ဟီလာရီ ပြောသည့် ဒေါ်အောင်ဆန်းစုကြည် (HARD CHOICE) - (၄)

by Hla Soewai - Nov 22 2020

နောက်နှစ်ထဲတွင် အားလျော့ချင်စရာကောင်းလောက်အောင် တိုးတက်မှု မဆိုသလောက်သာ ထွက်ပေါ်လာခဲ့သည်။ ထိုအတော အတွင်း အောင်ဆန်းစုကြည်သည် ကပ်ကမ်ဘဲလ် နှင့် နှစ်ကြိမ်တိုင်တွေ့ဆုံခွင့်ရခဲ့သော်လည်း အကျယ်ချုပ်ဘဝနှင့် ရှိနေဆဲပင်ဖြစ်သည်။ သူမ က နံရံ အပြင်ဖက် ကမ္ဘာကြီးတွင် ဖြစ်ပျက်နေသည်များကို သိရန်နေ့စဉ် BBC World Service နှင့် VOA ကိုနားထောင်ဖြစ်ကြောင်း အပါအဝင် သူမ၏နေ့တဓူဝ လုပ်ဖြစ်ခဲ့သည့် အကြောင်းများကို ကမ်ဘဲလ် အား ပြောပြခဲ့သည်။ အစိုးရ သတင်းစာကတော့ ကပ် ကမ်ဘဲလ် ပြန်သွားပြီး ထုတ်ပြန်သည့် သတင်းဓါတ်ပုံမှ သူမ၏ပုံကို ဖြတ်ထုတ် ဖေါ်ပြခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲသည် ၁၉၉၀ ကလို မဟုတ်ဘဲ ဒီမိုကရေစီ ဘက်တော်သားများဖက်မှ အနိုင်မရရှိခဲ့ပေ။ စစ်တပ် ထောက်ခံသည့် ပါတီသာ မျှော်လင့်ထားသည့် အတိုင်းအပြတ်အသတ် အနိုင်ရရှိသွားခဲ့သည်။ အတိုက်အခံ အုပ်စုများနှင့် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များသည် အမေရိကန် နှင့်အတူ မသမာသော ရွေးကောက်ပွဲ ကို ပြစ်တင်ရှုတ်ချခဲ့ကြသည်။ စစ်အုပ်ချုပ်သူများက သတင်းစာဆရာများ၊ ပြင်ပမှ လေ့လာသူများကိုပါ စောင့်ကြည့်ရန် ခွင့်မပြုခဲ့ကြပေ။ ၎င်းတို့၏ လုပ်ရပ်များမှာ ခန့်မှန်း၍ရသည့် လုပ်နေကျ ပုံစံများ အတိုင်းသာ ဖြစ်နေသဖြင့် စိတ်ပျက်စရာ ကောင်းလှပေသည်။ ဗိုလ်ချုပ်ကြီး များက ဒီမိုကရေစီ အသွင်ကူးပြောင်းနိုင်ရေးနှင့် အမျိုးသား ရင်ကြားစေ့နိုင်ရေး အခွင့်အလမ်းများကို လွဲချော်သွားခဲ့ကြပြန်သည်။ မြန်မာပြည်သူများကတော့ ဆင်းရဲတွင်း နက်သထက် နက်လာနေကြပြီး ပြင်ပကမ္ဘာနှင့် အဆက်ပြတ်နေကြဆဲ ဖြစ်သည်။

 

ရွေးကောက်ပွဲရလဒ်များသည် စိတ်ပျက်စရာကောင်းနေရသော်လည်း ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲအပြီး တပတ်အကြာတွင် မျှော်လင့်မထားသော လုပ်ရပ်အဖြစ် ဗိုလ်ချုပ်ကြီးများသည် အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးခဲ့သည်။ ထို့နောက် သန်းရွှေသည် အနားယူရန် ဆုံးဖြတ်ခဲ့သဖြင့် သူ၏နေရာတွင် ယခင်က ဝန်ကြီးချုပ် အဖြစ် တာဝန်ယူခဲ့သော ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် အစားထိုးဖို့ ဖြစ်လာခဲ့သည်။ သိန်းစိန်သည်လည်း ယူနီဖောင်းကို ချွတ်ကာ အရပ်သားဟူ၍ အမည်ခံရုံ သက်သက်သာ ရှိသောအစိုးရကို ဦးဆောင်လာခဲ့သည်။

 

သိန်းစိန်သည် အခြားဗိုလ်ချုပ်ကြီးများနှင့် မတူဘဲ ပြင်ပကမ္ဘာသို့ ခြေဆန့်လာခဲ့ပြီး အာရှ သံတမန်များအကြားတွင်လည်း လူသိများလာခဲ့သည်။ ထို့အတွက် အိမ်နီးချင်းနိုင်ငံများ သည် ကုန်သွယ်ရေး နှင့် နည်းပညာ အကျိုးကျေးဇူးများ စံစားနေရချိန်တွင် သူ့နိုင်ငံသည် ဓါးမနောက်ပိတ်ခွေး သာသာ ရှိသေးသည်ကို သိမြင်လာခဲ့ပြီ ဖြစ်သည်။

 

ရန်ကုန်သည် တချိန်က အရှေ့တောင်အာရှတွင် ကမ္ဘာအဆင့်မီ မြို့တော် စာရင်းဝင်ခဲ့သည်။ ယခုအခါတွင် ဘန်ကောက်၊ ဂျကာတာ၊ စင်္ကာပူ၊ ကွာလာလမ်ပူတို့နောက်တွင် ပြတ်ကျန်ခဲ့ပြီ ဖြစ်သည်ကို သိန်းစိန်လည်း သဘောပေါက်လာခဲ့ပြီ ဖြစ်သည်။ ကမ္ဘာဘဏ်၏ စာရင်းဇယားများအရ ၂၀၁၀ တွင် လူဦးရေ၏ ၀. ၂ ရာနှုန်းသာ အင်တာနက်ကို အသုံးပြုနိုင်သေးပြီး ဆယ်လူလာ ဆားဗစ်များလည်း မရှိ၊ စမတ်ဖုန်းဆိုသည်ကလည်း ဝေလာဝေးနေဆဲပင် ဖြစ်သည်။ ထိုသို့ အိမ်နီးနားချင်းနိုင်ငံများနှင့် အပြတ်အသတ် ကွာခြားနေသည်မှာ ထင်ရှားသည်ထက် ထင်ရှားလာနေရသည်။

 

၂၀၁၁ ဇန်နဝါရီလထဲတွင် ကျမသည် အောင်ဆန်းစုကြည်နှင့် ပထမဆုံးအကြိမ် တယ်လီဖုန်းနှင့် စကားပြောဖြစ်ခဲ့ပြီး လက်ရှိ ဖြစ်ပေါ်နေသော အနေအထားအပေါ် သူမ၏ အမြင်ကို တီးခေါက်စုံစမ်းခဲ့သည်။ သူမ၏ အသံကို နောက်ဆုံးတွင်တော့ ကြားခွင့်ရလာပြီ ဖြစ်သည့် ကျမအဖို့က ပြောမပြနိုင်လောက်အောင် စိတ်လှုပ်ရှားခဲ့ရသည်။ သူမ အသံတွင် ပြန်လည် လွတ်မြောက်လာခဲ့ရသည့် အတွက် ခွန်အား အပြည့် ရှိနေသည်ကိုလည်း မှန်းဆနိုင်ခဲ့သည်။ သူမက အမေရိကန်ပြည်ထောင်စုနှင့် သမ္မတကြီး နှစ်ဦးတို့မှ အခိုင်အမာ ထောက်ခံမှု ပေးခဲ့သည်ကို ကျေးဇူးတင်ရှိကြောင်းပြောခဲ့ပြီး ကျမ သမီး၏ မင်္ဂလာပွဲ အကြောင်းလည်း ပြန်လည်မေးမြန်းခဲ့သည်။ သူမ၏ပါတီသည် စည်းရုံးရေး လုပ်ငန်းများကို တိုးမြှင့် လုပ်ကိုင်နေပြီး အစိုးရသစ်၏ သဘောထားကို စမ်းသပ်လျှက် ရှိသည်။

 

ကျမက သူမအား ကူညီချင်ကြောင်းနှင့် ကမ္ဘာတဝှမ်းရှိ ဒီမိုကရေစီ လှုပ်ရှားမှုများမှ တွေ့လာရမှုများကို ဝေမျှရန် အသင့်ရှိနေကြောင်းလည်း ပြောပြခဲ့သည်။ ကျမ က"တနေ့နေ့ကျ ကျမ လာလည်ပါဦးမည်၊ ဒါမှမဟုတ်လည်း ရှင်လာလည်နိုင်မယ်ဆိုရင် တော့ အတိုင်းထက် အလွန်ပါပဲ" ဟု ဖိတ်ခေါ်လိုက်သည်။

 

ထိုနှစ် နွေဦးမှာပင် သိန်းစိန်သည် သမ္မတအဖြစ် တရားဝင် ကျမ်းသစ္စာကျိန်ဆို ခဲ့ပြီဖြစ်သည်။ အံ့အားသင့်မိသည်မှာ အောင်ဆန်းစုကြည်ကို သူ့အိမ်တွင် ညစာ စားဖို့ ဖိတ်ခေါ်ခဲ့ခြင်းပင် ဖြစ်သည်။ တိုင်းပြည်တွင် အာဏာအရှိဆုံး ပုဂ္ဂိုလ်သည် တခါက စစ်တပ်မှ ၎င်းတို့၏ မဟာရန်သူကြီး အဖြစ် စိုးရိမ်ကြောက်လန့်ခဲ့ကြသည့် အမျိုးသမီးတဦးအား လက်ကမ်းလာခြင်းသည် ထူးခြားလှပေသည်။ သိန်းစိန်၏ ဇနီးက ကိုယ်တိုင် ချက်ပြုတ် ဧည့်ခံခဲ့ပြီး သူမ၏ ဖခင် အောင်ဆန်း၏ ဓါတ်ပုံ ကားချပ်ကြီးအောက်တွင် ညစာ အတူစားခဲ့ကြသည်။ နွေရာသီတွင် နေပြည်တော်၌ နောက်တကြိမ် တွေ့ဆုံကြဦးမည် ဖြစ်သည်။ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်တွင်တော့ အစမ်းသဘောဖြင့် အာလာပ သလ္လာပ လောက်သာ ပြောဖြစ်ခဲ့ကြသည်။ သူတို့နှစ်ယောက်စလုံး အဖို့ တယောက်ကို တယောက်ကို သတိကြီးစွာထား ဆက်ဆံခဲ့ကြသည်မှာလည်းသဘာဝကျပေသည်။ သို့သော် တခုခုတော့ဖြစ်လာနေပြီ ဆိုသည်မှာ သိသာနေပေသည်။

 

ကျမ အဖို့က မြန်မာ အစိုးရ အသစ်၏ အတွင်း စိတ်သဘာဝ ကောင်းမွန်လာမှုကို အားပေးသည့် အနေဖြင့် အမေရိကန်ပြည်ထောင်စုမှ အပြုသဘောဆောင်သည့် ကဏ္ဍမှ ကူညီလိုသော်လည်း သူတို့အား အချိန်မတန်သေးဘဲ အတင်းကာရော ပွေ့ဖက်လိုက်သည့် သဘောလည်း မရောက်အောင်နှင့် ကျမ တို့၏ ပိတ်ဆို့ဒဏ်ခတ်မှုများ၏ အရှိန်ဩဇာလည်း ကျမသွားစေရန် ထိန်းထားရဦးမည် ဖြစ်သည်။ သံအမတ်အသစ် ခန့်အပ်စေလွှတ်ရန် စောလွန်းသေးသော်လည်း ကျမတို့ အဖို့ သိန်းစိန်၏ သဘောထားကို စမ်းသပ်ရန် ဆက်သွယ်ရေး လမ်းကြောင်း ရှိရန် လိုအပ်လာနေသည်။ ကျမက မြန်မာပြည်နှင့် ပတ်သက်၍ ဗျူဟာတရပ် ဖေါ်ဆောင် နိုင်ရန် ကပ် ကမ်ဘဲလ် နှင့် သူ၏ အဖွဲ့အား တခုခု စဉ်းစားကြံဆပြီး ရှေ့လျောက် တဆင့်ပြီးတဆင့် ဖေါ်ဆောင်သွားရမည့် လုပ်ငန်းစဉ်များကို ရေးဆွဲထားရန် ပြောလိုက်သည်။

 

ကျမတို့မှ အမေရိကန်၏ ပထမဆုံးသော မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်အဖြစ် အာရှ ရေးရာ ကျွမ်းကျင်သူ လူဟောင်းကြီးတဦး ဖြစ်သည့် ဒါရက် မစ်ချယ်ကို ခန့်အပ်လိုက်သည်။ ကွယ်လွန်သွားပြီ ဖြစ်သော ကွန်ဂရက် အမတ် တွန် လန်တို့စ်မှ ၂၀၀၇ ခုနှစ် အတွင်း တင်သွင်းခဲ့ပြီး သမ္မတဘွတ်ရှ်မှ လက်မှတ်ရေးထိုး ပြဌာန်းခဲ့သည့် ဥပဒေတွင်လည်း အဆိုပါ ရာထူးကို ဖန်တီးထားပေးခဲ့ပြီး ဖြစ်သည်။ သို့သော် ယခု အချိန်အထိ တရားဝင် ခန့်အပ်မှုမျိုး မရှိသေးပေ။ မြန်မာနိုင်ငံ အတွက် အထူးကိုယ်စားလှယ် ရွေးချယ်လိုက်ခြင်းသည် သံအမတ်ခန့်အပ်သည့် အဆင့်တော့ ရောက်မလာသေးပေ။ သို့သော် ဆက်သွယ်ရေး လမ်းကြောင်း ပိုမိုကောင်းမွန်စေရန် တံခါးဖွင့်ပေးလိုက်ပြီလည်း ဖြစ်သည်။