ရွေးကောက်ပွဲ အပြီး မိုက်လုံးကြီးလာသူများ

by Hla Soewai - Nov 13 2020

မနေ့က ပြန်ဝန်ဟောင်း ဦးရဲထွတ်သည် USDP ၏ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ရမှု နှင့် စပ်လျင်းပြီး ၎င်းတို့၏ အားနည်း ချက်များကို ပွင့်ပွင့်လင်းလင်း သမာသမတ်ကျစွာ ထောက်ပြသည့် ပို့စ်တခု တက်လာ၍ ဖတ်လိုက်ရသူ အပေါင်းက ဦးရဲထွတ်သည် ဒေါက်တာ ဂျက်ကိုင်း နှင့် မစ္စတာ ဟိုက်ဒ် ကဲ့သို့ လူတကိုယ် စိတ်နှစ်မျိုး Two-sided personality များ ရှိနေသလား ထင်ရလောက်အောင် တအံ့တဩ ဖြစ်ကုန်ကြရသည်။

 

ဦးရဲထွတ်သည် USDP မှ ရွေးကောက်ပွဲ ရလဒ်များကို မကျေနပ်ဘဲ စောဒက တက်မည် ဆိုသည်နှင့် ပတ်သက်ပြီး အခုလို ရေးသားခဲ့ပြန်သည်။

 

“တကယ်လို့ အငြင်းပွားမှုတွေက မဲဆန္ဒနယ် အနည်းငယ် လောက်မှာသာ ဖြစ်တယ်၊ ဖြစ်စဉ်တွေကလည်း ရွေးကောက်ပွဲ ရလဒ်ကြီး တခုလုံးကို ပြောင်းပြန်လှန်နိုင်တဲ့ အထိ ပမာဏ မများဘူး ဆိုရင် မဲဆန္ဒနယ် တခုချင်း အလိုက်ပဲ ရွေးကောက်ပွဲ ဥပဒေနဲ့ အညီ ကန့်ကွက်သင့်တယ်”

 

“တစ်စိတ်တစ်ဒေသ ဖြစ်စဉ်တွေကို အလုံးစုံ ဖြစ်စဉ်လို့ ယူဆပြီး တုန့်ပြန်ဆောင်ရွက်နေရင် လူထုက အရှုံးကို လက်မခံနိုင်တဲ့ ပါတီ၊ ကန့်လန့်တိုက်တဲ့ ပါတီလို့ မြင်သွားနိုင်တယ်၊ အဲ့ဒါဆိုရင် မဲရှုံးသလို နိုင်ငံရေး သိက္ခာလည်း ရှုံးလိမ့်မယ်” ဟူ၍ ဖေါ်ပြထားသည်။

 

ဦးရဲထွတ် မှ ထိုသို့ ရေးသားမှုသည် အကြောင်း ရှိပေသည်။ သူ၏လူများက သတင်းစာရှင်းလင်းပွဲ လုပ်တော့ မည်ဟူသော သတင်းကို သိရှိပြီး ဖြစ်သဖြင့် မမှားသင့်သည်ကို မမှားရအောင် အချိန်မီ သတိပေးလိုက်ခြင်းလည်း ဖြစ်ပေသည်။

 

ယူဆစရာ ရှိသည်မှာ USDP အနေနှင့် ယခုလို တနိုင်ငံလုံး အတိုင်းအတာဖြင့် မရှုမလှ အရေးနိမ့်သွားသည်ကို အလွယ်တကူ ဝန်ခံလိုက်က ပါတီသည် တတိုင်းပြည်လုံး၏ ချဉ်ဖတ် ဖြစ်နေပြီ ဆိုသည့်အဖြစ်ကို ပါတီဝင်များ နှင့် ထောက်ခံသူများအား အသိပေးလိုက်သလို ဖြစ်သွားမည်။ ထိုသို့ဆိုလျှင် ပါတီထဲတွင် ခွေးတကောင် ကြောင်တမြီးမျှပင် ကျန်တော့မည် မဟုတ်၊ ပါတီကို ဖျက်သိမ်းဖို့သာ ရှိတော့သဖြင့် မတရား အလုပ်ခံရ၍ ရှုံးနိမ့်ရပါသည်ဟု ဟန်ကိုယ့်ဖို့ ပြောနေရခြင်းသာဖြစ်သည် ဟု တွက်ဆမိခဲ့သည်။

 

သို့သော် USDP က ဦးရဲထွတ် ထင်ထားသည်ထက်ပင် လွန်စွာ မိုက်မဲသော အပြောအဆိုများဖြင့် ပြည်သူ တရပ်လုံးကို မျက်နှာပြောင်တိုက်ကာ စော်ကားလိုက်ကြပေတော့သည်။ ဒေါ်နယ်ထရန့်လို လူမျိုးပင် ဤမျှလောက် မိုက်လုံးကြီးသည့် အမှုမျိုး မကျူးလွန်။ ဥပဒေ ဘောင်အတွင်းမှ ဖြေရှင်းရန်သာ ကြိုးစားနေဆဲ ဖြစ်သည်။

 

USDP တို့သည် သတင်းစာ ရှင်းလင်းပွဲတွင် မတရား၍ ရှုံးသည်ဟု သက်သေ အထောက်အထား ခိုင်ခိုင်လုံလုံနှင့် တင်ပြနိုင်ခြင်းမျိုးလည်း မရှိဘဲ တပ်မတော်၏ အကူအညီနှင့် ရွေးကောက်ပွဲ ပြန်လုပ်ပေးဖို့ မိုက်မဲစွာ တောင်းဆိုလိုက်ကြပြီ ဖြစ်သည်။

 

ဤသည်က တပ်မတော်ကို အာဏာသိမ်းခိုင်းပြီး ၎င်းတို့ အား အာဏာပြန်ရအောင် လုပ်ခိုင်းသကဲ့သို့ ဆိုသည်နှင့် အတူတူပင် ဖြစ်သည်။ ဖွဲ့စည်းပုံအရ စစ်တပ်သည် ရွေးကောက်ပွဲကို ဦးဆောင်ကျင်းပရန် တာဝန်မရှိ ၍ ၎င်းတို့တောင်းဆိုမှုသည် စောစောက ပြောသလိုမျိုး ဖြစ်နေသည်။

 

ရွေးကော်မှ တရားဝင်ရလဒ်ကိုပင် မထုတ်ပြန်ရသေး၊ မဲလာထည့်သူ အရည်အတွက်မှာ ဆယ်သန်းပင် ပိုနေရ သည်ဟု ဆိုပြန်သည်။ ပိုသည့် အရည်အတွက်ကလည်း နဲနဲနောနော မဟုတ်ပါလား၊ ၎င်းတို့အနေနှင့် အခြေ အနေမှန်ကိုလည်း မသုံးသပ်တတ်၊ ကြားချင်သည့် စကားများအား လာပြောသည်ကို အဟုတ်ထင်နေသူများ ဖြစ်သည်။

 

၎င်းတို့၏ တောင်းဆိုမှု ကို လိုက်လျောသည်ပဲထားစေဦး၊ မိမိတို့ အသက်အန္တရာယ်ကိုပင် မမှုဘဲ လာရောက်မဲ ပေးခဲ့ကြသည့် ပြည်သူများက ဆူပူ လာကြကာ တိုင်းပြည်ပျက်မည့် ကိန်း အထိ ဆိုက်သွားနိုင်သည်ကို မတွေးမိကြလေရော့သလား၊ သို့တည်း မဟုတ် မစားရသည့်အမဲ သဲနှင့် ပက်ခြင်းလော၊ ထိုနှစ်ခုထဲမှ တခုခုပင် ဖြစ်ပေမည်။

 

တပ်မတော် အဖို့မှာလည်း တနိုင်ငံလုံးက အုံနှင့်ကျင်းနှင့် မဲပေးခဲ့ပြီး ပြည်တွင်း ပြည်ပ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည်သူများကလည်း ထူးခြားဖြစ်စဉ်ဟူ၍ မတွေ့ရဘဲ ရွေးကောက်ပွဲ လုပ်ထုံးလုပ်နည်းများ ဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီဟု တရားဝင် ထောက်ခံချက် အသီးသီး ထုတ်ပြန်ထားခဲ့ပြီး ဖြစ်ရုံမက USDP သည် ပွတ်ကာသီကာ ဖြင့် ကပ်၍ရှုံးသွားခြင်းမျိုး မဟုတ်၊ ၁၅ နေရာခန့်သာ အနိုင်ရပြီး မရှုမလှ ရှုံးနိမ့်သွားရသည်ကို မည်သို့မျှ မတတ်နိုင်တော့ပဲ ရွေးကောက်ပွဲ ရလဒ်ကို လက်ခံလိုက်ကြရသည်။

 

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ပြောသလို ပြည်သူများက ရလဒ်အပေါ် စိတ်လက်မချမ်းမသာဖြစ်ခြင်း မရှိကြ သည့်အပြင် အောင်ပွဲခံလွန်းမက ခံကာ ပျော်ရွှင်မြူးတူး နေကြ၍ တားမြစ်အမိန့်ပင် ထုတ်ပြန်ခဲ့ရသည့်အထိ ဖြစ်ခဲ့ရသည်။

 

ဦးရဲထွတ် အဖို့ကား သဗ္ဗေသတ္တာ ကမ္မသကာ ဟု ရေရွတ် ငြီးတွားရုံမှတပါး မည်သို့မျှ ကယ်တင်ပေးနိုင်စွမ်း မရှိတော့ပေ။

 

အကျိုးအမြတ် ဖြစ်သွားသူတို့မှာ သတင်းစာများ သာ ဖြစ်သည်။ သူတို့အဖို့က ဖိုးကျိုင်းတုတ် ဖြစ်သွားစေ လောက်သည့် သတင်းမျိုး ဖြစ်၍ ဝမ်းသာအားရစွာ ရေးသားကုန်ကြတော့သည်။ စောင်ရေများလည်း တက်ကြပေတော့မည်။

 

တပ်မတော်ဖက်မှ အပြုသဘော ဆောင်လာသည့် လုပ်ရပ်များကို ကြိုဆိုရမည်သာ ဖြစ်သည်။ နိုင်ငံလုံးဆိုင်ရာ အပြစ်အခတ် ရပ်စဲရေး အတွက် NCA အား ပြန်လည် ဆွေးနွေးရန် အဖွဲ့ ဖွဲ့စည်းလာခြင်း၊ ဦးဝီရသူအား အွန်လိုင်းမှပင် ရမန် ရုံးချိန်း ပေးလိုက်ခြင်း နှင့် ရွေးကော်ရုံးရှေ့တွင် အသေးစား ဆန္ဒပြပွဲကိုပင် လုံခြုံရေး တင်းကျပ်စွာ ယူပြီး အမြန် ကာကွယ်ပေးနိုင်ခဲ့ခြင်း စသည်တို့ပင် ဖြစ်ပေသည်။

 

ရွေးကော်ကတော့ ၎င်းတို့၏ တောင်းဆိုချက်ကို အခြေအမြစ်မရှိ ၍ မည်သို့မျှ စဉ်းစားစရာ မရှိ ဆိုကာ ပယ်ချလိုက်ပြီ ဖြစ်သည်။

 

ဒီနေ့ထုတ် တရုတ်အစိုးရ အာဘော် တပိုင်း ဖြစ်တဲ့ ဂလိုဘယ်တိုင်းမ် သတင်းစာ မှာတော့ မြန်မာ ရွေးကောက်ပွဲ အပေါ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ၏ “ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကို ဆက်လက်၍ အနီးကပ် စောင့်ကြည့်သွားမည်” ဆိုသော မှတ်ချက်ကို ရှုတ်ချလိုက်ပြီး မြန်မာပြည်သူများအနေနှင့် နိုင်ငံ တည်ငြိမ် ဖွံ့ဖြိုးရေး ကို လိုလားသည်ဆိုတာ သိသာထင်ရှားခဲ့ပြီ လို့ ရေးသားခဲ့ပေသည်။

 

ကမ္ဘာနိုင်ငံများ အဖို့ကတော့ ရွေးကောက်ပွဲ ရှုံးသည့် ပါတီ၏ ဖြစ်လေ့ဖြစ်ထ ရှိသော ဂယောင်ဂတမ်း ပြောဆိုနေမှုထက် မပိုဟုသာ ယူဆနေကြမည် ဖြစ်ပေတော့သည်။