တောင်းဆိုပါရစေ

by Hla Soewai - Nov 23 2020

ကျည်တတောင့်က နောင်ချို မြို့နယ် ပြည်သူများ အားကိုး ယုံကြည်စွာ ရွေးချယ်တင်မြှောက်လိုက်ကြသည့် NLD ၏ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးထိုက်ဇော်၏ ဇီဝိန် ကို ထုတ်နှုတ်သွားခဲ့ပြီ ဖြစ်သည်။ ထိုသတင်းဆိုးကြီး ကြောင့် တတိုင်းပြည်လုံး တုန်လှုပ်သွားခဲ့ရသည်။ နိုင်ငံရေး ကို လက်နက်နှင့် ဖြေရှင်း၍ ရသည် ဆိုသော တောတွင်း အရိုင်းအစိုင်း နိယာမအား ကျင့်သုံးနေကြဆဲ ဆိုသည့်အဖြစ်ကိုလည်း သိသွားခဲ့ကြသည်။

 

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အနေဖြင့် ဝမ်းနည်း ကြေကွဲကြောင်းနှင့် ရှုတ်ချကြောင်း ပြောဆိုနိုင်ရုံကလွဲ၍ ဘာမှတတ်နိုင်မည်လည်း မဟုတ်ပေ။ အစိုးရ အနေဖြင့် တပ်မတော် လက်အောက်ခံ ပြည်ထဲရေး ဝန်ကြီးဌာနမှ တင်ပြလာသည့် အစီရင်ခံစာ ကို ဖတ်ရှုကြည့်ပြီး ဘာများ လုပ်နိုင်ပေဦးမည်နည်း။

 

သို့သော် လုပ်နိုင်သည် တခုကတော့ ရှိနေပြီ ထင်မိ၏၊ ဤသည်ကား ဗဟိုမှသည့် မြို့နယ် ရပ်ကွက် အဆင့်အထိ ရာဇဝတ်မှု တိုက်ဖျက်ရေး အတွက် စေတနာဝန်ထမ်း Neighbourhood Crime Watch အဖွဲ့များ ဖွဲ့စည်းပေးခြင်းပင် ဖြစ်သည်။သို့မှသာ ပြည်သူများလည်း မိမိတို့ ရပ်ရွာ အေးချမ်း လုံခြုံရေး နှင့် ရာဇဝတ်မှု ပပျောက်ရေး များ အတွက် မိမိတို့ အသိစိတ်ဓါတ်ဖြင့် နိုးကြားစွာ ပါဝင်လာနိုင်ကြမည် ဖြစ်သည်။ ရဲအဖွဲ့ကိုလည်း အကူအညီ ပေးနိုင်ဦးမည် ဖြစ်သည်။ ဤသို့ဖြင့် တဆင့်ပြီး တဆင့် တက်လှမ်းလာရမည်သာ ဖြစ်သည်။

 

ပြည်သူများကတော့ ထိုသို့ လက်သည် မပေါ်လေတိုင်း နောက်ကွယ်က လက်မဲကြီးများ ရှိနေပြီဟု ဧကန်မုချ ယုံကြည်ခဲ့ကြပြီး ဖြစ်သည်။ ထိုအရေးအတွက် နောက်နောင်တွင် လက်ပိုက်ကြည့် တောက်ခေါက်နေစရာ မလိုတော့၊ ရဲအဖွဲ့ အနေဖြင့်သာ သတင်းထောက်လှမ်း၍ မရ ရှိရမည်၊ ပြည်သူအချင်းချင်းကတော့ အလွယ်တကူ သတင်းပေး သတင်းယူ၍ ရမည်သာ ဖြစ်သည်။

 

ဒေသတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနေဖြင့် မည်သို့ပင် ငြင်းဆိုနေသော်ငြားလည်း မိမိတို့ နှင့် သက်ဆိုင်သည့် နယ်မြေ အတွင်း ဖြစ်ပွားခဲ့သော ရာဇဝတ်မှုကြီး ကို မိမိတို့ နည်း၊ မိမိတို့ဟန်ဖြင့် ဖေါ်ထုတ်ကာ သက်ဆိုင်ရာသို့ အကြောင်းကြားနိုင်မှ ယုံထင်ကြောင်ထင် အဖြစ်မှ ကင်းလွတ်မည် ဖြစ်ကြောင်း တိုက်တွန်းလိုက်ရပါသည်။