အမေသည် သူမ၏ အတိတ်က သတိရစရာ အဖြစ်များကို ဖယ်ရှားပစ်လိုဟန်ဖြင့် မျက်လုံးကို လက်ဖြင့် ပွတ်သပ်လိုက်သည်။ သူမ၏ အတွေးတို့သည် အရောင်စုံသော ဖဲကြိုးတကုံးအလား လွင့်ပျံနေကြ၏။ မနေ့က ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များ၏ လွှမ်းမိုးမှုကို ခံလိုက်ရသဖြင့် အေးစက်နေပြီဖြစ်သော လက်ဖက်ရည်ခွက်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်ကာ အချိန်အကြာကြီး ထိုင်နေမိလေသည်။ ပညာရှိပြီး ရိုးစင်းလှသော လူတဦးဦးကို တွေ့ဆုံကာ စကားပြောဆိုလိုစိတ်၊ မေးခွန်းများစွာကို မေးမြန်းလိုစိတ်တို့ တဖွားဖွား ပေါ်ပေါက်လာခဲ့သည်။
သူမ၏ ဆန္ဒကို ဖြည့်ဆည်းပေးသည့်အလား နေ့လယ်စာ စားပြီးနောက် နီကိုလိုင်း အီဗန်နိုဗစ် ရောက်လာခဲ့သည်။ သို့သော် သူဝင်လာသည်ကို မြင်လိုက်ရသောအခါ သူမမှာ ရုတ်တရက် တုန်လှုပ်သွားပြီး သူ့နှုတ်ဆက်လာသည်ကိုပင် ပြန်လည်မတုံ့ပြန်နိုင် လောက် အောင် နှုတ်ဆွံ့အ သွားမိသည်။
"သြော်... ကျမ ရဲ့ မိတ်ဆွေကြီး ပါလား" ဟု သူမက တိုးညှင်းစွာ ပြောလိုက်သည် - "ရှင် ဒီကိုလာဖို့ မလိုပါဘူး။ ရှင် တကယ်ကို သတိလက်လွတ် လုပ်တာပဲ! သူတို့သာ ရှင့်ကို ဒီမှာတွေ့သွားရင် ဘာနဲ့မှ မဆိုင်ဘဲ ရှင့်ကို ဖမ်းသွားကြလိမ့်မယ်၊ အဲ့ကျရင် ပါရှာ အတွက် ဘာမှ လုပ်ပေးလို့မရဘဲ အဆုံးသတ် သွားလိမ့်မယ်"
နီကိုလိုင် သည် သူမ၏လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး နှာခေါင်းပေါ်မှ မျက်မှန်ကို ပင့်တင်ကာ သူမ အနားသို့ ကပ်၍ အလျင်အမြန် ရှင်းပြလိုက်သည်။
"ပါဗယ်လ်နဲ့ အန်ဒရေးတို့ အဖမ်းခံရရင် နောက်တနေ့မှာပဲ ခင်ဗျားကို မြို့ပေါ်ပြောင်းရွှေ့ပေးဖို့ ကျွန်တော် သူတို့နဲ့ သဘောတူထားခဲ့တယ်"
သူသည် အေးဆေးတည်ငြိမ်စွာ ပြောဆိုသော်လည်း စိုးရိမ်ပူပန်နေဟန် ပေါ်လွင်နေသည်။
"ခင်ဗျားတို့အိမ်ကို သူတို့ ဝင်ရှာသွားသေးလား"
"ရှာတာပေါ့။ အကုန်လုံးကို မွှေနှောက်ရှာဖွေသွားကြတာ။ အဲဒီလူတွေမှာ အရှက်လည်းမရှိ၊ ကိုယ်ချင်းစာစိတ်လည်း မရှိကြဘူး" ဟု အမေက မကျေမနပ်ဖြင့် ရေရွတ်ပြောဆိုလိုက်သည်။
"သူတို့အတွက် အရှက်ဆိုတာ ရှိစရာ မလို ဘူး လေဗျာ" ဟု နီကိုလိုင်းက ပခုံးတွန့်ရင်း ပြောလိုက်ပြီး သူမ မြို့ပေါ်သို့ ပြောင်းရွှေ့ရန် လိုအပ်ကြောင်းကို ဆက် ပြောလေသည်။
သူ့၏ ဖော်ရွေနွေးထွေးပြီး အားပေးနှစ်သိမ့်လာသော စကားများက သူမအား ရင်ထဲတွင် လှုပ်ရှားတုန်ခါသွားစေခဲ့သည်။ အမေသည် ဖျော့တော့သော အပြုံးဖြင့် သူ့ကို ကြည့် နေရင်းက၊ သူမအပေါ် ထားရှိသည့် ကြင်နာယုယမှုနှင့် ယုံကြည်စိတ်ချမှုတို့အတွက် အံ့သြမိနေသည်။
"ပါရှားသာ သဘောတူမယ်၊ ပြီးတော့ ကျွန်မအတွက်လည်း ရှင် တို့ အနှောင့်အယှက် မဖြစ်ဘူးဆိုရင်လေ..."
"အဲဒီကိစ္စအတွက် လုံးဝ စိတ်မပူပါနဲ့။ ကျွန်တော် တယောက်တည်း နေတာပါ။ ကျွန်တော့်အစ်မဆိုလည်း တခါတလေမှသာ လာတတ်တာပါ"
"ကျမ အနေနဲ့ အလကား လာထိုင်စားနေ တာမျိုးတော့ မ ဖြစ်စေရပါဘူး" ဟု သူမက ပြောလိုက်သည်။
"ခင်ဗျား အလုပ်လုပ်ချင်တယ်ဆိုရင် လုပ်စရာတခုခုတော့ ရှိမှာပါ"
သူမ၏ အလုပ်ဟူသော အဓိပ္ပာယ်သတ်မှတ်ချက်မှာ ယခုအခါ သူမ၏သား အန်ဒရေနှင့် သူ၏ ရဲဘော်များ လုပ်ဆောင်နေကြသည့် လုပ်ငန်းများဖြင့် လုံးဝ ရောထွေးဆက်စပ်နေခဲ့ပြီ ဖြစ်သည်။ သူမသည် နီကိုလိုင်း နားသို့ အနည်းငယ် တိုးကပ်သွားပြီး သူ့မျက်လုံးများကို စိုက်ကြည့်ကာ -
"ဟုတ်ရဲ့လား? ကျွန်မအတွက် အလုပ်လုပ်စရာ ရှိလာမယ်လို့ ပြောတာလား?" ဟု မေးလိုက်သည်။
"ကျွန်တော့် အိမ်ထောင်စုလေးက သေးသေးလေးပါ။ ကျွန်တော်က လူပျို လူလွတ်ပါ..." ဟု နီကိုလိုင်းက ပြန်ပြောသည်။
"ကျွန်မပြောနေတာ အဲဒါကို ဆိုလိုတာ မဟုတ်ပါဘူး၊ အိမ်မှုကိစ္စကို ပြောတာ မဟုတ်ပါဘူး" ဟု သူမက တိုးညှင်းစွာ ပြောလိုက်သည်။ "ကျွန်မဆိုလိုတာက လောကကြီးအတွက် လုပ်ရမယ့် အလုပ်ကို ပြောတာပါ"
သူမသည် စိတ်မချမ်းမြေ့စွာဖြင့် သက်ပြင်းတချက်ချလိုက်ပြီး၊ မိမိ၏ ခံစားချက်ကို နားလည်ပေးနိုင်စွမ်း မရှိခြင်းကြောင့် စိတ်လည်း ထိခိုက်သွားမိသည်။ ထိုစဉ် နီကိုလိုင်သည် ထရပ်လိုက်ပြီး - "ခင်ဗျားသာ ဆန္ဒရှိမယ်ဆိုရင် အလုပ်သမားလောကမှာလည်း ခင်ဗျားအတွက် နေရာတခု ရှိလာမှာပါပဲ။"
ထိုစကား ကြောင့် သူမ၏ စိတ်ထဲတွင် ရိုးရှင်းပြီး ရှင်းလင်းသော အကြံအစည်တခုက ချက်ချင်း ပေါ်လာ၏။ "တချိန်တုန်းက ငါဟာ ပေဗယ်ကို ကူညီနိုင်ခဲ့ဖူးတယ်။ အခုလည်း ငါ အောင်မြင်နိုင်ဦးမလားပဲ။ သူ့ရဲ့ တရားမျှတမှုအတွက် ပါဝင်လုပ်ကိုင်ကြတဲ့သူတွေများလေ၊ လူထုရှေ့မှောက်မှာ သူ့ရဲ့ အမှန်တရားက ပိုပြီး ထင်ရှားပေါ်လွင်လေ ဖြစ်လာမှာပဲ။"
သို့သော် ဤအကြံအစည်များသည် သူမ၏ ဆန္ဒရှိသမျှ ပြင်းပြမှု နှင့် ရှုပ်ထွေးနက်နဲမှုကို အပြည့်အဝ ဖော်ပြနိုင်ခြင်း မရှိသေးပေ။ "ကျမ ဘာများ လုပ်နိုင်လို့လဲ?" ဟု သူမက တိုးညှင်းစွာ မေးလိုက်သည်။ နီကိုလိုင် သည် ခဏမျှ တွေးတောနေပြီးနောက် တော်လှန်ရေးလုပ်ငန်း၏ နည်းပညာပိုင်းဆိုင်ရာ အသေးစိတ်အချက်အလက်များကို စတင် ရှင်းပြလေတော့သည်။
“ခင်ဗျား ထောင်ထဲမှာ ပါဗယ်လ်ကို သွားတွေ့တဲ့အခါ သတင်းစာတစောင် တောင်းထားတဲ့ လယ်သမားရဲ့ လိပ်စာကို သူ့ဆီကနေ စုံစမ်းကြည့်နိုင်ရင်---”
“ကျွန်မ သိတယ်” ဟု အမေက ဝမ်းသာအားရ ထအော်လိုက်သည်။ “သူတို့ ဘယ်မှာရှိတယ်ဆိုတာရော၊ ဘယ်သူတွေလဲဆိုတာရော ကျွန်မ သိတယ်။ စာရွက်စာတမ်းတွေကိုသာ ကျွန်မကို ပေးပါ၊ ကျွန်မ ပို့ပေးပါ့မယ်။ လယ်သမားတွေကို ကျွန်မ မတွေ့ တွေ့ အောင် ရှာမယ်၊ ရှင်ပြောသလို အတိအကျ လုပ်ပါ့မယ်။ တရားမဝင် စာအုပ်တွေကို ကျွန်မ သယ်နေတယ်လို့ ဘယ်သူက ထင်မှာလဲ။ စက်ရုံထဲကိုလည်း ကျွန်မ စာအုပ်တွေ သယ်ခဲ့ဖူးတာပဲ။ ပေါင်တရာကျော် လေး တာ တောင် ခိုးသွင်းခဲ့ဖူးတယ်၊ ဘုရားသခင် ကျေးဇူးတော်ကြောင့်ပဲ”
လမ်းမတွေ၊ သစ်တောတွေနဲ့ ကျေးရွာတွေကို ဖြတ်ကျော်ပြီး ပခုံးပေါ်မှာ သစ်ခေါက်အိတ်တလုံးလွယ်၊ လက်ထဲမှာ တောင်ဝှေးတချောင်းကိုင်လို့ ခရီးသွားလိုသည့် ဆန္ဒက သူ့ရင်ထဲ ပေါ်ပေါက်လာခဲ့သည်။
"ကဲ ပါရှင် ကျွန်မကို ဒီလှုပ်ရှားမှုထဲမှာ ပါဝင်လုပ်ကိုင်နိုင်အောင် စီစဉ်ပေးပါတော့။ ရှင့်အတွက်ဆိုရင် ကျွန်မ နေရာတိုင်းကို သွားပါ့မယ်။ နွေရော ဆောင်းပါမကျန်၊ သေတဲ့အထိပဲ အမှန်တရားအတွက် ဘုရားဖူးခရီးသွားတယောက်လို ဆက်သွားနေပါ့မယ်။ ဟော... ကျွန်မလို မိန်းမတစ်ယောက်အတွက် ဒီလိုဘဝမျိုးက အင်မတန် ဂုဏ်ယူစရာ ကောင်းမနေဘူးလား။ ခြေသလုံးအိမ်တိုင် ခရီးသွားဘဝဆိုတာ ကောင်းတဲ့ဘဝမျိုးပါ။ သူက ကမ္ဘာအနှံ့ လှည့်လည်သွားလာနေတယ်၊ သူ့မှာ ဘာမှမရှိဘူး၊ ပေါင်မုန့် ကလွဲရင် ဘာမှလည်း မလိုအပ်ဘူး၊ သူ့ကို ဘယ်သူမှလည်း မစော်ကားကြဘူး၊ ပြီးတော့ ဘယ်သူမှ သတိမထားမိဘဲ ကမ္ဘာမြေပေါ်မှာ တိတ်တဆိတ် လှည့်လည်သွားလာနေတယ်။ ဒီတော့ ကျွန်မလည်း သွားပါ့မယ်၊ အန်ဒရေးဆီပဲဖြစ်ဖြစ်၊ ပါရှာဆီပဲဖြစ်ဖြစ်၊ သူတို့ ဘယ်မှာပဲနေနေ သွားပါ့မယ်။"
ရွာစဉ်တကာ လျှောက်ပြီး တဲအိမ်လေးများ၏ ပြတင်းပေါက်မှ ခရစ်တော်၏ နာမည်ကိုခေါ်ပြီး ဆွမ်းခံ၊ တောင်းရမ်းနေရမည့် အိမ်ရာမဲ့ဘဝ မျိုး ကိုယ့်ကိုယ်ကိုယ် မြင်ယောင်မိလိုက်သည့်အခါ သူမရင်ထဲ ဝမ်းနည်းစိတ်များ လွှမ်းမိုးသွား တော့သည်။
နီကိုလိုင်းက သူမရဲ့လက်ကို ညင်ညင်သာသာ ဆုပ်ကိုင်လိုက်ပြီး သူ့၏ နွေးထွေးသည့် လက်နှင့် ပွတ်သပ်ကာ အား ပေး နေရှာသည် ။ ပြီးတော့ နာရီကိုကြည့်ရင်း က ..
"ဒီအကြောင်းကို နောက်မှပဲ ဆက်ပြောကြရအောင်ဗျာ။ ခင်ဗျားဟာ ကိုယ့်ပခုံးပေါ်ကို အန္တရာယ်များတဲ့ ဝန်ထုပ်ဝန်ပိုးကြီး တင်လိုက်ပြီ။ ဘာလုပ်ဖို့ ရည်ရွယ်ထားတယ်ဆိုတာ သေသေချာချာ စဉ်းစားဖို့ လိုလိမ့်မယ်။"
"ကျွန်မက ဘာကို ထပ်စဉ်းစားရဦးမှာလဲ။ ဒီကိစ္စအတွက် မဟုတ်ရင် ကျွန်မက ဘာအတွက် အသက်ရှင်နေရဦးမှာလဲ။ ကျွန်မက ဘယ်သူ့အတွက် ဘာအသုံးဝင်နေလို့လဲ။ သစ်ပင်တပင်ဟာ ကြီးထွားလာတယ်၊ အရိပ်ပေးတယ်၊ ထင်းအဖြစ် ခွဲစိတ်ခံရပြီး လူတွေကို နွေးထွေးစေတယ်။ ဘာမှမသိတတ်တဲ့ သစ်ပင်တောင်မှ လောကကြီးအတွက် အကျိုးပြုနေသေးတာပဲ၊ ကျွန်မက လူသားတယောက်ပဲဟာ။ လူသားတွေရဲ့ အကောင်းဆုံးသွေး၊ ကျွန်မတို့ နှလုံးသားတွေရဲ့ အကောင်းဆုံးအရာဖြစ်တဲ့ သားသမီးတွေဟာ သူတို့ရဲ့ လွတ်လပ်မှုတွေ၊ အသက်တွေကို စွန့်လွှတ်နေကြတယ်၊ ကိုယ့်ကိုယ်ကိုယ်တောင် မငဲ့ကွက်ဘဲ ကြေမွပျက်စီးခံနေကြတယ်။ ဒါကို အမေတယောက်ဖြစ်တဲ့ ကျွန်မက ဘေးကနေ ရပ်ကြည့်ပြီး ဘာမှမလုပ်ဘဲ နေရမှာတဲ့လား။"