ဟီလာရီ ပြောသည့် ဒေါ်အောင်ဆန်းစုကြည် (HARD CHOICE) - (၃)

by Hla Soewai - Nov 22 2020

၂၀၀၈ ဖေဖေါ်ဝါရီလတွင် အာရှသို့ နိုင်ငံခြားရေး ဝန်ကြီး အဖြစ် ပထမဆုံးအကြိမ် ရောက်လာခဲ့စဉ်တွင် ဒေသတွင်းရှိ ခေါင်းဆောင်များအား မြန်မာပြည်အပေါ် ဘယ်လို သဘောထားရှိလဲဆိုသည်ကို သိရအောင် တီးခေါက် ကြည့်ခဲ့သည်။ ထိုအထဲတွင် အင်ဒိုနီးရှား သမ္မတ ဆူစီလို ဘမ်ဘန် ရပ်ဟိုယိုနို ထံမှ အားတွက်ဖွယ် အကောင်းဆုံး စကားကို ကြားခဲ့ရသည်။ သူမအဆိုအရ မြန်မာဗိုလ်ချုပ်ကြီးများနှင့် ဆွေးနွေးခဲ့ရာ မှ တိုးတက်မှု များ ရရှိနိုင်ဖွယ်ရှိသည်ကို သဘောပေါက်လာခဲ့ကြောင်း ကျမကို ပြောပြခဲ့သည်။ သူကိုယ်တိုင်ကလည်း ဗိုလ်ချုပ်ကြီးဘဝမှ ယူနီဖောင်းချွတ်ပြီး ရွေးကောက်ပွဲ ဝင်ခဲ့သူ ဖြစ်၍ သူ့စကား ကို ပေါ့ပေါ့တန်တန် သဘောထား၍ ကား မဖြစ်ပေ။ ထို့အပြင် စစ်အုပ်ချုပ်ရေး အဖွဲ့သည် အမေရိကန်ပြည် ထောင်စုနှင့် ဆွေးနွေးရန်ပင် ဆန္ဒရှိနေသည်ဟု ထပ်ပြောလာသည်။ မြန်မာပြည်၌ ကျမတို့ဖက်က သံအမတ် မရှိသည်မှာ နှစ်အတော်ကြာနေပြီလည်း ဖြစ်သည်။ သို့သော်ငြားလည်း အခါအားလျှော်စွာ ဆက်သွယ်၍ရသည့် လမ်းကြောင်းကတော့ ရှိနေဆဲ ဖြစ်သည်။ ယခုအခါ ပို၍ ဟက်ဟက်ပက်ပက် ဆွေးနွေးနိုင်မည့် အလားအလာကြောင့် စိတ်ဝင်စားဖို့ ကောင်းလာနေပြီ ဖြစ်သည်။

မတ်လထဲတွင်တော့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရှေ့တောင်အာရှ ဒေသကြီး ဆိုင်ရာ ညွန်ကြား ရေးမှူးလည်းဖြစ် အထက်တန်း သံတမန်တဦးလည်း ဖြစ်သည့် စတီဖင် ဘလိတ်ကို မြန်မာသို့ စေလွှတ်ခဲ့သည်။ စစ်အုပ်ချုပ်ရေးအဖွဲ့က စိတ်ရင်းကောင်း ပြသသည့် အနေဖြင့် သူ့အားနိုင်ငံခြားရေးဝန်ကြီးနှင့် ရှားရှားပါးပါး တွေ့ခွင် ပေးခဲ့သည့်အတွက် ဘလိတ်သည် ရန်ကုန်မှ နေပြည်တော်သို့ ရောက်လာခဲ့ရသည်။ နေပြည်တော်ဆိုသည်ကား ၂၀၀၅ ခုနှစ်တွင် တောကြီးမျက်မဲထဲတွင် တည်ဆောက်ပြီးစီးသွားခဲ့သော မြို့တော်အသစ်လည်း ဖြစ်သည်။ နိုင်ငံ အနှံအပြားတွင် ပျံ့နှံ့နေသော ကောလာဟလ များအရ နက္ခတ်ဗေဒ ပညာရှင်များ၏ အခါတော်ပေးမှု ဖြင့် နေရာရွေးချယ် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်ဟု သိရပေသည်။ ဘလိတ်သည် သူ၏ ခရီးစဉ်အတွင်း အောင်ဆန်းစုကြည်နှင့် ကော၊ ဗိုလ်ချုပ်မှူးကြီးနှင့်ပါ တွေ့ခွင့်‌မရခဲ့ပေ။ ဘလိတ် ပြန်ရောက်လာသည့်အခါတွင်တော့ စစ်အုပ်ချုပ်ရေး အဖွဲ့က ဆွေးနွေးရန် အမှန် တကယ် စိတ်ဝင်စားမှု ရှိနေကြောင်း အတည်ပြုခဲ့သည်။ ခေါင်းဆောင်ပိုင်းရှိ အချို့က တိုင်းပြည် သည် အပယ်ခံနေရသလို ဖြစ်နေမှုကို ကသိကအောက် ဖြစ်နေသည်ဟုလည်း ဘလိတ်က ပြောခဲ့သည်။ သို့သော်လည်း တိုးတက်မှု များ အချိန်အနည်းငယ်အတွင်း ဖြစ်လာလိမ့်မည်ကိုတော့ သံသယ ရှိနေသည်ဟု လည်း ပြောပြန်သည်။

 

ထို့နောက်တွင်တော့ နိုင်ငံတကာ ဆက်ဆံရေးကို ပြန်၍ ပုံဖေါ်နိုင်ရန် ကြိုးပမ်းနေစဉ်တွင် မည်သို့မျှ ဖြစ်လိမ့်မည်ဟု ထင်မထားသော ဖြစ်ရပ်ကြီး တခုပေါ်ပေါက်လာခဲ့ရသည်။ ဂျွန် ယက်တော အသက်အားဖြင့် ငါးဆယ့်သုံးနှစ်ရှိ မစ်ဆိုရီ ပြည်နယ်မှ ဗီယက်နမ် စစ်ပြန်တဦးသည် အောင်ဆန်းစုကြည်အား ထူးထူးခြားခြား စိတ်ဝင်စားလာခဲ့သည်။ ထို့အတွက် ၂၀၀၈ နိုဝင်ဘာလထဲတွင် ရန်ကုန်သို့ ရောက်ရှိလာပြီး သူမအိမ်ရှိရာသို့ အင်းလျားကန်ကို ကူးဖြတ်ကာ ၊ လုံခြုံရေးအစောင့်များကို ရှောင်ရှားကာ ခြံစည်းရိုးကိုခွကျော်တက်ပြီး အိမ်ထဲသို့ ရောက်ရှိလာခဲ့သည်။ မည်သူမျှမသိလိုက်ဘဲ အခုလို ကျူးကျော်ဝင်ရောက်လာခဲ့သည့် ယက်တောအား တွေ့လိုက် ရသဖြင့် အိမ်ဝန်ထမ်းများ အထိတ်တလန့် ဖြစ်ကုန်ကြသည်။ သူမ၏ အိမ်သို့ကြိုတင်ခွင့်ပြုချက် မရဘဲ မည်သို့မျှ ဝင်ရောက်ခွင့် မရသည့် အနေအထားတွင် ယက်တော အခုလို ရောက်လာခြင်းသည် အားလုံးအတွက် အန္တရာယ် ဖြစ်လာနိုင်ပေသည်။ ထို့သို့သော အကြောင်းများကြောင့် ယက်တောသည် အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရဘဲ လှည့်ပြန်ရန် စိတ်မပါ့တပါဖြင့် သဘောတူခဲ့ရသည်။

 

သို့သော် နောက်နှစ်နွေဦးတွင် ဂျွန်ယက်တော ပြန်ရောက်လာခဲ့ပြန်သည်။ ခန္ဓာကိုယ်က ပိန်ချုံးလာပြီး ယခင်ကထက် စာလျှင် ပေါင် ခုနှစ်ဆယ်ခန့် လျော့ကျသွားခဲ့သည်။ သူ၏ဇနီးဟောင်း ဖြစ်သူ၏ အပြောအရ ယခင်စိတ်ဒဏ်ရာဒဏ်ချက် ဟောင်းများ ပြန်ထလာပြီး စိတ်ဖိစီးမှုများကြောင့် စိတ်ကစင့်ကလျား ဖြစ်လာနေသည်ဟု သိခဲ့ရသည်။ ထိုအချိန်က ၂၀၀၉ ခုနှစ် မေလအတွင်း ဖြစ်ပြီး ယခုတကြိမ်လည်း အင်းလျားကန်ကို ဖြတ်ကူးလာခဲ့ပြန်သည်။ ဒီတခါတော့ ယခင်ကလို လှည့်ပြန်သွားရန် ငြင်းဆန်နေပြီး ပင်ပန်းနွမ်းနယ်ကာ ကျန်းမာရေးလည်း မကောင်းတော့ဟု ပြောလာခဲ့သည်။ အောင်ဆန်းစုကြည်က သူ့ကိုကြမ်းပြင်ပေါ်တွင် တညတာ လဲလျောင်းအနားယူခွင့် ပေးလိုက်သည်။ ထို့နောက်တွင်တော့ အာဏာပိုင်များကို ဆက်သွယ်၍ အကြောင်းကြားလိုက်တော့သည်။ ယက်တောအား မေလ ၆ ရက်နေ့ မနက် ၅:၃၀ တွင် အင်းလျားကန်ကို ဖြတ်ကူးပြီး ပြန်ရန် ကြံစည်နေချိန်တွင် ဖမ်းဆီးနိုင်လိုက်သည်။ (ပုံတွင်ရှု) အောင်ဆန်းစုကြည်နှင့် အိမ်ဝန်ထမ်းများကို အကျယ်ချုပ် စည်းမျဉ်းများကို ချိုးဖောက်မှု ဖြင့် နောက်အပတ်ထဲတွင် လာရောက် ခေါ်ဆောင်သွားကြသည်။ ယက်တောအား ပြစ်မှု ထင်ရှားသည်ဆိုကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ခုနှစ်နှစ် ချမှတ်လိုက်သည်။ အောင်ဆန်းစုကြည်နှင့် အိမ်ဝန်ထမ်းများအား ထောင်ဒဏ် သုံးနှစ် အပြစ်ပေးခဲ့သည်။ သို့သော် ‌သန်းရွှေက ချက်ခြင်းပင် အပြစ်ဒဏ်ကို နောက်ထပ်အကျယ်ချုပ် ဆယ့်ရှစ်လ ကျခံစေကာ လျော့ပေါ့ပေးလိုက်သည်။ ဤသို့ဖြင့် သူမသည် ၎င်းတို့ ကတိပေးထားသော ၂၀၁၀ ရွေးကောက်ပွဲကာလအတွင်း အကျဉ်းစံဘဝ ဖြင့် ရှိနေဖို့ သေချာသွားအောင် ပြုလုပ်နိုင်ခဲ့ကြသည်။ "အားလုံးကဗျာ ဒီဘာမဟုတ်တဲ့ အမေရိကန် အရူးကောင်ကိုပဲ ဒေါသဖြစ်နေကြတယ်" ဟု သူမ၏ ရှေ့နေများထဲက တယောက်မှ သတင်းဌာနများကို ပြောပြခဲ့သည်။

 

ထိုသတင်းကို ကြားလျှင် ကြားချင်း ကျမလည်း အတော်ကို ဒေါသထွက်ခဲ့ရသည်။ အောင်ဆန်းစုကြည်နှင့် ကျမတို့ မျှော်လင့်ထားခဲ့ကြသည့် တိုးတက်မှုများ ဖြစ်လာမည့်အရေးသည် ယခုလို အမေရိကန် တယောက်၏ ဆုံးဖြတ်ချက် အလွဲလွဲ အချော်ချော် နှင့် ပရမ်းပတာ လုပ်ရပ်ကြောင့် တန်ဖိုးကြီးကြီး ပေးဆပ်ရမည့် အရေးကား မဖြစ်သင့်ပေ။ သို့သော် ယက်တော သည် အမေရိကန် နိုင်ငံသားတဦး ဖြစ်နေပြန်၍ ကျမတို့အဖို့ ကူညီရန် တာဝန်ရှိလာနေပြန်သည်။ ကျမလည်း မည်သို့မည်ပုံ လုပ်ရမည်ကို ဆီနိတ်တာ မက်ကွန်းနယ် နှင့် ဂျင် ဝက်ဘ်တို့အား ဖုန်းဆက်တိုင်ပင် လိုက်သည်။ ဂျင်က မြန်မာပြည်သို့ သူကိုယ်တိုင်သွားပြီး ယက်တော လွတ်အောင် ဆွေးနွေးမည်ဟု ကမ်းလှမ်းလာသည်။ ကျမလည်း ကြိုးစားကြည့်သင့်သည်ဟု ထင်မြင်မိသဖြင့် သဘောတူလိုက်သည်။

 

ဇွန်လ လယ်ထဲတွင် တော့ နောက်ထပ် ပြဿနာကြီး တခု တက်လာခဲ့ပြန်သည်။ ဤသည်ကား မြန်မာပြည်သို့ ဦးတည် ခုတ်မောင်းနေသော မြောက်ကိုရီယားမှ တန်ချိန် ၂,၀၀၀ အလေးချိန်ရှိ ကုန်တင်သင်္ဘောတစင်းကို ပင်လယ်ပြင်တွင် အမေရိကန် ရေတပ်စစ်သင်္ဘော က ခြေရာခံ မိသွားခဲ့သည်။ ထိုသင်္ဘောပေါ်တွင် ရောကက်လောင်ချာများနှင့် ဒုံးလက်နက် အစိတ်အပိုင်းများ သယ်ဆောင်လာနေသည်ဟု အမေရိကန် နှင့် တောင်ကိုရီးယားမှ သံသယ ရှိနေသည်။ ဤသည်သာ အမှန်ဟု ဆိုက မေလအတွင်း မြောက်ကိုရီယား၏ နျူကလီးယား စမ်းသပ်မှု ကို လက်တုန့်ပြန်သည့် အနေဖြင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ မှ လက်နက် တင်သွင်းရောင်းချခွင့် ပိတ်ပင်လိုက်ခြင်းကို တိုက်ရိုက် ချိုးဖောက်လိုက်ခြင်းပင် ဖြစ်သည်။ ထိုအချိန်တွင် မြန်မာ နှင့် နျူကလီးယား နည်းပညာပိုင်းတွင် ကျွမ်းကျင်သည့် မြောက်ကိုရီးယား ကုမ္ပဏီအကြား ဆက်သွယ်မှုများ ရှိနေပြီး အင်ဂျင်နီယာ နှင့် သိပ္ပံပညာရှင်များလည်း ကူးလူးဆက်ဆံမှု ရှိနေသည် ဆိုသော သတင်းများလည်း ထွက်ပေါ်နေချိန် ဖြစ်သည်။ ပင်တဂွန်က ဖျက်သင်္ဘောတစီးကို စေလွှတ်လိုက်ပြီး နိုင်ငံတကာ ရေပိုင်နက်ပေါ်တွင် ခုတ်မောင်းနေသည့် မြောက်ကိုရီးယား ကုန်တင်သင်္ဘော နောက်သို့ လိုက်ရန် ညွှန်ကြားခဲ့သည်။ ကုလ ဆုံးဖြတ်ချက်အရ ကျမတို့မှတက်ရောက် ရှာဖွေပိုင်ခွင့် အာဏာ ရှိနေသော်လည်း ထိုသို့လုပ်ပါက မိမိတို့အား စစ်ကြေညာခြင်းဟု ယူဆမည်ဆိုကာ မြောက်ကိုရီးယားမှ ကြိမ်းဝါးလာသည်။ ထိုကိစ္စ အတွက် အကူအညီပေးပါရန် တရုတ် အပါအဝင် ဒေသတွင်းရှိ နိုင်ငံများကို ဆက်သွယ်ခဲ့သည်။ တရုတ် နိုင်ငံခြားရေးဝန်ကြီး ယန် မှ "ကုလဆုံးဖြတ်ချက်ကို တင်းတင်းကျပ်ကျပ် အကောင်အထည် ဖေါ်နိုင်ခြင်းသည်သာ မြောက်ကိုရီးယား တို့ နားလည်သွားစေမည့်မက်ဆေ့ခ်ျ လည်း ဖြစ်သည်" ဟု ပြောလာခဲ့သည်။ နောက်ဆုံးတွင်တော့ မြောက်ကိုရီယားတို့ အ‌လျော့ပေးသွားပြီး သင်္ဘောကို ပြန်လှည့်သွားကြတော့သည်။

 

ဆီနိတ်တာ ဂျင်ဝက်ဘ်သည် ဩဂုတ်လထဲတွင် မြန်မာပြည်သို့ ရောက်ရှိသွားခဲ့သည်။ ဒီတကြိမ်တွင်တော့ သန်းရွှေမှ နေပြည်တော်တွင် သူ့အားလက်ခံတွေ့ဆုံရန် သဘောတူခဲ့သည်။ ဂျင် တွင် ပြောဆိုရမည့် ကိစ္စသုံးရပ်ပါရှိလာခဲ့သည်။ ပထမအကြောင်းက ဂျွန်ယက်တော အား လူသားချင်း စာနာထောက်ထားမှု ဖြင့် ပြည်တော်ပြန်ခွင့်ပြုရန်၊ ယက်တောသည် ယခုအခါ ရောဂါပေါင်းစုံ ဝင်လာနေပြီး အစာစားရန်ပင် ငြင်းဆိုနေပြီ ဖြစ်သည်။ ဒုတိယ တကြောင်းက အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ရရန် ပင် ဖြစ်သည်။ တတိယ အနေဖြင့် အောင်ဆန်းစုကြည်အား လက်ရှိ အကျယ်ချုပ် ချထားမှု မှ ပြန်လွှတ်ပေးပြီး နိုင်ငံရေး လုပ်ငန်းစဉ်များတွင် ပါဝင်ခွင့်ပြုရန်တို့ပင် ဖြစ်သည်။ သို့မှသာ လာမည့်ရွေးကောက်ပွဲကို အားလုံးက အလေးအနက်ရှုမြင်လာကြလိမ့်မည်ဟုလည်း ပြောခဲ့သည်။ သန်းရွှေက သူပြောသည်များကို ဂရုတစိုက်နားထောင်ပေးခဲ့သော်လည်း သူ၏ အတွေးကို မျက်နှာပေါ်တွင် ထင်ဟပ်ခြင်း မရှိစေရန် ဖုံးဖိထားနိုင်ခဲ့သည်။ နောက်ဆုံးတွင်တော့ ဂျင်၏ တောင်းဆိုမှု များထဲမှ နှစ်ခုကို လိုက်လျောပေးခဲ့သည်။ ထို့အတွက် ဂျင် သည် ရန်ကုန်သို့ ပြန်သွားပြီး အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။ ထို့နောက် ဂျွန် ယက်တောကို ခေါ်ကာ အမေရိကန် လေတပ် ‌လေယာဉ်တစီးဖြင့် ထိုင်းနိုင်ငံသို့ ထွက်ခွာလာခဲ့သည်။ ကျမနှင့် ဂျင် တို့ တယ်လီဖုန်း ဖြင့် စကားပြောဖြစ်ခဲ့ရာ သူ့အသံတွင် စိတ်လက်ပေါ့ပါးသွားသည့်ပုံကို ကျမ ရိပ်စားမိလိုက်သည်။ သို့သော်  အောင်ဆန်းစုကြည်ကတော့ အကျဉ်းချ ခံနေရဆဲပင် ဖြစ်သည်။

 

နောက်လထဲတွင်တော့ မြန်မာပြည်အရေးအပေါ် ကျမတို့၏ မူဝါဒပိုင်းဆိုင်ရာ ပြန်လည်သုံးသပ်ခဲ့မှုကို ကုလသမဂ္ဂတွင် ထုတ်ဖေါ်ပြောကြားခဲ့သည်။ ကျမတို့၏ မူလရည်မှန်းချက်ကတော့ အပြောင်းအလဲ မရှိပေ။ ယုံကြည် ရလောက်သော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများ ဖြစ်ပေါ်ရေး၊ အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံးကို ချွင်းချက်မရှိ ချက်ခြင်း ပြန်လွှတ်ပေးရေး၊ တိုင်းရင်းသား လူနည်းစုများနှင့် အလေးအနက် တွေ့ဆုံ‌ ဆွေးနွေးရေးတို့ပင်ဖြစ်သည်။ "ထိတွေ့ဆက်ဆံမှု နှင့် ပိတ်ဆို့ဒဏ်ခတ်ခြင်းမှ ကြိုက်ရာရွေးဟူသော သဘောထားသည် ယှဉ်တွဲထားခြင်း မှားယွင်းသည်ဟု ကောက်ချက်ချခဲ့ကြသည်။ သို့သော် ရှေ့ကို ဆက်သွားဖို့ အရေးသည် ထိုလက်နက်နှစ်ခုစလုံးကို အသုံးချပြီး၊ မြန်မာ အရာရှိကြီးများ နှင့် တိုက်ရိုက်ထိတွေ့ပြီး၊ ရည်မှန်းချက် ပေါက်မြောက်အောင် ပြုလုပ်သွားတော့မည်ဖြစ်သည်။