တီယန်မင် အရေးအခင်းအလွန် ပေါ်ပေါက်လာသော အာဏာရှင်စနစ်သစ် သည် စစ်မှန်သော နိုင်ငံရေး ဖြေလျှော့မှု၊ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနှင့် တရားဥပဒေ စိုးမိုးရေးတို့နှင့် အခြေခံအားဖြင့် သဟဇာတ မဖြစ်ခဲ့ပေ။ ထို့ကြောင့် တပါတီ အုပ်ချုပ်မှုအောက်ရှိ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှတဆင့် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းသွားနိုင်ခြေကို လျော့နည်းသွားစေခဲ့သည်။
ပါတီတွင်းရှိ လစ်ဘရယ်ဝါဒီများနှင့် အလယ်အလတ်သမားများ ဦးဆောင်ခဲ့သော ပြုပြင်ပြောင်းလဲရေးများသည် ခေတ်မီ တရားစီရင်ရေးစနစ်တခုအတွက် အုတ်မြစ်ချပေးနိုင်ခဲ့သည်။ ရာဇဝတ်ကျင့်ထုံး ဥပဒေ (၁၉၈၀)၊ စီးပွားရေး ပဋိညာဉ် ဥပဒေ (၁၉၈၁)၊ နိုင်ငံခြားကုမ္ပဏီများဆိုင်ရာ ဥပဒေ (၁၉၈၆) နှင့် အုပ်ချုပ်ရေးဆိုင်ရာ တရားစွဲဆိုမှု ဥပဒေ (၁၉၈၉) ကဲ့သို့သော သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့သည့် ဥပဒေများအားလုံးကို ၁၉၈၀ ပြည့်လွန်နှစ်များတွင် ပြဋ္ဌာန်းနိုင်ခဲ့သည်။ ယင်းဥပဒေများတွင် အားနည်းချက်များ ရှိနေသော်လည်း တရားဥပဒေ စိုးမိုးရေးဆီသို့ ဦးတည်သည့် အလားအလာကောင်းသော ပထမခြေလှမ်းများ ဖြစ်ခဲ့သည်။
သို့သော်လည်း စီးပွားရေး အရှိန်အဟုန်ဖြင့် တိုးတက်နေသည့်တိုင် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း တရားဥပဒေ ပြုပြင်ပြောင်းလဲရေး တိုးတက်မှုမှာ အကောင်းအဆိုး ဒွန်တွဲနေခဲ့သည်။ အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) သည် ၁၉၈၀ ပြည့်လွန်နှစ်များကထက် ဥပဒေများစွာကို ပိုမိုပြဋ္ဌာန်းနိုင်ခဲ့ပြီး တရားသူကြီးများနှင့် ရှေ့နေများမှာလည်း ပညာအရည်အချင်းနှင့် လေ့ကျင့်သင်ကြားမှု ပိုမိုကောင်းမွန်လာခဲ့သည်။
သို့ရာတွင် ပါတီသည် တရားစီရင်ရေးမဏ္ဍိုင်ကို ပိုမိုလွတ်လပ်ခွင့် ပေးမည့် မည်သည့်ပြုပြင်ပြောင်းလဲမှုကိုမဆို အခိုင်အမာ ခုခံဆန့်ကျင်ခဲ့ပြီး NPC က ပြဋ္ဌာန်းထားသော ဥပဒေများကိုပင် မကြာခဏ လျစ်လျူရှုခြင်း သို့မဟုတ် ချိုးဖောက်ခြင်းများ ပြုလုပ်ခဲ့သည်။ အကျိုးဆက်အားဖြင့် ကျန်ဇီမင်း ခေတ်ကုန်ဆုံးချိန်တွင် အသစ်တည်ဆောက်ထားသော တရားခွင်များ၌ ဝတ်ရုံရှည်ဝတ် တရားသူကြီးများက အမှုအခင်းများကို ကြီးကြပ်စစ်ဆေးနေသည့် အပေါ်ယံ ခေတ်မီသော အသွင်သဏ္ဌာန် ရှိနေသော်ငြားလည်း တရုတ်နိုင်ငံ၏ တရားစီရင်ရေးစနစ်သည် ပါတီ၏ ထိန်းချုပ်မှုအောက်တွင်သာ အခိုင်အမာ ဆက်လက်တည်ရှိနေခဲ့သည်။
အခြေခံ တာဝန်ယူမှု၊ တာဝန်ခံမှု စနစ်တခု တည်ဆောက်ရာတွင်လည်း သိသာထင်ရှားသော တိုးတက်မှုမှာ မရှိသလောက် နည်းပါးခဲ့သည်။ ပါတီ၏ ထောက်ခံမှုဖြင့် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) သည် ၁၉၈၇ ခုနှစ်တွင် ကျေးလက်နေပြည်သူများအား “ကျေးရွာကော်မတီများ” နှင့် ယင်းတို့၏ ဥက္ကဋ္ဌများကို ရွေးကောက်တင်မြှောက်ခွင့်ပြုသည့် ကြားဖြတ်ဥပဒေတရပ်ကို ပြဋ္ဌာန်းခဲ့သည်။
“ကျေးရွာကော်မတီများ” သည် အရပ်ဘက်အဖွဲ့အစည်းများသာ ဖြစ်ကြသဖြင့် တရားဝင် နိုင်ငံရေး အခွင့်အာဏာ သို့မဟုတ် လုပ်ပိုင်ခွင့် မရှိကြသော်လည်း အဆိုပါ လုပ်ဆောင်ချက်ကို အစပိုင်းတွင် အောက်ခြေအဆင့် ဒီမိုကရေစီဆီသို့ ဦးတည်သည့် နောက်ထပ် စမ်းသပ်ခြေလှမ်းတရပ်အဖြစ် ချီးကျူးကြိုဆိုခဲ့ကြသည်။
သို့သော်လည်း ၁၉၉၀ ပြည့်လွန်နှစ်များသို့ ရောက်ရှိလာချိန်တွင် ဤလမ်းကြောင်းမှာ လမ်းဆုံးသို့ ရောက်ရှိသွားခဲ့သည်။ ပါတီသည် တရုတ်ပြည် ကျေးလက်ဒေသတစ်ဝန်း၌ ထိုကဲ့သို့သော ရွေးကောက်ပွဲများကို ခွင့်ပြုပေးခဲ့သော်လည်း မြို့နယ်အဆင့် အစိုးရများအတွက် အပြိုင်အဆိုင် ရွေးကောက်ပွဲများ ကျင်းပခွင့်ပြုမည့် နောက်တဆင့်သို့ တက်လှမ်းရန်ကိုမူ ငြင်းဆန်ခဲ့သည်။ (မြို့နယ်များသည် တရုတ်နိုင်ငံတော်၏ အနိမ့်ဆုံးသော အုပ်ချုပ်ရေးယူနစ်များ ဖြစ်ကြသည်။) နောက်ဆုံးတွင် တရုတ်ပြည် ကျေးလက်ဒေသ၌ အောက်ခြေအဆင့် ဒီမိုကရေစီ တည်ဆောက်ရန် ကြိုးပမ်းသည့် စမ်းသပ်မှုသည်လည်း တဖြည်းဖြည်း အားပျော့ပျောက်ကွယ်သွားခဲ့သည်။
အရပ်ဘက်လူ့အဖွဲ့အစည်း သို့မဟုတ် လွတ်လပ်သော သတင်းမီဒီယာက စောင့်ကြည့်ထိန်းကျောင်းပေးသည့် တရားဥပဒေ စိုးမိုးရေးနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ သက်ဦးဆံပိုင် အာဏာရှင်စနစ်အောက်၌ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခြင်းသည် စနစ်တကျ အမြစ်တွယ်နေသော အကျင့်ပျက်ခြစားမှုကို မလွဲမသွေ ပေါက်ဖွားစေခဲ့သည်။
၁၉၉၀ ပြည့်လွန်နှစ်များအတွင်း အကျင့်ပျက်ခြစားမှုသည် ၂၀၀၀ ပြည့်လွန်နှစ်များလောက် အတိုင်းအဆမရှိ ပျံ့နှံ့နေပုံ မပေါ်သော်လည်း ထိုဆယ်စုနှစ်အတွင်း ပါဝင်ပတ်သက်သူ အရေအတွက်နှင့် လာဘ်ငွေပမာဏအရ ယခင်က မကြုံစဖူး ကြီးမားသော အကျင့်ပျက်ခြစားမှု အမှုကြီး အများအပြား ဖြစ်ပွားခဲ့သည်။ နာမည်ဆိုးဖြင့် ကျော်ကြားသော ရှမန် မှောင်ခိုအရှုပ်တော်ပုံတွင် ရာဇဝတ်ဂိုဏ်းတခုသည် ပြည်သူ့လုံခြုံရေး ဒုတိယဝန်ကြီးတဦးနှင့် ဖူကျန့် ပြည်နယ် ရဲတပ်ဖွဲ့နှင့် အကောက်ခွန်ဌာနများမှ အခြားအဆင့်မြင့် အရာရှိများ အပါအဝင် အစိုးရအရာရှိ ဒါဇင်ပေါင်းများစွာ၏ အကူအညီဖြင့် ၁၉၉၆ ခုနှစ်မှ ၁၉၉၉ ခုနှစ်အတွင်း တရုတ်နိုင်ငံထဲသို့ ယွမ် ၅၃ ဘီလီယံကျော် တန်ဖိုးရှိသော ကုန်ပစ္စည်းများကို မှောင်ခိုတင်သွင်းနိုင်ခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး စုံစမ်းစစ်ဆေးသူများက ဖော်ထုတ်တွေ့ရှိခဲ့သည်။
၁၉၉၀ ပြည့်လွန်နှစ်များ အကုန်ပိုင်းသို့ ရောက်ရှိလာချိန်တွင် မြင့်တက်လာသော လူမှုရေး မငြိမ်သက်မှုမျာ ကြောင့်စီးပွားရေး စွမ်းဆောင်ရည်အပေါ် ဗဟိုပြုထားသည့် ပါတီ၏ ရပ်တည်ရှင်သန်ရေး မဟာဗျူဟာတွင် အက်ကြောင်းများ စတင်ပေါ်ပေါက်လာခဲ့သည်။ လူမှုရေး မငြိမ်သက်မှုများနှင့် ဆက်စပ်နေသည့် အဓိက အကြောင်းရင်းများထဲတွင် ပါတီ၏ “ကလေးတဦးသာ ယူရမည့် မူဝါဒ” ကို ရက်စက်ကြမ်းကြုတ်စွာ အကောင်အထည် ဖော်ခြင်း၊ ဆင်းရဲသားများအပေါ် ပိုမိုဝန်ထုပ်ဝန်ပိုးဖြစ်စေသော အခွန်ကောက်ခံမှု မူဝါဒများ၊ မြို့ပြဒေသများသို့ ရွှေ့ပြောင်းလာသူများကို အတင်းအဓမ္မ နှင်ထုတ်ခြင်းများ၊ ဒေသဆိုင်ရာ အာဏာပိုင်များက လယ်သမားများ၏ မြေယာများကို သိမ်းယူခြင်း၊ စက်ရုံများ ပိတ်သိမ်းခြင်းနှင့် လုပ်ခလစာများ မပေးချေခြင်းတို့ ပါဝင်သည်။
လူမှုရေး ဆန္ဒပြပွဲ အများစုမှာ သေးငယ်ပြီး တသီးတခြားစီ ဖြစ်ပွားကာ သက်တမ်းတိုတောင်းခဲ့သော်လည်း အကြိမ် အရည် အတွက် တိုးပွားလာနေသည့် အခြေအနေသည် စွမ်းဆောင်ရည်ပြည့်ဝသည်ဟူသော ပါတီ၏ ပုံရိပ်ကို ထိခိုက်စေရုံသာမက တီအန်မင် အရေးအခင်းအလွန် အစိုးရက ကျင့်သုံးခဲ့သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဦးစားပေးသည့် မူဝါဒများသည် တရုတ်ပြည်သူ အများအပြားကို ထိခိုက်နစ်နာစေကြောင်းလည်း ညွှန်ပြနေခဲ့သည်။
ထို့အပြင် မညီမျှမှုများ၊ အကျင့်ပျက်ခြစားမှုများနှင့် သာမန်ပြည်သူများ၏ အခွင့်အရေးများကို ချိုးဖောက်မှုများက လူထု၏ မကျေနပ်ချက်များကို ဆက်လက်မီးထိုးပေးနေမည်ဆိုပါက အစိုးရအနေဖြင့် ပြည်သူလူထု၏ ထောက်ခံမှုကို ဆုံးရှုံးရဖွယ်ရှိလာသည်ကို ပြသနေခဲ့သည်။
အဆုံးတွင် အာဏာရှင်လက်သစ် အစိုးရက အကောင်အထည်ဖော်သော စီးပွားရေး ပြုပြင်ပြောင်းလဲမှုသည် “တစိတ်တပိုင်း ပြုပြင်ပြောင်းလဲမှု ဟန်ချက်ညီနေသည့် အခြေအနေ” ဟူသော ထောင်ချောက်အတွင်းသို့ ကျရောက်သွားနိုင်ခြေ များသည်။ စီမံကိန်းစီးပွားရေးစနစ်မှ ဈေးကွက်စီးပွားရေးစနစ်သို့ အသွင်ကူးပြောင်းရာတွင် ကနဦး ကြိုးပမ်းအားထုတ်မှု အချို့ ပြီးစီးသွားပြီးနောက် ပိုမိုအရေးပါသော လုပ်ဆောင်ချက်များကို မလုပ်ဆောင်ရသေးမီ အချိန်၌ ပြုပြင်ပြောင်းလဲရေးမှာ ရပ်တန့်သွားလေ့ရှိသည်။
အသွင်ကူးပြောင်းမှု ဖြစ်စဉ်၏ အလယ်ဗဟိုသို့ ရောက်ရှိချိန်တွင် အသွင်ကူးပြောင်းရေးကို စတင်ခဲ့သော အစိုးရများသည် အဆုံးစွန်အထိ ဆက်လက်လုပ်ဆောင်ရန် စိတ်အားထက်သန်မှုများ ပျောက်ဆုံးသွားကြသည်။
အဘယ်ကြောင့်ဆိုသော် တစိတ်တပိုင်း ပြုပြင်ပြောင်းလဲမှုများက စီးပွားရေး စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပြီး ပါတီ၏ တရားဝင်မှု ကို ခိုင်မာစေသော်လည်း ထိုထက်ပိုမို၍ ပြုပြင်ပြောင်းလဲမှုများ ဆက်လက်လုပ်ဆောင်ပါက စီးပွားရေးအပေါ် အစိုးရ၏ ထိန်းချုပ်နိုင်စွမ်းကို အားနည်းစေပြီး ၎င်းတို့၏ အာဏာကို ထိပါးစေမည်မှာ သေချာနေသောကြောင့် ဖြစ်သည်။
ဤ “ပိတ်မိနေသော အသွင်ကူးပြောင်းမှု” (trapped transition) ၏ လက္ခဏာရပ် အပြည့်အစုံသည် အနည်းဆုံး စီးပွားရေးနယ်ပယ်၌ ၂၀၀၂ ခုနှစ်တွင် ဟူကျင်းထောင် အာဏာရလာသည့် အချိန်အထိ ထင်ထင်ရှားရှား မပေါ်လွင်သေးသည်မှာ မှန်သော်လည်း ယင်း “ပိတ်မိနေသော အသွင်ကူးပြောင်းမှု” ၏ နောက်ကွယ်မှ နိုင်ငံရေး သဘောတရားမှာ ၁၉၉၂ ခုနှစ်တွင် တိန့်ရှောင်ဖိန် က ကျန်ဇီမင်း ထံ လွှဲပြောင်းပေးခဲ့သော အာဏာရှင်စနစ်သစ် အမြင်သဘောထားထဲ၌ပင် အခိုင်အမာ အမြစ်တွယ်နေပြီး ဖြစ်သည်။
*********************