က စည်းချက်မညီ အလွဲလွဲ အချော်ချော် ဖြစ်မသွားဖို့ လိုသည်။
ကျမ တို့ တွေ့ဆုံပြီးနောက် နေ့လည်စာ စားရန် ခမ်းမကျယ်ကြီး တခု သို့ ရွှေ့လာခဲ့ကြသည်။ ကျမက သိန်းစိန် နှင့် သူ၏ဇနီး ဖြစ်သူအကြားတွင် ထိုင်ခဲ့သည်။ သူမက ကျမ လက်ကို ကိုင်ထားပြီး သူမ၏ မိသားစုအကြောင်း နှင့် မြန်မာပြည်ရှိ ကလေးများ ဘဝ တိုးတက်ရာ တိုးတက်ကြောင်း လုပ်ပေးရန်မျှော်လင့်ထားသည်များကို အားရပါးရ ပြောပြခဲ့သည်။
ထို့နောက် ကျမသည် လွှတ်တော် ရှိရာသို့ ရောက်လာခဲ့ပြီး စစ်တပ်မှ အသေအချာ ရွေးချယ်ပေးထားပုံရသည့် လွှတ်တော် နှစ်ရပ်မှ အမတ်များနှင့် တွေ့ဆုံခဲ့သည်။ သူတို့အားလုံးက တောက်တောက်ပြောင်ပြောင်ရှိလှသည့် ရိုးရာ ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး ခေါင်းဆောင်းများတွင် ဦးချိုလို အချွန်အတက်များ၊ သိုးမွှေးချည်ထိုးများ ကိုပါ မြင်ခဲ့ရသည်။ အချို့သည် အမေရိကန် ပြည်ထောင်စုနှင့် ထိတွေ့ခွင့်ရလာမှု နှင့် တိုင်းပြည်တွင်း ရှေ့လျှောက် အပြောင်းအလဲများ ရှိလာမည့် အပေါ် စိတ်အားထက်သန်မှု ရှိနေကြပြီး အချို့ကတော့ ထိုအရေးကို သံသယ ရှိနေကြပြီး ယခင်အတိုင်းပဲ နေသွားချင်နေကြသည်ကို အထင်အရှား တွေ့ခဲ့ရသည်။