ရွေးကောက်ပွဲ (၁၂) နှင့် နိုင်ငံတကာ မှ ထောက်ခံမှုများ

by Hla Soewai - Nov 11 2020

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြောခွင့်ရ ဒေါက်တာ မျိုးညွန့်မှ အစိုးရ ဖွဲ့ရန် လိုအပ်သော ကိုယ်စားလှယ်အရေ အတွက် ၃၂၂ ထက် ကျော်လွန်သွားပြီ ဖြစ်တယ်လို့ တရားဝင် ထုတ်ဖေါ်ပြောကြားလိုက်ပြီ ဖြစ်ပါတယ်။ စစ်တပ်နဲ့လည်း လက်တွဲ လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

 

လက်ရှိ ရွေးကောက်ပွဲ ရလဒ်သည် ဒီချုပ်မှ သည် ၂၀၁၅ ရရှိသော ကိုယ်စားလှယ် အရည်အတွက် ၃၉၀ ထက်ပင် ကျော်လွန်နိုင်ဖွယ် ရှိနေပြီး တိုင်းရင်းသား ပါတီ များလည်း အနိုင်ရခဲ့တာ ဖြစ်လို့ သား ရွှေအိုး ထမ်းလာသည့် ရလဒ်ပင် ဖြစ်၍ ကြိုဆိုရမှာ ဖြစ်ပါတယ်။ NLD အနေနဲ့လည်း လက်တွဲ ခေါ်ယူသွားမယ်လို့ မျှော်လင့်ရပါတယ်။

 

ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကတော့ ယခုအချိန်အထိ ရွေးကောက်ပွဲရလဒ်အပေါ် တရားဝင် ပြောဆိုတာမျိုး မရှိသေးတာ တွေ့ရပါတယ်။ ထို့အတွက် သူ့ကို ယခုအထိ အရှုံးကို ဝန်မခံနိုင်သေးတဲ့ ဒေါ်နယ် ထရန့် နဲ့ နှိုင်းယှဉ် ပြောဆိုမှုတွေ ရှိလာနေတယ်လို့ လော့စ် အိန်ဂျဲလိစ် တိုင်းမ် တွင် ရေးသားထားပါတယ်။ ၎င်းအနေနဲ့ ရွေးကောက်ပွဲ မတိုင်မီ ရက်သတ္တပတ် အတွင်း တင်းတင်းမာမာ ပြောဆိုနေပေမယ့် နောက်ပိုင်းမှာ ချက်ခြင်း ပြန်ပြီး လျှောချသွားတာ တွေ့ရတယ်လို့ သတင်းစာက ရေးသားထားပါတယ်။

 

ဗြိတိန် ၏ နိုင်ငံခြားရေး၊ ဓနသဟာရ နှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ အာရှ ဝန်ကြီး နိုင်ဂျဲလ် အဒမ် မှ ကြေငြာချက်တစောင် ထုတ်ပြန်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် မြန်မာပြည်သူများ က ငြိမ်းချမ်းရေး နှင့် ဒီမိုကရေစီ အရေး ကို ဆက်လက်မျှော်လင့်ချက် အပြည့်အဝ ထားနေဆဲ ဖြစ်ကြောင်း ၎င်းတို့၏ ဆန္ဒကို ထုတ်ဖေါ်နိုင်ခဲ့သည့်အတွက် အာဏာရှင်စနစ်မှ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး အတွက် အရေးပါဆုံးသော မှတ်တိုင်ကြီး စိုက်ထူနိုင်ခဲ့ပြီ ဖြစ်ကြောင်း ဖေါ်ပြခဲ့ပါတယ်။

 

ထို့အတူ အေအေ မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများကို ပြန်ပေးဆွဲထားမှုအား ရှုတ်ချကြောင်း နှင့် ချက်ခြင်းလက်ငင်း ပြန်လွှတ်ပေးရန်ကိုပါ တောင်းဆိုလိုက်ပါတယ်။

 

အီးယူ မှလည်း မဲလာပေးသူ အရည်အတွက် ယခင်ကထက် များပြားလာပြီး ငြိမ်းချမ်းစွာ ပြီးဆုံးသွားမှု အတွက် ချီးကြူးဂုဏ်ပြုကြောင်း နှင့် ရွေးကောက်ပွဲရလဒ် တရားဝင် ထုတ်ပြန်ပြီးပါက သက်ဆိုင်သူများ အားလုံးသည် ကောင်းမွန်သော အုပ်ချုပ်ရေး စနစ်ဖြင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ဖေါ်ဆောင်ရေး ကို ပူးပေါင်းဆောင်ရွက်ကြရန်လည်း တောင်းဆိုလိုက်ပါတယ်။ မိမိတို့မှလည်း အစိုးရသစ်နှင့် အတူ ဆက်လက်ပြီး လက်တွဲ ဆောင်ရွက်သွားမယ်လို့လည်း ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။

 

ဂျပန် အစိုးရမှ မြန်မာ အမျိုးသား ပြန်လည် သင့်မြတ်ရေး ပြန်လည် သင့်မြတ်ရေး အထူး ကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါ ယိုဟီ ဦးဆောင်သော ရွေးကောက်ပွဲ လေ့လာရေး အဖွဲ့ကို စေလွှတ်ခဲ့ယုံမက အလွယ်တကူ ဖျက်ပြစ်၍ မရသည့် မင်ရည်များကိုပါထောက်ပံ့ပေးခဲ့ပါတယ်။ ယခုအခါ ထွက်ပေါ်လာသော ရွေးကောက်ပွဲ ရလဒ်များကို မူတည်ပြီး ငြိမ်းချမ်းစွာ ကျင်းပနိုင်ခဲ့ခြင်း အတွက် ကြိုဆိုကြောင်းနှင့် နိုင်ငံသားများ၏ ဆန္ဒကို ထင်ဟပ်စေမည့် ဒီမိုကရေစီ နိုင်ငံ တည်ဆောက်ရေး ကို ဘက်ပေါင်းစုံမှ အစွမ်းကုန် ဆက်လက် ကူညီ သွားမည်ဟု ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

 

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက် ပွန်ပီယိုကတော့ မြန်မာရွေးကောက်ပွဲ ကို စိုးရိမ်မကင်း ဖြစ်ရကြောင်းနှင့် မဲရေတွက်မှုများ တိုင်တန်းမှုများကို ပွင့်လင်းမြင်သာစွာ နှင့် ယုံကြည်လောက်အောင် ပြုလုပ် ဖြေရှင်းပေးဖို့ လိုကြောင်း နှင့် အနီးကပ် စောင့်ကြည့်သွားမယ်လို့ (မျှော်လင့်ထားသည့် အတိုင်း) ကြေညာချက် ထုတ်ပြန်လာပါတယ်။ ထို့အပြင် အစိုးရ အဖွဲ့သစ်နဲ့လည်း လက်တွဲ လုပ်ဆောင်သွားမယ်လို့ လည်း ဖေါ်ပြထားပါတယ်။ ထရန့်အစိုးရကတော့ ထရန့်အတိုင်း တလေသံတည်း ထွက်လာတာပဲ ဖြစ်ပါတယ်။ ယခုလို မဆင်မခြင် ဗိုလ်ကျတဲ့ အပြောအဆိုတွေကြောင့် ကမ္ဘာတဝှမ်း ရှိ မဟာမိတ်များက ဖယ်ကျဉ်ချင်း ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

 

တရုတ်အစိုးရကတော့ ယခုအချိန်အထိ ထင်မြင်ချက် မပေးသေးတာ တွေ့ရပါတယ်။

 

ရိုက်တာ သတင်းကတော့ ယခု ရွေးကောက်ပွဲသည် ဒီမိုကရေစီ အစိုးရကိုသာ လူထုက ထောက်ခံသည့် ဆန္ဒခံယူပွဲ အဖြစ် ရေးသား ဖေါ်ပြလိုက်ပါတယ်။ အားလုံးက စစ်တပ်၏ ဩဇာအာဏာ နိုင်ငံရေး နယ်ပယ်တွင် ထပ်မံ ကျယ်ပြန့်မလာစေရေး အတွက် တန်ပြန် အင်အား အဖြစ် NLD ကို အင်နှင့်အားနှင့် ထောက်ခံခဲ့ကြတာ ဖြစ်ပါတယ်။

 

ဒီအထဲမှာ ကျွန်တော် အံ့အားသင့်ဆုံး ဖြစ်ခဲ့ရတာကတော့ ပြည်သူ့ရှေ့ဆောင်ပါတီ ခေါင်းဆောင် ဒေါ်သက်သက်ခိုင် ရဲ့ ရွေးကောက်ပွဲ ရလဒ်ပဲ ဖြစ်ပါတယ်။ သူ့အနေနဲ့ ယခု ရွေးကောက်ပွဲတွင် NLD ကို အသာထားဘိဦး လူကြိုက်အနည်းဆုံး ပါတီ ဖြစ်တဲ့ USDP ပါတီကိုပင် မဲ အရည်အတွက် မှာ မယှဉ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

 

သူမသာမက ပြည်မ တွင် ယှဉ်ပြိုင်သော ပါတီငယ်လေးများသည်လည်း အလားတူပင် USDP ကိုယ်စားလှယ် လောင်းကို မဲ အသာ မရခဲ့တာ ကို ကြည့်ရင် မိမိတို့ အနေအထားကို လေးလေးနက်နက် ပြန်သုံးသပ်ကြဖို့ လိုနေပြီ ဖြစ်ပါတယ်။ ထိုသို့သော ၎င်းတို့၏ ချို့ယွင်းချက်ကြီးကို တဦးတယောက်မျှ ထုတ်ပြောချင်း မရှိပဲ NLD ကို သာ ဦးတည် ပြောနေပါတယ်။

 

ရခိုင်ပြည်နယ်မှာတော့ နယ်ခံ ANP ပါတီက အများစု အနိုင်ရရှိသွားပြီ ဖြစ်တဲ့ အတွက် နိုင်ငံရေး အာဏာ ပေးဖို့က အကျပ်အတည်း ကျရောက်လာနေပါတယ်။ လောလောဆယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ အတွက် ထိုမှတဆင် ခွဲထွက်ခွင့် တောင်းဆိုမှု တွေ အထိ ကျယ်ပြန့်လာနိုင်တဲ့ အတွက် ဗဟိုကပဲ ချုပ်ကိုင်ထားဖို့ ရှိနေဆဲ လို့ သုံးသပ်ရပါတယ်။

 

ရွေးကောက်ပွဲကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာခဲ့တဲ့ ထိုင်း သံအမတ်ကြီး ကလည်း မြင်တွေ့ခဲ့ရသမျှ အတွက် ကျေနပ်အားရမှု ရှိကြောင်း ဧရာဝတီ သတင်းကို ပြောကြားခဲ့ပါတယ်။

 

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး အဗ္ဗဒူ မိုမင် ကလည်း အစိုးရ အဖွဲ့ သစ် ပေါ်ပေါက်လာသည်နှင့် “ရိုဟင်ဂျာ” များ ပြန်လည် ပို့ဆောင်ရေး အတွက် ဆွေးနွေးပွဲများ ပြန်စနိုင်လိမ့်မယ်လို့ ပြောလာပါတယ်။ ဒီနေရာမှာ နိုင်ငံတကာ မှ ကျေနပ်မှု အချို့ ရရှိနိုင်ဖို့ အစိုးရ အနေနဲ့ လိုက်လျောနိုင်လို့ ရမယ့် အတိုင်းအတာ တခုထိ လိုက်လျောပေးလို့ရမယ့် အခွင့်အရေးတွေ ရရှိလာပြီ လို့ မျှော်လင့်ရပါတယ်။

 

ပြည်သူများဖက်ကလည်း ညဏ်နီညဏ်နက်တွေ သုံးနေတဲ့ လူတွေက လည်း လက်မလျော့သေးတာ တွေ့နေရတဲ့ အတွက် သတိဝီရိယ နဲ့ စောင့်ကြည်ကြဖို့ လိုနေသေးကြောင်း တိုက်တွန်းလိုက်ရပါတယ်။

ဓါတ်ပုံ ၊ ၊ AFP / Ye Naing Ye