ရွေးကောက်ပွဲလွန် အခင်းအကျင်း

by Hla Soewai - Nov 19 2020

(၁)

 

အောက်တွင် ဆက်လက်ဖေါ်ပြမည့် အကြောင်းအရာသည် လာရီ ဂျေဂင်၏ “After the Covid election” ဆောင်းပါးအား ဘန်ကောက်ပို့စ်တွင် ဖေါ်ပြထားသည်ကို ကောက်နှုတ်တင်ပြထားခြင်း ဖြစ်ပါသည်။

 

ရွေးကောက်ပွဲသည် မြန်မာ တို့၏ စိတ်နှလုံးကို တလကျော်ခန့် သိမ်းကျုံး ယူငင်သွားနိုင်ခဲ့သည်။ ကော်ရိုနာဗိုင်းရပ်စ် အကြပ်အတည်းကြီးက နိုဝင်ဘာ ၈ ရက်နေ့ မဲဆွယ်စည်းရုံးရေး လုပ်ငန်း သဘောသဘာဝကို ပြောင်းလဲပြစ်ခဲ့ပေသည်။ ထိုမျှသာမကသေး အစိုးရ၏ ဒုတိယအဆင့် စီးပွားရေး ပြန်လည် ဦးမော့လာရေး အစီအစဉ်များကိုပါ နှောင့်နှေးသွားခဲ့ရသည်။

 

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ သောင်ပြိုကမ်းပြို အနိုင်ရသွားခဲ့မှုသည် ပြုပြင်ပြောင်းလဲရေး နှင့် တိုင်းပြည် ပြန်လည် ဦးမော့လာရေး အတွက် နိုင်ငံအား ခေတ်သစ်တခု သို့ သယ်ဆောင် ခေါ်ယူသွားတော့မည် ဖြစ်သည်။ ထို့အပြင် ဖွဲ့စည်းပုံ ပြင်ဆင်ရေး အပါအဝင် အမျိုးသား ပြန်လည် ရင်ကြားစေ့နိုင်ရေး၊ ရေရှည် တည်တံ့မည့် ဖွံ့ဖြိုးတိုးတက်မှု များ အကောင်အထည် ဖေါ်ရန် နိုင်ငံရေး အရရော၊ သိက္ခာပိုင်းအရပါ အခွင့်အာဏာ ကို အခိုင်အမာ တည်ထောင်နိုင်လိုက်ပြီ ဖြစ်သည်။

 

သို့သော်လည်း ကပ်ရောဂါဆိုးကြီးက အဆိုပါ ကိစ္စများ အကောင်အထည်ဖေါ်နိုင်ရေး လုပ်ငန်းစဉ်များတွင် အရိပ်မည်းကြီး ပမာ လွှမ်းခြုံလျှက် ရှိနေသည်။

 

မြန်မာသည် ကိုဗစ်မှ မလွတ်မြောက်နိုင်သေးသော အနေအထားတွင် ထွက်ပေါ်လာသော ပါတီသစ်များအဖို့က အတွေ့အကြုံ၊ စွမ်းဆောင်နိုင်မှု နှင့် မည်သို့မည်ပုံ ဖြေရှင်းနိုင်မည် ဆိုသည့် အတွေးအခေါ်များ ရှိနေကြောင်း မဲဆန္ဒရှင်များအား သဘောပေါက်အောင် ပြောဆိုနိုင်ခဲ့ကြခြင်း မရှိဟု ရန်ကုန်ရှိ ဘဏ္ဍာစီးပွားရေး ဆိုင်ရာ သုံးသပ်သူ ဝီလျံမောင်က ဆိုသည်။

 

ဒေါ်သက်သက်ခိုင်၊ ဦးကိုကိုကြီး နှင့် သူရရွှေမန်းတို့လည်း ပါဝင်ခဲ့ကြသည်။ ၎င်းတို့အားလုံးက USDP နှင့် အတူ ကိုဗစ် ၁၉ သည် ဒေါ်အောင်ဆန်းစုကြည် နှင့် သူမ၏ ပါတီအဖို့ အစိုးရ အဖွဲ့အတွင်း ရှိနေမှုနှင့် တုန့်ပြန်မှုများ ပြုလုပ်နိုင်ခဲ့ခြင်းကြောင့် အသာစီး ရခဲ့သည်ဟု ငြီးညူခဲ့ကြသည်။

 

မြန်မာသည် ပြီးခဲ့သည့် ကြာသပတေးနေ့အထိ ကူးစက်ခံရသူပေါင်း ၆၄,၀၀၀ နှင့် သေဆုံးသူ ၁,၄၈၀ ရှိလာခဲ့ပြီ ဖြစ်သည်။ လူထုသည်လည်း အစိုးရ အဖွဲ့၏ ဦးဆောင်မှုကို အားကိုးတကြီး ရှိခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည် ကလည်း တက်ကြွစွာ ဆောင်ရွက်ခဲ့ရုံမက အွန်လိုင်းမှတဆင့် လူထုနှင့် တိုက်ရိုက်ထိတွေ့မှု ပြုလုပ်နိုင်ခဲ့သည် ဟု ဗွိုက်စ် မဂ္ဂဇင်း စီအီးအို ကိုဇေယျာသူက ဆိုသည်။

 

ရွေးကောက်ပွဲ မတိုင်မီ စိန်ခေါ်မှု များ နှင့် ကိုဗစ် အပေါ် ထိတ်လန့်မှုများ ရှိနေခဲ့သော်ငြားလည်း မဲဆန္ဒပေးခဲ့သူ အရေအတွက်သည် ယခင်ကထက်ပင် များပြားခဲ့ပြီး ၇၀ % ထိ ရှိလာခဲ့သည်။ အစိုးရမှ ရွေးကောက်ပွဲ မတိုင်မီ ခရီးသွားလာခွင့်အား ဖြေလျော့ပေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ဘေးကင်းစွာ မဲပေးနိုင်ကြောင်း အာမခံခဲ့သည်။

 

ရွေးကောက်ပွဲ တာဝန်ခံများကို N-95 နှာခေါင်းစည်းများ ဝေငှပေးခဲ့သည့်အပြင် လက်ဆေးပိုးသတ်ဆေးရည်များ ထားရှိပေးခဲ့ပြီး မဲရုံအတွင်း လုံခြုံရေးလည်း တိုးမြှင့် ထားခဲ့သည်ဟု မန္တလေးမှ မဲဆန္ဒပေးသူ အသက် ၁၉ နှစ် အရွယ်ရှိ မစုစုဇော်မှ ပြောပြခဲ့သည်။

 

နိုင်ငံတဝှမ်းတွင် မဲဆန္ဒပေးရန် ရောက်လာသူများက ပူပြင်းသော နေရောင်အောက်တွင် စိတ်ရှည်စွာ စောင့်စားကာ ငြိမ်းငြိမ်းချမ်းချမ်း နှင့် မဲပေးခဲ့ကြသည်။ တကြိမ်လျှင် တယောက်သာ ဝင်ခွင့်ပြုသည့်အတွက် အချို့ဆိုလျှင် နှစ်နာရီခန့်ပင် စောင့်ဆိုင်းခဲ့ကြရသည်။ ပထမအကြိမ် မဲပေးခွင့် ရသူ ငါးသန်း ရှိလာခဲ့ပြီး အားလုံးနည်းပါးက စိတ်အားထက်သန်စွာ မဲပေးခဲ့ကြသည်ဟု မဲဆန္ဒရှင် တဦးက ဆိုသည်။

 

ကိုဗစ် ၁၉ အန္တရာယ်ကြီး ရှိနေသော်လည်း နိုင်ငံကို တကယ်တမ်း ဦးဆောင် စီမံခန့်ခွဲနိုင်မည့် ခေါင်းဆောင်ရှိ နေရန် မဲလာထည့်ခဲ့ခြင်း ဖြစ်သည်ဟု မဲဆန္ဒရှင်တဦးက ဆိုပြန်သည်။

 

ရွေးကော်မှ နောက်ဆုံး ထုတ်ပြန်သော စာရင်းအရ NLD သည် အပြတ်အသတ်ဖြင့် အနိုင်ရရှိသွားခဲ့ပြီ ဖြစ်သည်။ ရှုံးနိမ့်သွားခဲ့ရသော USDP ကမူ ရွေးကောက်ပွဲသည် တရားမျှတမှု မရှိ၊ အသစ်တဖန် ပြန်လည်ကျင်းပပေးရန် တောင်းဆိုခဲ့ကြသည်။ အချို့နေရာများတွင် တရားမျှတမှု မရှိ၊ တိုင်တန်းလို့ စစ်ဆေးတွေ့ရှိခဲ့လျှင်တောင်မှ NLD ၏ အမတ်နေရာ အပြတ်အသတ် ဦးဆောင်နေမှုကို မည်သို့မျှ ပြောင်းလဲအောင် လုပ်နိုင်စွမ်း ရှိမည် မဟုတ်ဟု ရန်ကုန်ရှိ နိုင်ငံတကာ အကြပ်အတည်းများ လေ့လာရေး အဖွဲ့မှ ရစ်ချတ် ဟိုဆေးက ထောက်ပြခဲ့သည်။

 

လေ့လာစောင့်ကြည့်သူများ က ရွေးကောက်ပွဲသည် ချောချောမွေ့မွေ့ ပြီးဆုံးသွားခဲ့ပြီ ဟု ထောက်ခံခဲ့ကြသည်။ တရားမျှတမှု မရှိဟု ပြောဆိုနေခြင်းများသည် ရွေးကောက်ပွဲမတိုင်မီကပင် အစပျိုးလာခဲ့သည်။ ၎င်းတို့က ရွေးကော်သည် ပွင့်လင်းမြင်သာမှု မရှိ၊ တိုင်းရင်းသား ဒေသများတွင် ရွေးကောက်ပွဲကို ဖျက်သိမ်းပြစ် ခဲ့ကြသည်ဟု ပြောဆိုလာကြသည်။

 

ရွေးကော်ကတော့ မိမိတို့သည် ဥပဒေ နှင့် အညီ ဆောင်ရွက်ခဲ့ပြီး ဘက်လိုက်မှု မရှိ၊ ပွင့်လင်းမြင်သာစွာ ပြုလုပ်နိုင်ခဲ့သည်ဟု ပြောခွင့်ရ ဦးမြင့်နိုင်မှ ကာကွယ်ပြောဆိုခဲ့သည်။

 

(တပ်မတော် မှလည်း ရွေးကောက်ပွဲတွင် ထင်သလို ဖြစ်မလာပဲ မရှုမလှ အရေးနိမ့်သွားသော USDP နှင့် ဝေးသည်ထက် ဝေးအောင် နေလိုသဖြင့် ရွေးကောက်ပွဲ အား ပြန်လည် ကျင်းပရန် တောင်းဆိုမှုသည် မိမိတို့ သဘောထားနှင့် ထင်ဟပ်ခြင်း မရှိဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြားသွားခဲ့ကြောင်း ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်)

 

(၂)

 

ကပ်ရောဂါဆိုးကြီးကြောင့် စက်ရုံအများအပြား ပိတ်ပြစ်ခဲ့ရသဖြင့် တိုင်းပြည်တွင် အလုပ်လက်မဲ့နှုန်းများ အထူး မြင့်တက်လာနေပြီး ဆင်းရဲနွမ်းပါးသူများ၏ ဘဝမှာ ပို၍ပင် အခြေအနေဆိုးလာခဲ့ရသည်။ အလယ်အလတ်နှင့် အသေးစား လုပ်ငန်းများ ပြိုလဲလုမတတ် ဖြစ်လာခဲ့ရသည်။ သို့သော်လည်း လက်ရှိအာဏာရ ပါတီ အောင်ပွဲခံ နိုင်ခဲ့မှုကြောင့် လက်ရှိ မူဝါဒများ ဆက်လက် အကောင်အထည် ဖေါ်သွားမည် ဖြစ်သဖြင့် ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်များ စိတ်အေးလက်အေး ဖြစ်စေခဲ့ရသည်ဟု ကိုဇေယျသူက ဆိုသည်။

 

NLD အဖို့ စီးပွားရေး တွင် လွတ်လပ်စွာ လုပ်ကိုင်ခွင့် ရရှိရန်၊ ဖြေလျော့ပေးနိုင်ရန် နှင့် ပြုပြင်ပြောင်းလဲရေး ကိုဆက်၍ တွန်းတွန်းတိုက်တိုက် လုပ်သွားနိုင်ရန် လုပ်ပိုင်ခွင့် အာဏာများကို ပြည်သူများက ရှင်းလင်း ပြတ်သားစွာ အပ်နှံလိုက်ကြပြီ ဖြစ်သည်။ ထို့အတွက် အစိုးရ အနေဖြင့် ယခင် သက်တမ်းထက် ပိုမိုထိရောက်စွာ ကိုင်တွယ်တော့မည်ဟု မျှော်လင့်ချက်များ ရှိလာနေခဲ့သည်။

 

အထူးသဖြင့် လုပ်ငန်းရှင်များ အသိုက်အဝန်းက အစိုးရ၏ ချဉ်းကပ်ကိုင်တွယ်ပုံအား သိသိသာသာ ပြောင်းလဲရန် တောင်းဆိုလာနေကြသည်။ ထိုအထဲတွင် ဝန်ကြီးများ၊ အစိုးရ အမှုထမ်းများဖက်မှ ယခင်က အမှားများကို သင်ခန်းစာ ယူပြီး အောင်မြင်မှုများ ရရှိအောင် လုပ်ဆောင်စေချင်နေကြသည်။ ၎င်းတို့မှ မူဝါဒ ရေးရာ ဆွေးနွေးမှုများတွင် ပါဝင်ချင်နေကြပြီး ကူညီရန် အသင့်ရှိနေကြသည်ဟု ဆိုသည်။ အစိုးရကိုလည်း အသေးစား လုပ်ငန်းများ ပြန်လည် နာလန်ထလာအောင် ဦးစားပေး ဆောင်ရွက်စေချင်ကြသည်။ မြန်မာ ကုန်သည်ကြီးများ အသင်း ဒုဥက္ကဌ ဒေါက်တာ မောင်မောင်လေးက ပြည်ပရှိ ဘဏ္ဍာရေး အဖွဲ့အစည်းများထံမှ ချေးငှားသင့်က ချေးငှားရမည်ဟု ဆိုသည်။

 

ကုမ္ပဏီ လုပ်ငန်းရှင်များကလည်း အစိုးရ အနေဖြင့် စီးပွားရေး လုပ်ငန်းများ ဦးစားပေး အဆင့်ဖြင့် ယခင်ကထက် ပို၍ ချဉ်းကပ် ဆောင်ရွက်စေလိုကြသည်။

 

သို့သော် လက်ရှိတွင် လွှတ်တော်က ရပ်ဆိုင်းထားရပြီး ဇန်နဝါရီလကုန်ပိုင်း တွင်မှ လွှတ်တော် ဥက္ကဌ အသစ် ရွေးချယ်ပြီး ပြန်လည် စတင်နိုင်မည် ဖြစ်သည်။ ထို့နောက်တွင်မှ ပြည်ထောင်စု နှင့် ဒေသ အစိုးရ များ ဖွဲ့စည်းလာရန် ရှိနေသဖြင့် ခေတ္တ ခဏ ငြိမ်သက်ဖို့ ရှိနေသည်။

 

အစိုးရ အဖွဲ့နှင့် နီးစပ်သည့် အတွင်းလူများ ကတော့ ကြီးမားသော အပြောင်းအလဲများ ပြုလုပ်ရန် ရှိနေသည်ဟု အရိပ်အမြွက် ပြောလာခဲ့ကြသည်။ ဦးစားပေး အဖြစ် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့် ရေရှည် ထိန်းထားနိုင်မည့် ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်ရေးအား အခိုင်အမာ ထောက်ပံ့ပေးမည့် စီးပွားရေး ပြန်လည် ဦးမော့ရေး အစီအစဉ်များ ချမှတ် လုပ်ဆောင်သွားမည် ဖြစ်သည်။

 

အစိုးရ အနေဖြင့်လည်း ကပ်ရောဂါဆိုးကြီး အတွင်း ဖြစ်ပျက်ခဲ့သည်များကို ပြန်၍ ကြံ့ကြံ့ခံနိုင်မည့် စီးပွားရေး တရပ် ထူထောင်နိုင်ရန် သံဓိဠာန် ချပြီး ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ အထူးအကြံပေး ဩစတေးလျ စီးပွားရေး ပညာရှင် Sean Turnell က ပြောပြခဲ့သည်။ ထိုအထဲတွင် ကျန်းမာရေး၊ အခြေခံ အဆောက်အအုံများ အပိုင်းများတွင် ရေရှည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက်အပြင် ကိုဗစ်ကို တန်ပြန်နိုင်မည့် စီးပွားရေး ကို နှိုးဆွပေးနိုင်ရေး များအတွက် ရည်ရွယ်ပြီး အသုံးစရိတ်များ တိုးချဲ့ သွားနိုင်ရန် နှင့် ပြည်ပရင်းနှီးမြုပ်နှံမှု များ၊ ပြည်တွင်းလုပ်ငန်းများ ပိုမို လွယ်ကူစွာ လုပ်ကိုင်နိုင်ရေးများ အားပေးရန် စည်းမျဉ်းများ ဖြေလျော့ပေးမည့် အစီအစဉ်များ ပါဝင်သည်ဟု ၎င်းက ဆိုသည်။

 

ဝေဖန်သူ အချို့ကလည်း အကြီးအကျယ် မျှော်လင့်ထား၍ မဖြစ်၊ အစိုးရသည် ပြည်သူများက ၎င်းတို့အား သောင်ပြိုကမ်းပြို မဲပေး ရွေးချယ်ခဲ့မှု အား ယခင် ငါးနှစ်က လုပ်ဆောင်ချက်များကို သဘောကျ၍ ဟု မှတ်ယူကောင်း မှတ်ယူနိုင်ကြောင်းလည်း သတိပေးမှုများ ထွက်ပေါ်လာခဲ့သည်။