ဂလိုဘယ် တိုင်းမ် - ပိုမို နွေးထွေးလာတော့မည့် တရုတ်-မြန်မာ ဆက်ဆံရေး

by Hla Soewai - Nov 17 2020

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှ တိုင်းပြည်ကို ဆက်လက် အုပ်ချုပ် သွားမည် ဖြစ်သည့်အတွက် တရုတ်-မြန်မာ ဆက်ဆံရေးသည် အနာဂတ်တွင် ဆက်လက်တိုးတက်လာမည် ဖြစ်သည်ဟု လေ့လာသူများက ဆိုကြောင်း တရုတ် အစိုးရ အာဘော် တစိတ်တပိုင်း ဖြစ်တဲ့ ဂလိုဘယ် တိုင်းမ် သတင်းစာ က ရေးသားလိုက်ပါတယ်။

 

စနေနေ့ ညနေပိုင်းက ထုတ်ပြန်တဲ့ ရွေးကောက်ပွဲ ရလဒ်အရ အစိုးရအသစ် ဖွဲ့စည်းရန် လိုအပ်သော အရည်အတွက် ဖြစ်တဲ့ ၃၂၂ ထက် ကျော်လွန်ရုံမျှမက ၂၀၁၅ တွင် အနိုင်ရရှိခဲ့သည့် နေရာ ၃၉၀ ထက်ပင် ပို၍ အနိုင်ရရှိသွားခဲ့သောကြောင့် သမိုင်းဝင် ရလဒ် ထွက်ပေါ် လာခဲ့ပြီ ဖြစ်ပါတယ်။ မီဒီယာ အများစုမှာ “သောင်ပြိုကမ်းပြို” အောင်နိုင်မှု အဖြစ် ဖေါ်ပြလာခဲ့ကြပါတယ်။

 

ဂလိုဘယ်တိုင်းမ်မှ ဆက်သွယ်မေးမြန်းခဲ့သည့် လေ့လာသူ အားလုံးက ရွေးကောက်ပွဲအပြီး တရုတ်-မြန်မာ ဆက်ဆံရေး အပေါ် အကောင်းဖက်မှ ရှုမြင်ခဲ့ကြပါတယ်။

 

NLD အနေဖြင့် မြန်မာ၏ ကာလကြာမြင့်စွာ ဆွဲကိုင်ထားတဲ့ လွတ်လပ်ပြီး တက်ကြွတဲ့ နိုင်ငံခြားရေး မူဝါဒ ကို ကျင့်သုံးသွားဖို့ ရှိတဲ့အတွက် တရုတ် အပေါ် ရင်းနှီးသည့် မူဝါဒ ဆက်လက် တည်ရှိနေမှာ ဖြစ်တယ်လို့ တရုတ်-မြန်မာ ကုန်သည်ကြီးများ အဖွဲ့ အထွေထွေ အတွင်းရေးမှူး ဟိန်းခိုင်က ပြောပါတယ်။

 

ဘီဂျင်းရှိ နိုင်ငံခြားရေးဆိုင်ရာ လေ့လာရေး တက္ကသိုလ် မှ တွဲဖက် ပါမောက္ခ ဆွန်ကွင်ရမ် က တရုတ်-မြန်မာ ဆက်ဆံရေး သေချာပေါက် ပိုမို နွေးထွေးလာမှာ ဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ လက်ရှိ NLD အစိုးရသည် တရုတ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှု အလွန်ကောင်းမွန်တဲ့ အနေအထားမှာ ရှိခဲ့ပြီး စီမံကိန်းပေါင်းများစွာ ပေါ်ပေါက်လာအောင်လည်း ပြုလုပ်နိုင်ခဲ့တဲ့ အတွက် အနာဂတ်တွင်လည်း ပိုမို ကောင်းမွန်တဲ့ ဆက်ဆံရေးကို ဖေါ်ဆောင်နိုင်မည့် တရုတ် ပြည်ဆိုင်ရာ မူဝါဒကို ကျင့်သုံးသွားမည်သာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

ရွေးကောက်ပွဲတွင် NLD အောင်ပွဲခံခဲ့ရခြင်း၏ အကြောင်းရင်း သုံးရပ်ကို လေ့လာသူများက ထောက်ပြခဲ့ ကြပါတယ်။ ယင်းတို့မှာ ယခင်စစ်အစိုးရ အုပ်ချုပ်ခဲ့မှု၊ ဒေါ်အောင်ဆန်းစုကြည်၏ ပုဂ္ဂိုလ်ရေး ဩဇာသက် ရောက်နိုင်မှု နှင့် အခြား ပြိုင်ဖက် ပါတီများ၏ အားနည်းစွာ ယှဉ်ပြိုင်နိုင်ခဲ့မှု တို့ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

 

မြန်မာနိုင်ငံသား များ အနေဖြင့် ယခင် စစ်အစိုးရလက်ထက် နဲ့ NLD ရဲ့ အဓိက ပြိုင်ဖက် USDP ကာလ က အတိတ်ဆိုးများကို မမေ့ပျောက် နိုင် ဖြစ်နေကြဆဲလို့ ဆွန်ကွင်ရမ် က ဆိုပါတယ်။

 

USDP သည် ၃၃ နေရာသာ ရရှိခဲ့ပြီး ၂၀၁၅ က ရရှိခဲ့တဲ့ ၄၅ နေရာထက် ပို၍ နည်းပါးသွားတာ တွေ့ရပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည်၏ ပုဂ္ဂိုလ်ရေး ဩဇာ သက်ရောက်မှုသည် အောင်နိုင်ခဲ့မှု၏ အရေးအပါဆုံး အချက်ဖြစ်တယ်လို့ ဟိန်းခိုင်က ဆိုပါတယ်။

 

“မြန်မာ နိုင်ငံရေး တွင် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သိက္ခာ နှင့် လူကြိုက်များမှု ကို မည်သူမျှ မယှဉ်နိုင်သည့်အပြင် ထိုအနေအထားအား စိန်ခေါ်နိုင်ဖို့ ပင် ခဲယဉ်းလှကြောင်း” ၎င်းက ဆိုပါတယ်။

 

NLD သည် ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုပြုကာ ဆိုရှယ်မီဒီယာ မှ မဲဆွယ် စည်းရုံးမှုများ နှင့် အတူ ပါတီ၏ အမြင့်ဆုံး နိုင်ငံရေး ရည်မှန်းချက်အဖြစ် “ဒီမိုကရေစီ အရေး နှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး” ထုတ်ဖေါ်လာခဲ့တာ တွေ့ရတယ်လို့ ဆိုပါတယ်။

 

သို့သော်လည်း NLD သည် ပြီးခဲ့သည့် ရွေးကောက်ပွဲလောက် အနိုင်ရရှိလိမ့်မည် မဟုတ်ဟု လေ့လာသူ အတော်များများက ခန့်မှန်းထားတာတွေ ရှိတဲ့ အတွက် သူ့အနေနဲ့ ထွက်ပေါ်လာတဲ့ ရွေးကောက်ပွဲ ရလဒ်အပေါ် အံ့အားသင့်သွားခဲ့ရတယ်လို့ ပြောပါတယ်။

 

အဓိက ပြိုင်ဖက် ဖြစ်တဲ့ USDP ရဲ့ လုပ်ရပ်များကလည်း မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ရတယ်လို့ ဆိုပါတယ်။

 

USDP ဥက္ကဌ ဦးသန်းဌေးသည် အောက်တိုဘာလအတွင်း ရွေးကောက်ပွဲ အတွက် မဲဆွယ် စည်းရုံးရာတွင် “ကျွန်တော် သွေးထဲမှာ မူဆလင်လည်း မရှိဘူး၊ တရုတ်သွေးလည်း မရှိဘူး” ဟု ပြောခဲ့သဖြင့် လူထုက လူမျိုးရေး ခွဲခြားမှု ဖြစ်တယ် ဆိုပြီး ဝေဖန်ခြင်း ခံခဲ့ရတယ်လို့ ဂလိုဘယ်တိုင်းမ်က ရေးသားလိုက်ပါတယ်။

 

ပြည်တွင်း သတင်းစာများ တွင် ရေးသားခဲ့မှုများအရ ပါတီသည် ထောက်ခံမှု ပိုမို ရရှိရန် စည်းရုံး ဆော်ဩခဲ့ သော်လည်း ဦးသန်းဌေးက နိုင်ငံခြားသားများ အား မလိုလားတဲ့ စကားတွေ ပြောလာတဲ့ အတွက် သူ နှင့် သူ၏ ပါတီအား ထောက်ခံမှု အနည်းအကျဉ်းသာ ရရှိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

“ရွေးကောက်ပွဲ တွင် မဲဆန္ဒရှင် အတော်များများက မျက်ရည်များ နဲ့ မဲပေးခဲ့ကြတာ တွေ့ရပြီး၊ လူထုအနေနဲ့ NLD လက်ထက်တွင် အပြစ်အနာများ ရှိခဲ့သော်လည်း အခြား ပိုမိုကောင်းမွန်မည့် ပါတီများက ထွက်မလာသည့်အပြင် အခြားပါတီများ အဖို့ လည်း လူထု၏ ယုံကြည်မှုကို မရရှိခဲ့ကြဟု ဟိန်းခိုင်က ထောက်ပြခဲ့ပါတယ်။

 

NLD သည် မဲဆန္ဒရှင် ၈၀% ၏ ထောက်ခံမှုကို ရရှိခဲ့ပြီး မတ်လ အကုန်တွင် အစိုးရသစ်ဖွဲ့စည်း မည်ဖြစ်ကာ သမ္မတ နဲ့ ဒုသမ္မတ အသစ်များ အား နောက်ထပ် ငါးနှစ် သက်တမ်းအတွက် ရွေးချယ် ခန့်အပ်ဖို့ ရှိနေပါတယ်။

 

NLD သည် “အမျိုးသား ရင်ကြားစေ့ရေး၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေး နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု” မူဝါဒ များကို ဆက်လက် အကောင်အထည် ဖေါ်သွားဖို့ ရှိနေသော်လည်း ပါတီ အနေဖြင့် အကောင်အထည် ဖေါ်နိုင်လိမ့် မည်ဟု လူထုကတော့ ယုံကြည် စိတ်ချခြင်း မရှိဟု ဟိန်းခိုင်က ဆိုပါတယ်။

 

ယခု ရွေးကောက်ပွဲတွင် ပါတီအများအပြား ထွက်ပေါ်လာခဲ့ခြင်းကပင် ပြီးခဲ့သည့် ငါးနှစ်တွင် လူဘောင် အဖွဲ့အစည်းအတွင်း အကွဲအပြဲများ ပိုမိုနက်ရှိုင်းလာနေခြင်းကို ပြဆိုနေသည်ဟု ၎င်းက ဆက်လက် ပြောဆိုသွားခဲ့ပါတယ်။

 

(နိုဝင်ဘာ ၁၅ ရက်နေ့ထုတ် တရုတ်ပြည်၏ ဂလိုဘယ်တိုင်းမ် သတင်းစာပါ “China-Myanmar ties to be warmer after Suu Kyi’s ruling party wins ‘landslide’ victory in elections: Observers” အား ပြန်လည် တင်ပြသည်)