နိုဝင်ဘာလ အစောပိုင်းတွင် မိုက် နှင့် ဒဲရက်တို့ နိုင်ငံအတွင်းရှိ အစိုးရ နှင့် သဘောကွဲလွဲသူများ၊ ဥပဒေပြု အဖွဲ့ဝင်များ နှင့် တွေ့ဆုံနေခဲ့ကြစဉ်အတွင်း သမ္မတ အိုဘားမား နှင့် ကျမတို့က အာရှကို ကျားကန် ထားနိုင်ဖို့ အရေး ဒေါက်တိုင် ကြီးကို နောက်ထပ် အဆင့်တခု သို့ တိုးမြှင့်နိုင်ရန် စီစဉ်နေကြပေပြီ။ သမ္မတ အိုဘားမား၏ လာမည့် အာရှ ခရီးစဉ်သည် ထိုအရေး ကို သက်သေပြနိုင်ရန် အခွင့်ရေး ကောင်းတခုလည်း ဖြစ်သည်။
ပထမဦးဆုံး ဟာဝိုင်အီ တွင် APEC အစည်းအဝေး နှင့် စတင်ခဲ့ပြီး ထိုမှတဆင့် ဩစတေးလျ သို့ သမ္မတက ခရီးဆက်သွားခဲ့သည်။ ကျမ သည် ဖိလစ်ပိုင် သို့ ဝင်ပြီး မနီလာရှိ အမေရိကန် ဖျက်သင်္ဘော USS Fitzgerald ကုန်းပတ်ပေါ်တွင် ပြုလုပ်မည့် နှစ်နိုင်ငံ ကာကွယ်ရေး သဘောတူစာချုပ် နှစ် ခြောက်ဆယ် ပြည့် အခမ်းအနား ကို တက်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံတွင် သမ္မတ နှင့် ပြန်ဆုံခဲ့သည်။
နိုဝင်ဘာ ၁၇ ရက်တွင် သမ္မတ အိုဘားမား နှင့် ကျမသည် အရှေ့အာရှ ထိပ်သီး အစည်းအဝေး နှင့် အမေရိကန်-အာဆီယံ ခေါင်းဆောင်များ တွေ့ဆုံပွဲသို့ တက်ရောက်ရန် ဘာလီ သို့ ရောက်ရှိလာခဲ့ကြသည်။ ထိုအစည်း အဝေးများတွင် အာရှ တခွင်ရှိ ခေါင်းဆောင်များနှင့် တွေ့ဆုံရန် ရှိနေ၍ လွန်စွာ မှ အရေးပါလှပေသည်။ အမေရိကန် သမ္မတ တယောက်အနေဖြင့် အရှေ့အာရှ ထိပ်သီး အစည်းအဝေးသို့ ပထမဆုံး အကြိမ် တက်ရောက်ခဲ့ခြင်းလည်း ဖြစ်၍ အာရှ နှင့် ပတ်သက်၍ မည်သည့်အတိုင်းအတာ အထိ မိမိတို့ တာဝန်ခံယူမှု ရှိနေသည်ကို ပြဆိုလိုက်ခြင်းလည်း ဖြစ်သည်။ ထိုသို့ ဖြစ်လာအောင် ၂၀၀၉ ခုနှစ်တွင် အာဆီယံ ချစ်ကြည်ရေး နှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြင့် စတင်နိုင်ခဲ့၍ အာရှ အား ဘက်ပေါင်းစုံ မှ သံခင်းတမန်ခင်း အရ ဦးစားပေးဆက်ဆံသွားမည့် သဘောပင် ဖြစ်သည်။
ယမန်နှစ် ဗီယက်နမ်တွင် ပြုလုပ်ခဲ့သော အာဆီယံ အစည်းအဝေးတွင် တောင်တရုတ် ပင်လယ်အတွင်း နယ်မြေ အငြင်းပွားမှုသည် လူတိုင်းအတွက် အဓိက ပြဿနာ ဖြစ်ခဲ့ရသည်။ ယခုလည်း ဟနွိုင်းမှာ ကဲ့သို့ပင် တရုတ်သည် အဆိုပါ ကိစ္စကို အားလုံးနှင့် လူသိရှင်ကြား ဆွေးနွေးရန် ယခင်ကလိုပင် ငြင်းဆန်နေပြီး အမေရိကန် ပါဝင် လာ၍လည်း ပိုပြီး ခါးခါးသီးသီး ဖြစ်လာခဲ့သည်။ “ပြင်ပ အင်အားစု များ သည် မည်သည့် အကြောင်းပြ ချက်နှင့်မျှ ပါဝင်ခြင်း မရှိစေရ” ဟု တရုတ် ဝန်ကြီးချုပ် ဝမ်ဂျီဘောင် က ပြောလာခဲ့သည်။
သို့သော် နိုင်ငံငယ်လေးများ ဖြစ်သည့် ဗီယက်နမ် နှင့် ဖိလစ်ပိုင်တို့ကတော့ မဖြစ်ဖြစ်သည့် နည်းဖြင့် ဆွေးနွေးရန် သံဓိဠာန် ချထားပြီး ဖြစ်သည်။ ဟနွိုင်း အစည်းအဝေး မှာ ကတည်းက တောင်တရုတ်ပင်လယ် ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး အတွက် ပူးပေါင်းဆောင်ရွက်ကြမည့် နည်းလမ်းဖြင့် ချဉ်းကပ်ရန် ကျမတို့ ဖက်မှ တင်ပြထားခဲ့ပြီး ဖြစ်သော်လည်း ဘီဂျင်းမှ ၎င်းတို့ သဘောထားကို မပြောင်းလဲဘဲ တင်းခံနေဆဲပင် ဖြစ်သည်။
နိုဝင်ဘာ ၁၈ နေ့လည်ပိုင်းတွင် ကျမသည် သမ္မတ အိုဘားမား နှင့် အတူ နိုင်ငံအကြီးအကဲများ၊ နိုင်ငံခြားရေး ဝန်ကြီးများ စုစုပေါင်း ဆယ့်ခုနှစ်ဦး နှင့် သီးသန့် တွေ့ဆုံ ဆွေးနွေး ဖြစ်ခဲ့သည်။ သတင်းစာဆရာများ နှင့် လက်ထောက်များ တဦးတလေမျှ ဝင်ခွင့် မပြုခဲ့ပေ။ တောင်တရုတ်ပင်လယ်နှင့် ပတ်သက်ပြီး အကျိုးစီးပွား ဆက်စပ်နေကြသည့် စင်္ကာပူ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှားတို့က စတင်ဆွေးနွေးခဲ့ကြပြီး သမ္မတ အိုဘားမား နှင့် ဝန်ကြီးချုပ် ဝမ် တို့က တစ်လုံးတပါဒမျှ ဝင်မပြောဘဲ နားထောင်နေခဲ့ကြသည်။ အလှည့်ကျ ပြောခွင့် ပေးထားသည့် အတွက် နှစ်နာရီ အတွင်းမှာပင် တက်ရောက်လာသည့် ခေါင်းဆောင် အားလုံး နည်းပါးက ကျမတို့ ဟနွိုင်းတွင် ပြောခဲ့သည့် မူ များ ဖြစ်သည် လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်၊ ဝင်ထွက်ခွင့် ရှိရေး၊ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ နှင့် နိုင်ငံတကာ ဥပဒေ ဘောင်အတွင်းမှ ပူးပေါင်း ဖြေရှင်းရေး၊ ခြိမ်းခြောက် အကျပ်ကိုင်မှု မရှိရေး နှင့် အားလုံး လိုက်နာရမည့် ကျင့်ဝတ်များ ထားရှိရေး များကို ထည့်သွင်း ပြောဆိုခဲ့ကြသည်။
အချိန်အနည်းငယ်အတွင်း မှာပင် အခန်းထဲရှိ လူများအားလုံး တသဘောတည်း ရှိနေကြသည်မှာ သိသာ ထင်ရှားလာပြီ ဖြစ်သည်။ ခေါင်းဆောင်များအားလုံးက မိမိတို့ ပြောလိုသည့် အချက်များကို အနည်းငယ်မျှပင် ဝေဝါးသွားခဲ့ခြင်း မရှိဘဲ၊ ထိထိရောက်ရောက် နှင့် ဒေါသသံ မပါဘဲ၊ ပြောဆိုသွားခဲ့ကြခြင်း ဖြစ်ပေသည်။ ရုရှားပင်လျှင် တောင်တရုတ်ပင်လယ်အရေးသည် တဖွဲ့လုံး ပါဝင်ဆွေးနွေးဖို့ သင့်တင်လျှောက်ပတ်မှုလည်း ရှိပြီး အရေးလည်း ကြီးနေသည်ဟု သဘောတူခဲ့သည်။
နောက်ဆုံး နိုင်ငံအကြီးအကဲ ဆယ့်ခြောက်ဦးစလုံး ပြောဆိုခဲ့ပြီးနောက်တွင် သမ္မတ အိုဘားမားက မိုက်ကရိုဖုန်းကို ဆွဲယူလိုက်သည်။ သူက ယခုအခါ အားလုံးက မိမိတို့ စိတ်ထဲရှိသမျှ ကို ပြောဆိုခဲ့ပြီး ဖြစ်ရုံမက တသဘောတည်း ရှိနေသည်ကို မိမိအနေဖြင့် ကြိုဆိုကြောင်း၊ ၎င်းတို့ ဖြစ်စေချင်သည်များကို အမေရိကန် အနေဖြင့် အခိုင်အမာ ထောက်ခံသွားမည်ဟု လည်း ပြောခဲ့သည်။
“ကျွန်တော်တို့က တောင်တရုတ်ပင်လယ်နဲ့ ပတ်သက်ပြီး နယ်မြေ ပိုင်ဆိုင်ခွင့် တောင်းဆိုထားတာမျိုး မရှိပေမယ့် ဘယ်ဖက်ကိုမှ မလိုက်ပါဘူး၊ ယေဘုယျ အားဖြင့် ပြောရမယ်ဆိုရင် ကျွန်တော်တို့အတွက် အဓိက အကျိုးစီးပွားကတော့ ရေကြောင်းသွားလာခွင့် လုံခြုံမှု ရှိရေး သာ ဖြစ်ပါတယ်၊ ဒီအတွက် ပစိဖိတ် ဒေသတွင်း အင်အားရှိ လှုပ်ရှားသွားလာနေတာက တကြောင်း၊ ရေကြောင်းကို အားပြု ကုန်သွယ်နေရတဲ့ နိုင်ငံ ဖြစ်နေတာ တကြောင်း၊ အာရှ-ပစိဖိတ် ဒေသအတွင်း လုံခြုံမှု ရှိရေး အာမခံချက် ပေးထားရတဲ့ နိုင်ငံဖြစ်နေတာ တကြောင်းမို့ တောင်တရုတ် ပင်လယ် ပြဿနာ ကို ဖြေရှင်းနိုင်ရေးမှာ အထူး အရေးကြီးနေပါတယ်”
ထိုသို့ ပြောရင်း သူက အခန်းတွင်းသို့ မျက်စိဝဲကြည့်လိုက်ရာ တရုတ်ဝန်ကြီးချုပ် ဝမ် သည် သိသိသာသာ မျက်စိမျက်နှာပျက် ဖြစ်နေသည်ကို သတိထားမိလိုက်သည်။ ယခု အစည်းအဝေးက ဟနွိုင်းတွင် သူ ကြုံခဲ့ရသည်ထက် အပုံကြီး ဆိုးဝါးလာနေပြီ ဖြစ်သည်။ သူ့သဘောအရ ဆိုလျှင် တောင်တရုတ်ပင်လယ် အရေးကို လုံးဝဆွေးနွေးလိုစိတ် မရှိပေ။ ယခုအခါတွင်တော့ အများနှင့် တယောက် ရင်ဆိုင်လာနေရပြီ ဖြစ်သည်။ သို့သော် ဟနွိုင်းတွင် နိုင်ငံခြားရေး ဝန်ကြီး ယန် ကဲ့သို့ အစည်းအဝေးကို ခေတ္တရပ်နားရန် တောင်းဆိုခဲ့ခြင်း မရှိပေ။ သူက ယဉ်ယဉ်ကျေးကျေး နှင့် တရုတ်ဖက်မှ အခိုင်အမာ ကာကွယ်ပြော ဆိုသွားခဲ့သည်။ ယခုအစည်းအဝေးသည် ပြဿနာကို ဖြေရှင်းရန် သင့်လျှော်သည့် ဖိုရမ်တခု မဟုတ်ကြောင်းသာ ပြောဆိုနေခဲ့သည်။
ဘာလီရှိ သံတမန် ဇတ်ခုံပေါ်တွင် ထိုကဲ့သို့ ပြောဆိုငြင်းငုံနေကြစဉ် အတွင်း ကျမသည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာနေမှုများကိုလည်း အလွတ်မပေးဘဲ အာရုံစူးစိုက်နေမိခဲ့သည်။ ကပ် ကမ်ဘဲလ်သည် မြန်မာသို့ မထွက်ခွာမီမှာပင် အစိုးရနှင့် ထိတွေ့ဆက်ဆံပြီး ပြုပြင်ပြောင်းလဲရေးများ ဖြစ်ပေါ်အောင် ရဲရဲဝံ့ဝံ့ နှင့် ခြေလှမ်းသစ်များ လှမ်းဖို့ လိုလာပြီ ဖြစ်ကြောင်း အကြံပေးတင်ပြခဲ့ပြီး ဖြစ်သည်။
ကျမသည် မြန်မာပြည်အရေး နှင့် ပတ်သက်ပြီး သမ္မတ အိုဘာမား နှင့် သူ၏ အမျိုးသား လုံခြုံရေး အကြံပေးများနှင့်ပါ ဆွေးနွေးနေခဲ့သည်။ အားလုံးက ကျမတို့ဖက်မှ သတိလက်လွတ်ဖြစ်မသွားရန် နှင့် ပိတ်ဆို့ဒဏ်ခတ်ထားမှုများအား အချိန်မတန်သေးဘဲ ဖြေလျော့မပေးရန် သေသေချာချာ လုပ်မှ ဖြစ်မည်ဟု ပြောခဲ့သည်။ ကျမဖက်က မြန်မာအစိုးရနှင့် ထိတွေ့မှုကို အခိုင်အမာ ထောက်ခံနေသည့် လူတဦး အိမ်ဖြူတော်တွင် ရှိနေပြီ ဖြစ်သည်။ သူသည် သမ္မတ၏ လက်ထောက် အဖြစ် ကာလကြာမြင့်စွာက ရှိနေခဲ့ပြီး အမျိုးသား လုံခြုံရေး လက်ထောက် အကြံပေး ဖြစ်သူ ဘင်ရိုဒ် ပင် ဖြစ်သည်။ ဘင် က ကျမတို့ဖက်မှ အခြေခံအုတ်မြစ်များ ချထားပြီး ဖြစ်၍ ရှေ့ဆက်သွားဖို့သာ လိုနေသည်ကို ကျမ နှင့် တသဘောတည်း ရှိလာခဲ့သည်။
သမ္မတအိုဘားမားသည် ထိုသို့ ရှေ့ဆက်သွားခြင်းမှာ မှန်ကန်သော လုပ်ရပ်ဟုတ်မဟုတ်ကို တစုံတဦးထံမှ နောက်ဆုံးပိတ် ကြားချင်နေသည်။ ထိုသူက အောင်ဆန်းစုကြည်ပင် ဖြစ်သည်။ ကျမသည် ကပ် နှင့် ဂျိတ် အား အောင်ဆန်းစုကြည်နှင့် ပြောဆို ဆွေးနွေးရန် ၊ အောင်ဆန်းစုကြည် နှင့် အိုဘားမား အကြား တယ်လီဖုန်း ဆက်သွယ်ပြောဆိုနိုင်အောင် စီစဉ်ရန် ညွှန်ကြားလိုက်သည်။
ဤသို့ဖြင့် အိုဘားမားသည် ဩစတေးလျ မှ အင်ဒိုနီးရှားသို့ အသွား အဲယားဖို့စ် ဝမ်း ပေါ်မှာတင် အောင်ဆန်းစုကြည်နှင့် ပထမဆုံးအကြိမ် တယ်လီဖုန်း ပြောဆိုခွင့် ရလာခဲ့သည်။ သူမကလည်း နိုင်ငံကို ဒီမိုကရေစီ အရွေ့ဆီသို့ ဦးတည်သွားနိုင်ရေး အတွက် အမေရိကန်က ကူညီနေသည့် အရေးပါသော ကဏ္ဍကို အလေးအနက် သဘောထားကြောင်း ပြောခဲ့သည်။ ဖုန်းပြောရင်းက နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် နှစ်ဦးသည် သူတို့ ခွေးများ အကြောင်း အပြန်အလှန် ပြောဖြစ်ကြပြန်သည်။
အောင်ဆန်းစုကြည် နှင့် ဖုန်းပြောအပြီးတွင် အိုဘာမားသည် ရှေ့ဆက်လုပ်ရန် အဆင်သင့် ဖြစ်လာခဲ့ပြီ ဖြစ်သည်။ နောက်တနေ့တွင်တော့ ဘာလီတွင် သူသည် ကျမကို ဘေးမှာရပ်စေကာ သတင်းထောက်များကို နှစ်နိုင်ငံဆက်ဆံရေး ပိုမို နီးစပ်လာရန်နှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အတွက် အလားအလာများကို ဆန်းစစ်သွားနိုင်ရန် မြန်မာနိုင်ငံသို့ စေလွှတ်မည်ဖြစ်ကြောင်း ကြေညာလိုက်ပေသည်။
“နှစ်ပေါင်း များစွာ အမှောင်ထုကြီး ဖုံးလွှမ်းနေရာက အခုတော့ မှိတ်တုတ်မှိတ်တုတ် အလင်းရောင်လေး ကျွန်တော်တို့ မြင်လာရပါပြီ” ဟု ပြောလိုက်သည်။ ထို့အတွက် ကျမသည် နှစ်ပေါင်း ငါးဆယ်အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိလာမည့် နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာခဲ့ပေတော့သည်။
အင်ဒိုနီရှားမှ အိမ်အပြန် ခရီးတွင် ကျမ၏စိတ်တွင် မြန်မာနိုင်ငံ ခရီးစဉ်သာ လွှမ်းမိုးနေခဲ့ပေသည်။ ကျမအတွက် တော့ သိန်းစိန် အနေအထားကို ဆန်းစစ်ခွင့် ရမည့်အပြင် အောင်ဆန်းစုကြည်နှင့်လည်း နောက်ဆုံးတွင် လူကိုယ်တိုင် တွေ့ခွင့်ရတော့မည့် အခွင့်အရေး ရလာခဲ့ခြင်းပင် ဖြစ်သည်။ ကျမတို့ အဖို့က သမ္မတ ပြောခဲ့သလို မှိတ်တုတ်မှိတ်တုတ် အလင်းရောင်လေးကို ပိုပြီး အားကောင်းလာစေရန် မီးမွှေးပေးနိုင်သော စစ်မှန်သည့် ဒီမိုကရက်တစ် ပြုပြင် ပြောင်းလဲရေး ဖေါ်ဆောင်နိုင်မည့် နည်းလမ်းတခု ရှာဖွေနိုင်မည်လော။
ကျမတို့ လေယာဉ်ကြီးသည် ဆီဖြည့်ရန် မိုးများ သည်းထန်စွာ ရွာသွန်းနေသည့်ကြားမှ ဂျပန်နိုင်ငံတွင် ဆင်းသက်ခဲ့သည်။ တိုကျိုရှိ ကျမတို့ သံရုံးတွင် တာဝန်ကျနေသည့် မြန်မာ အရေး အတွေ့အကြုံများစွာ ရှိနေသော နိုင်ငံခြားရေး ဝန်ထမ်း နှစ်ဦးက ကျမတို့ကို အသင့်စောင့်ကြိုနေသည်။ သူတို့က သမ္မတ၏ ဘာလီ မိန့်ခွန်းကို ကြားလိုက်ရသည့်အတွက် ကျမ ဖတ်လို့ရအောင် မြန်မာနှင့် ပတ်သက်သည့် စာအုပ်များ နှင့် အောင်ဆန်းစုကြည် အကြောင်း ရိုက်ကူးထားသည့် “The Lady” ရုပ်ရှင်ခွေကို လာပေးခဲ့ကြသည်။ သူတို့ပေးလာသမျှမှာ ကျမအတွက် လိုအပ်နေသည် များသာ ဖြစ်ပေသည်။
ထိုရုပ်ရှင်ကို အဲယားဖို့စ် ဝမ်း လေယာဉ်ကြီးပေါ်တွင် ပစိဖိတ် သမုဒ္ဒရာ ကို ဖြတ်ကျော် ပျံသန်းနေစဉ်မှာပင် ကျမတို့ နှင့် အတူ လိုက်ပါလာခဲ့သော သတင်းစာဆရာများ အပါအဝင် တဖွဲ့လုံးက ကြည့်ရှုခဲ့ကြသည်။ ရုပ်ရှင်အပြီးတွင်တော့ ကျမသည် ချက်ခြင်းလို မြန်မာနိုင်ငံ ခရီးစဉ်အတွက် ပြင်ဆင်စရာ ရှိသည်များကို လေယာဉ် ပေါ်မှာပင် စတင် ပြုလုပ်လာခဲ့ရပြီ ဖြစ်သည်။