သူတို့ ဘာတွေ ပြောကြလဲ

by Hla Soewai - Nov 23 2026

မြန်မာနိုင်ငံ၏ စစ်ခေါင်းဆောင် များသည် နိုင်ငံအတွင်းရှိ မွတ်စလင် လူနည်းစု ရိုဟင်ဂျာများအပေါ် ရက်စက်ကြမ်းကြုတ်မှုများစွာ ကျူးလွန်ခဲ့ကြောင်းကို လူအများသိရှိထားသည်မှာ ကြာမြင့်ပြီဖြစ်ပြီး၊ အထင်ရှားဆုံးမှာ ၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာ ၇၀၀,၀၀၀ နီးပါးကို နှင်ထုတ်ခဲ့ခြင်း ဖြစ်သည်။ ဝေဖန်သူများက ၎င်းတို့ကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သည်ဟု စွပ်စွဲခဲ့ကြသည်။ စစ်အုပ်စု ဘက်ကမူ အကြမ်းဖက်လှုပ်ရှားမှု ကို နှိမ်နင်းရန်အတွက် သင့်လျော်သော အင်အားကို အသုံးပြုခဲ့ခြင်းသာဖြစ်ကြောင်းနှင့် မည်သို့ပင်ဆိုစေကာမူ ရိုဟင်ဂျာများသည် မိမိတို့မှ သီးခြားအသိအမှတ်ပြုနိုင်သော မျိုးနွယ်စုမဟုတ်ဘဲ ဘင်္ဂါလီ ရွှေ့ပြောင်းနေထိုင်သူများသာဖြစ်ကြောင်း အကြောင်းပြကာ ယင်းစွပ်စွဲချက်ကို ငြင်းဆိုခဲ့သည်။

 

နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ကုလသမဂ္ဂ၏ အမြင့်ဆုံးတရားစီရင်ရေးအဖွဲ့ဖြစ်သော အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) သည် စွပ်စွဲသူ များဘက်မှ ရပ်တည်ဆုံးဖြတ်ခဲ့သည်။ နှစ်ပေါင်း ၈၀ သက်တမ်းတလျှောက် မကြုံစဖူး ထူးခြားသည့် စီရင်ချက်တရပ်အနေဖြင့် ကမ္ဘာတဝန်းမှ တရားသူကြီး ၁၅ ဦးပါဝင်သော အဖွဲ့သည် ထောက်ခံမဲ ၉ မဲ၊ ကန့်ကွက်မဲ ၆ မဲဖြင့် မြန်မာနိုင်ငံအား လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်း အပြစ်ရှိသည်ဟု ဆုံးဖြတ်ခဲ့သည်။ 

 

တချိန်တည်းမှာပင် ဒေါ်နယ်ထရမ့်၊ ဗလာဒီမာပူတင်နှင့် ရှီကျင့်ဖျင်တို့ သုံးပွင့်ဆိုင် ထိပ်သီးအစည်းအဝေး ကျင်းပနေသည့် တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့မှ ထုတ်ပြန်သော ပူးတွဲကြေညာချက်တွင်မူ တရားရုံးနှင့် အလားတူအဖွဲ့အစည်းများအနေဖြင့် "၎င်းတို့၏ တရားစီရင်ပိုင်ခွင့်အာဏာကို အလွဲသုံးစား မပြုလုပ်ရ" ဟု သတိပေးကာ တရားရုံးအနေဖြင့် ကိုယ့်အလုပ်ကိုယ်သာ လုပ်ဆောင်ရန် သွယ်ဝိုက်ပြောကြားလိုက်သည်။

 

တကယ်တမ်းတွင် ထရမ့်သည် လွန်ခဲ့သော နှစ်ပေါင်း ၈၀ က ၎င်း၏ အစိုးရမှ ကမကထ ပြုကာ ချမှတ်ခဲ့သည့် နိုင်ငံများ လိုက်နာရမည့် နိုင်ငံတကာ စနစ်ကြီးကို အာဏာရှင်များ နှင့် ပေါင်းကာ ပမာမခန့် လုပ်ခဲ့ခြင်းပင် ဖြစ်သည်။

 

ထိုစီရင်ချက်သည် အလွယ်တကူ ထွက် ပေါ်လာခဲ့ခြင်း မဟုတ်၊ လွန်ခဲ့သည့် ခုနစ်နှစ်တာကာလအတွင်း တရားရုံးသည် အနောက်ဘက် ရခိုင်ပြည်နယ်ရှိ ရဲကင်းစခန်းများကို ရိုဟင်ဂျာလက်နက်ကိုင်များက တပြိုင်နက်တည်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ၂၀၁၇ ခုနှစ်တွင် စစ်တပ်က လုပ်ဆောင်ခဲ့သော “နယ်မြေရှင်းလင်းရေး စစ်ဆင်ရေး” အတွင်း ဖြစ်ပွားခဲ့သည့် ရက်စက်ကြမ်းကြုတ်မှု၊ သတ်ဖြတ်မှု၊ အစုလိုက်အပြုံလိုက် အဓမ္မပြုကျင့်မှုနှင့် မီးရှို့ဖျက်ဆီးမှုဆိုင်ရာ ကြေကွဲဖွယ် သက်သေအထောက်အထားများကို အပတ်တကုတ် ကြားနာစစ်ဆေးခဲ့သည်။ 

 

သို့သော်လည်း လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်မြောက်ရန်အတွက် လူမျိုးတစုအပေါ် မကောင်းသောရည်ရွယ်ချက် (မလိုမုန်းထားဖျက်ဆီးလိုသည့် ရည်ရွယ်ချက်) ရှိကြောင်း သက်သေပြရန်လည်း လိုအပ်သည်။ မြန်မာစစ်တပ်သည် အဆိုပါဒေသရှိ “ရိုဟင်ဂျာလူဦးရေ၏ အရေးပါသော အစိတ်အပိုင်းတရပ်” ကို “အမြစ်ပြတ်ဖျက်ဆီးရန် ရည်ရွယ်ချက်” အမှန်တကယ် ပြသခဲ့ကြောင်း တရားရုံးက ကောက်ချက်ချ ဆုံးဖြတ်ခဲ့သည်။

 

ဤစီရင်ချက်သည် ၂၀၁၉ ခုနှစ်တွင် အမှုကို ICJ သို့ စတင်တင်သွင်းခဲ့သည့် ဂမ်ဘီယာနိုင်ငံ၊ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) နှင့် အခြားနိုင်ငံများအပြင် တက်ကြွလှုပ်ရှားသူ အဖွဲ့အစည်းများ၏ ကြိုးပမ်းမှု မှန်ကန်ကြောင်း သက်သေထူလိုက်ခြင်း ဖြစ်သည်။ 

 

စီရင်ချက်ချမှတ်မှုကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုရန် ကမ္ဘာတဝန်းမှ လာရောက်ခဲ့ကြသည့် ရိုဟင်ဂျာများက ဟိတ်ဂ် မြို့ရှိ တရားရုံးအပြင်ဘက်တွင် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြသကဲ့သို့၊ တရားခွင်စီရင်မှုကို ပိတ်ကားကြီးများဖြင့် ပြသပေးခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်သူ ရိုဟင်ဂျာ တသန်းကျော်အနက် အများအပြားကလည်း ဝမ်းသာအားရ ကြိုဆိုခဲ့ကြသည်။

 

ပြည်ပရောက် မြန်မာနိုင်ငံသား အများအပြားမှာမူ ဤစီရင်ချက်သည် မြန်မာနိုင်ငံအတွင်း အစွန်းရောက် အမျိုးသားရေးစိတ်ဓာတ်များကို ပိုမိုပြင်းထန်လာစေမည်ကိုလည်းကောင်း၊ လက်တုံ့ပြန်သည့်အနေဖြင့် ရိုဟင်ဂျာများနှင့် အခြားမွတ်စလင် အစုအဖွဲ့များ ထပ်မံတိုက်ခိုက်ခံရမည်ကိုလည်းကောင်း စိုးရိမ်ပူပန်လာကြပြီး ခံစားချက်အမျိုးမျိုး ရောထွေးနေကြသည်။

 

စစ်အုပ်စု အနေဖြင့် ရိုဟင်ဂျာများကို ၎င်းတို့၏ နေရပ်ရင်းများသို့ ပြန်လည်နေထိုင်ခွင့်ပြုရန်နှင့် လျော်ကြေးပေးရန် တရားရုံးက အမိန့်ချမှတ်ခဲ့သည်။ သို့သော်လည်း နေရပ်ပြန်ပို့ရေးမှာ မဖြစ်နိုင်သေးပေ။ ရိုဟင်ဂျာ တို့ မုလ နေထိုင်ရာ ဒေသများသည် မြန်မာစစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး လက်ရှိတွင် စစ်အုပ်စုက လက်လွှတ်လိုက်ရသောကြောင့် ဖြစ်သည်။

 

ICJ ၏ စီရင်ချက်များသည် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအားလုံးအပေါ် ဥပဒေကြောင်းအရ စည်းနှောင်မှုရှိသော်လည်း အတင်းအကျပ် အကောင်အထည်ဖော်နိုင်သည့် အာဏာမရှိပေ။ လက်ရှိ မြန်မာ စစ်အုပ်စု က ယင်းစီရင်ချက်ကို အလေးထားလိမ့်မည်ဟု ရိုဟင်ဂျာ လူ့အခွင့်အရေး အဖွဲ့အစည်းများက စိတ်ကူးယဉ် နေကြခြင်းတော့ မရှိပေ၊ ကျုးလွန်ခဲ့သူများကို ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းခဲ့သည့် ဗိုလ်ချုပ်ကြီးဟောင်း မင်းအောင်လှိုင်က ဦးဆောင်နေခြင်း ကြောင့် ဖြစ်သည်။ 

 

စစ်တပ်လုပ်ဆောင်ခဲ့သည့် လုပ်ရပ်အများစုသည် သောင်းကျန်းသူနှိမ်နင်းသည့် စစ်ဆင်ရေးဖြင့် အကြောင်းပြရှင်းလင်း၍ မရနိုင်ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။

 

ထို့ကြောင့် စီရင်ချက်ကို အကောင်အထည်ဖော်နိုင်ရေးသည် နိုင်ငံရေးနှင့် သံတမန်ရေး လမ်းကြောင်းများအပေါ်တွင်သာ မူတည်နေမည် ဖြစ်သည်။ အချို့နိုင်ငံများက ပိတ်ဆို့အရေးယူမှုများ ချမှတ်ကြလိမ့်မည်။ ဗြိတိန်နိုင်ငံသည် မြန်မာစစ်သံမှူးကို နှင်ထုတ်ကြောင်း ချက်ချင်းကြေညာခဲ့ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဆွေးနွေးရန် တောင်းဆိုခဲ့သည်။

 

 သို့သော်လည်း မြန်မာနိုင်ငံသည် လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်များဖြစ်ကြသည့် ၎င်း၏ မိတ်ဆွေများနှင့် လက်နက်ရောင်းချသူများဖြစ်သော တရုတ်နှင့် ရုရှားတို့၏ အကာအကွယ်ပေးမှုကို ရရှိဖွယ်ရှိနေသည်။ ဤစီရင်ချက်သည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အတွက် အရှက်ရစရာတခု ဖြစ်လာပြီး၊ ၂၀၂၁ ခုနှစ်တွင် အသင်းက သဘောတူညီခဲ့သည့် ငြိမ်းချမ်းရေးအစီအစဉ်ကို လျစ်လျူရှုထားသည့် မြန်မာနိုင်ငံအပေါ် ထားရှိသည့် မူဝါဒကို ပြန်လည် ပြင်ဆင် သတ်မှတ်ရန် လိုအပ်လာမည် ဖြစ်သည်။

 

ဥရောပသမဂ္ဂ (EU) က အပြည်ပြည်ဆိုင်ရာတရားရုံး ၏ စီရင်ချက်ကို မြန်မာနိုင်ငံအနေဖြင့် “နှောင့်နှေးကြန့်ကြာခြင်းမရှိဘဲ” အပြည့်အဝ အကောင်အထည်ဖော်ရန် တိုက်တွန်းလိုက်ပြီး၊ ယင်းသို့လိုက်နာဆောင်ရွက်ခြင်းသည် နိုင်ငံတကာဥပဒေအရ မဖြစ်မနေ လိုက်နာရမည့် တာဝန်ဝတ္တရားတရပ် ဖြစ်ကြောင်း အလေးအနက်ထား ပြောကြားခဲ့သည်။

 

နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ် ခြိမ်းခြောက်မှုများ မြင့်တက်လာနေချိန်နှင့် နိုင်ငံတကာဥပဒေ ချိုးဖောက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေချိန်တွင် ICJ ၏ လွတ်လပ်မှုနှင့် အာဏာသက်ရောက်မှုသည် ယခင်ကထက် ပိုမိုအရေးကြီးကြောင်းကိုလည်း အလေးအနက်ထား ပြောကြားခဲ့သည်။

 

နိုင်ငံအားလုံးအနေဖြင့် တရားရုံး၏ ဆုံးဖြတ်ချက်များကို လေးစားလိုက်နာရန်နှင့် ယင်း၏ စီရင်ချက်များကို ချက်ချင်းနှင့် အပြည့်အဝ အကောင်အထည်ဖော်နိုင်ရေး သေချာစေရန် EU က တိုက်တွန်းခဲ့သည်။

 

မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ပုံမှန်ပြန်လည်ထူထောင်ရန် ကြိုးပမ်းသည့် မည်သည့် အာဆီယံ နိုင်ငံမဆို ယင်းသို့လုပ်ဆောင်မှုကို ရပ်တန့်ရန် ဥရောပသမဂ္ဂ ၏ ပြင်းထန်သော ဖိအားပေးမှုကို ရင်ဆိုင်ရမည်ဖြစ်သည်။

 

တရုတ်သည် တာဝန်သိသော ကမ္ဘာ့နိုင်ငံတနိုင်ငံအဖြစ် အမြင်ခံလိုစိတ် ပြင်းပြနေသဖြင့် ယခုဆုံးဖြတ်ချက်သည် မြန်မာစစ်အုပ်စု အပေါ် ၎င်း၏ သံတမန်ရေးရာ ထောက်ခံမှုအတိုင်းအတာကို ထိခိုက်စေနိုင်သော်လည်း ပထဝီဝင်အနေအထားနှင့် သမိုင်းကြောင်းတို့အရ ဆက်လက်ပတ်သက်နေဦးမည် ဖြစ်သည်။

 

AFP သတင်းထောက်က အိုင်စီဂျေ ၏ ဆုံးဖြတ်ချက် နှင့် ပတ်သက်၍ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ အား မေးမြန်းရာ ဥပဒေနှင့် အညီ ဆင်ခြင်တုံ တရားဖြင့် လုပ်ပိုင်ခွင့်များ ပိုမို ကျင့်သုံးရန် လိုအပ်သည်ဟု ဖြေခဲ့သည်။ သို့ရာတွင် ကန့်ကွက်မဲ ပေးသူ ၆ ဦးထဲတွင် တဦး အပါအဝင် ဖြစ်သည့် တရုတ် နိုင်ငံသား တရားသူကြီး သည် တရားရုံး ၏ ပုံမှန် လုပ်ငန်းစဉ် နှင့် လက်တွေ့ ကျင့်သုံးမှု များနှင့် လျှော်ညီစွာ တာဝန်ဝတ္တရားကို ကျေပြွန်စွာ ထမ်းဆောင်ခြင်း ဖြစ်သည်ဟု ဆိုပြန်သည်။

 

လေ့လာစောင့်ကြည့်သူများအနေဖြင့် ဂါဇာဒေသရှိ အစ္စရေး၏ လုပ်ရပ်များနှင့်ပတ်သက်၍ တောင်အာဖရိကနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် အစ္စရေးအပေါ် တရားစွဲဆိုထားသော လူမျိုးတုံးသတ်ဖြတ်မှု အမှုအပေါ် ဤစီရင်ချက်၏ သက်ရောက်မှုများကို လေ့လာဆန်းစစ်ကြမည် ဖြစ်သည်။ အဆိုပါအမှုမှာ ဆုံးဖြတ်ချက်ချမှတ်နိုင်ရန် နှစ်ပေါင်းများစွာ လိုအပ်နေသေးသော်လည်း၊ မိမိကိုယ်ကို ခုခံကာကွယ်ခြင်းသည် လူမျိုးတုံးသတ်ဖြတ်မှု စီရင်ချက်ချမှတ် မခံရ အောင် အပြည့်အဝ အကာအကွယ်ပေးနိုင်မည် မဟုတ်ဟူသော တရားရုံး၏ ကောက်ချက်ချမှုက အစ္စရေးကို ထောက်ခံသူများအား စိုးရိမ်ထိတ်လန့်စေမည်မှာ သေချာ ပေသည်။

 

ICJ အမှုသည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) တွင် မင်းအောင်လှိုင်အား တရားစွဲဆိုထားသည့် အမှုနှင့် သီးခြားစီဖြစ်ပြီး ယင်းအမှုမှာလည်း အပြီးသတ်ဆုံးဖြတ်ချက်ချနိုင်ရန် နှစ်ပေါင်းများစွာ လိုအပ်နေသေးသည်။ ICJ သည် အစိုးရများ (နိုင်ငံများ) အပေါ် စွဲဆိုသည့် အမှုများကို စစ်ဆေးစီရင်ပြီး ICC မှာမူ လူပုဂ္ဂိုလ်တစ်ဦးချင်းစီအပေါ် စွဲဆိုသည့် အမှုများကို စစ်ဆေးစီရင်ခြင်း ဖြစ်သည်။ ICC အနေဖြင့် မင်းအောင်လှိုင် အတွက် ဖမ်းဝရမ်း ထုတ်ပြန်ပေးရန် တောင်းဆိုထားမှု ကို ဆုံးဖြတ်ရဦးမည် ဖြစ်သည်။

 

ICJ ၏ စီရင်ချက် ထွက်ပေါ်လာရုံဖြင့် အခြေအနေအားလုံး ပြီးဆုံးသွားမည်မဟုတ်ဘဲ နောက်ဆက်တွဲ မည်သို့ဆက်လက်ဖြစ်ပေါ်လာမည်ဆိုသည့်အပေါ် များစွာမူတည်နေသည်။ ယင်းတွင် အဆိုပါကိစ္စရပ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ တင်ပြခြင်း ရှိ၊ မရှိနှင့် စီရင်ချက်ကို အတည်ပြုလိုက်နာစေရန် တရားရုံးက အမိန့်ချမှတ်နိုင်သည့် အရေးယူပိတ်ဆို့မှုများ သို့မဟုတ် အခြားသော ကုစားမှုနည်းလမ်းများ ရှိ၊ မရှိတို့ ပါဝင် ပေသည်။

 

တရားရုံး၏ အမိန့်များကို မြန်မာနိုင်ငံက လိုက်နာအကောင်အထည်ဖော်ရေး သေချာစေရန် တာဝန်မှာ ယခုအချိန်အထိ မသိကျိုးကျွန်ပြုနေခဲ့ကြသည့် နိုင်ငံများအပါအဝင် နိုင်ငံအားလုံးအပေါ်တွင် ကျရောက်နေပြီ ဖြစ်သည်။

 

With Information from the Economist/ the Conversation/ Anadolu Agency 

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!