နှစ်ဆန်းပိုင်း တွင် ရွေးကောက်ပွဲ အတု များ ပြုလုပ်ခဲ့ပြီးနောက် အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်သည် အိမ်နီးချင်းနိုင်ငံများသို့ တရားဝင် ခရီးစဉ်များ စတင်ခဲ့သည်။ ၎င်း၏ ခရီးစဉ်အားလုံးနီးပါးတွင် သံတမန်ရေးအရအသိအမှတ်ပြု ခံရရေး အပြင် စီးပွားရေးသည်လည်း အဓိကကျသော အကြောင်းအရာ အဖြစ် ပါဝင်ခဲ့၍ ထိတ်တန်း ကရိုနီများ ပါ ခေါ်ဆောင်၍ ခရီးထွက်လာခဲ့သည်။
ဤခရီးစဉ်များတွင် ကုန်သွယ်ရေးညှိနှိုင်းမှုများ၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် စီးပွားရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများ ပါဝင်ခဲ့ပြီး ၂၀၂၁ ခုနှစ် ၎င်း အာဏာသိမ်းမှုနောက်ပိုင်း ဆက်တိုက်ဆိုသလို ကျဆင်းလာခဲ့သည့် စီးပွားရေးကို ပြန်လည်အားဖြည့်ရန် ကြိုးပမ်းလာခြင်းလည်း ဖြစ်သည်။
သို့သော်လည်း ၎င်းတို့ကျင့်သုံး နေသည့် ပြည်တွင်းစီးပွားရေးမူဝါဒများသည် ၎င်း ကြိုးပမ်းနေသည် ဆိုသည် များ နှင့် ပြောင်ပြောင်ကြီး ဆန့်ကျင်လျက် ရှိသည်။ ပြည်ပနိုင်ငံများတွင် ဆလိုက်ရှိုးများ ထိုးကာ ကတိကဝတ်များ တလှေကြီး နှင့် မစားရ ဝခမန်း ပြောလာခဲ့သော်လည်း ပြည်တွင်းတွင် ကန့်သတ်ချုပ်ချယ်မှုများ ကြောင့် ရှေ့နောက်မညီ ဖြစ် နေသည်။
ထိုသို့ ရှေ့နောက်မညီ ဖြစ် နေခြင်းသည် ပြည်တွင်းရှိ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားများနှင့် ပတ်သက်၍ တစက်ကလေးမျှ လျော့ ပေးလိုစိတ် မရှိခြင်း ကြောင့်ပင် ဖြစ်သည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေး အာဏာ လက်ဝယ်ရှိသူ များနှင့် ကရိုနီ လုပ်ငန်းရှင်ကြီးများသည် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများကို ချုပ်ကိုင်ထားသည့် လူနည်းစု မဟာမိတ်အဖွဲ့တခုကို ဖွဲ့စည်းထားကြသည်။ ထိုမဟာမိတ် အဖွဲ့သည် သွင်းကုန်များ၊ နိုင်ငံခြားငွေကြေးနှင့် ကုန်သွယ်မှုအခွန်ဘဏ္ဍာများအပေါ် ဆက်၍ ကန့်သတ်ချုပ်ချယ် ထားလိုကြသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ စိုးရိမ်ဖွယ်ရာဖြစ်လာနေသည့် စီးပွားရေးအခြေအနေများနှင့် ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများသည် ထိုသို့ နိုင်ငံရေးဆိုင်ရာ အကန့်အသတ်များ ကြောင့် ပိုမိုဆိုးရွားစေခဲ့ပြီး ကုန်သွယ်ရေးကတိကဝတ်များကို ဖြည့်ဆည်းပေးနိုင်စွမ်း မရှိတော့ပေ။
မင်းအောင်လှိုင်သည် တရုတ် သမ္မတ ကိုလည်း စီးပွားရေး စင်္ကြန်လမ်းမကြီး အရှိန်အဟုန် မြှင့် အကောင်အထည် ဖေါ်မည်ဟု ကတိပေးခဲ့သည်။ ထိုင်းဝန်ကြီးချုပ်အားလည်း နှစ်နိုင်ငံကုန်သွယ်ရေးအား ဒေါ်လာ ၁၂ ဘီလီယံ အထိ ရောက်အောင်လုပ်မည်ဟု ပြောခဲ့သည်။ မလေးရှား ကုမ္ပဏီများကိုလည်း အစားအ သောက်မှသည် အထူးစီးပွား ရေး ဇုံများအထိ လာရောက်ရင်းနှီးမြုပ်နှံကြရန် ဖိတ်ခေါ်ခဲ့သည်။
ဤအဆိုပြုချက်များကို အကောင်အထည်ဖော်ရန်အတွက် စီးပွားရေးလုပ်ငန်းများသည် ပြည်ပမှ စက်ယန္တရားများနှင့် ကုန်ကြမ်းပစ္စည်းများ တင်သွင်းနိုင်ရန် နိုင်ငံခြားငွေကြေး ရရှိရန် လိုအပ်မည်ဖြစ်သည်။ လက်တွေ့တွင်မူ အာဏာပိုင်များ သည် သွင်းကုန်များနှင့် နိုင်ငံခြားငွေကြေးကို တင်းကျပ်စွာ ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ပြီး လျော့နည်းနေသည့် နိုင်ငံခြားအရန်ငွေကြေးများကို ထိန်းသိမ်းရန်အတွက် သွင်းကုန်ကန့်သတ်ချက်များကို ချမှတ်ထားသည်။ ထို့ကြောင့် ထိုကဲ့သို့သော စည်းမျဉ်းစည်းကမ်းဆိုင်ရာ ကန့်သတ်ချက်များသည် သဘောတူညီထားသည့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကတိကဝတ်များကို အဘယ်ကဲ့သို့များ အကောင်အထည် ဖေါ်နိုင်ဦးမည်နည်း။
ပြည်ပကတိကဝတ်များကို ပိုမိုရှုပ်ထွေးခက်ခဲစေမည့် နောက်ထပ်အဓိကအကြောင်းအရင်းတခုမှာ မြန်မာနိုင်ငံ၏ အားနည်းကျဆင်းနေသော စီးပွားရေးအခြေအနေပင် ဖြစ်သည်။ စီးပွားရေးလုပ်ငန်းအချို့ ပြန်လည်တည်ငြိမ်စပြုလာသော်လည်း စီးပွားရေးလုပ်ငန်းအများအပြားသည် လျှပ်စစ်မီးပြတ်တောက်မှုများ၊ ဝယ်လိုအားကျဆင်းမှုနှင့် ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်တက်လာမှုတို့ကို ဆက်လက်ရင်ဆိုင်နေရကြောင်း ကမ္ဘာ့ဘဏ်က ထောက်ပြပြောဆိုခဲ့သည်။
ထိုကဲ့သို့သော အခြေအနေများသည် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများအတွက် အဘယ်သို့များ လုပ်ငန်းလည်ပတ်၍ ရနိုင်ပေမည်နည်း။
မင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ သွားရောက်ပြီး မကြာမီ စက်တင်ဘာလ ၂၁ ရက်နေ့တွင် မြန်မာအာဏာပိုင်များသည် အရည်အသွေးစံချိန်စံညွှန်း စစ်ဆေးခြင်းနှင့် အခွန်မပေးဆောင်ရသေးခြင်းတို့ကို အကြောင်းပြချက်ပေး၍ တာချီလိတ်-မယ်ဆိုင် နယ်စပ်ဂိတ်မှတဆင့် တင်သွင်းလာသည့် အေးခဲအစားအစာများနှင့် အခြားသွင်းကုန်များ တင်ပို့မှုကို ရပ်တန့်စေခဲ့ကြောင်း သတင်းများအရ သိရသည်။ အဆိုပါ ကန့်သတ်ချက်များကြောင့် နယ်စပ်ကုန်သွယ်ရေးကို အနှောင့်အယှက်ဖြစ်စေခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်စေကာ နယ်စပ်တွင် ကုန်ပစ္စည်းများ စုပုံသွားခဲ့သည်။
နယ်စပ်ကုန်သွယ်ရေးအပေါ် အလားတူ ကန့်သတ်ချုပ်ချယ်မှုများသည် တရုတ်-မြန်မာ နယ်စပ်တွင်လည်း ဖြစ်ပွားလျက်ရှိသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ထားသည့် နယ်စပ်ဂိတ်အချို့တွင် တရုတ်နိုင်ငံဘက်မှ မကြာသေးမီက ကန့်သတ်ချက်များကို ဖြေလျှော့ပေးခဲ့သော်လည်း အဆိုပါ သွင်းကုန်များသည် မြန်မာ့ပြည်တွင်းဈေးကွက်သို့ ဝင်ရောက်နိုင်ရန်အတွက် ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ဩဂုတ်လမှစတင်၍ စစ်တပ်နှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များသည် နယ်စပ်ကုန်သွယ်ရေးကို တင်းကျပ်စွာ ထိန်းချုပ်လာခဲ့ရာ ပြည်တွင်းဈေးကွက်သို့ တရားမဝင်လမ်းကြောင်းမှတဆင့် သွင်းကုန်များ စီးဆင်းမှုကို အဟန့်အတား ဖြစ်စေခဲ့သည်။ ထိုကဲ့သို့သော ပိတ်ဆို့ဟန့်တားမှုများသည် နယ်စပ်ကုန်သွယ်ရေး အားနည်းပျက်ပြားစေပြီး သွင်းကုန်ပစ္စည်း ရရှိနိုင်မှုအပေါ် မှီခို နေရသည့် စီးပွားရေးလုပ်ငန်းများအတွက် ပို၍ ခက်ခဲလာခဲ့ရသည်။
ထိုကဲ့သို့ ကန့်သတ်လာခဲ့ရခြင်း မှာလည်း ၁၀၂၇ စစ်ဆင်ရေး ကြောင့် ၎င်းတို့ အရေးနိမ့်သွားပြီး နယ်စပ် ကုန်သွယ်ရေး ဂိတ်များ တိုင်းရင်းသား လက်နက်ကိုင်များ လက်သို့ ကျရောက်သွားခဲ့ရခြင်း မှ အစပြုလာခဲ့ခြင်း ဖြစ်သည်။
အောက်တိုဘာလ ၂၈ ရက်နေ့တွင် မင်းအောင်လှိုင်က လက်နက်ကိုင်အဖွဲ့အစည်းများ ဝင်ငွေ လမ်း ဖြောင့် နေသည်ဟု အကြောင်းပြကာ လက်ရှိဖြစ်ပေါ်နေသော တရားမဝင် နယ်စပ်ကုန်သွယ်ရေးကို အရေးယူဆောင်ရွက်ရန် ပြောလာခဲ့သည်။ ၎င်း၏ ပြောကြားချက်သည် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော ပြည်တွင်းစစ်၌ နယ်စပ်ကုန်သွယ်ရေး၏ အရေးပါပုံကို မီးမောင်းထိုးပြနေသည့်အပြင် ထိုကဲ့သို့သော ကန့်သတ်ချက်များသည် နိုင်ငံခြားငွေလဲလှယ်မှု စီမံခန့်ခွဲခြင်းနှင့်အတူ စစ်ရေးနှင့် အခွန်ဘဏ္ဍာဆိုင်ရာ ရည်မှန်းချက်များကိုလည်း ဖြည့်ဆည်းပေးနေကြောင်း ဖော်ပြနေသည်။ ထို့ကြောင့် နေပြည်တော်၏ ထိန်းချုပ်မှုပြင်ပမှ ကုန်သွယ်မှုကို လွယ်ကူချောမွေ့စေခြင်းသည် လက်နက်ကိုင် အတိုက်အခံအဖွဲ့များထံ ရင်းမြစ်များ မရောက်ရှိစေရန် ဖြတ်တောက်ပိတ်ဆို့နေသည့် ၎င်းတို့၏ ကြိုးပမ်းမှုများနှင့် ဆန့်ကျင်ဘက် ဖြစ်နေပေသည်။
နယ်စပ်ကုန်သွယ်ရေးနှင့် သွင်းကုန်များအပေါ် ကန့်သတ်ထိန်းချုပ်သည့် အစီအမံများသည် ပြည်တွင်းရှိ ကရိုနီကြီးများ၏ အကျိုးစီးပွားများနှင့်လည်း ကိုက်ညီနေသည်။ ၂၀၂၁ ခုနှစ်မှစတင်၍ အာဏာပိုင်အစိုးရသည် သွင်းကုန်များနှင့် နိုင်ငံခြားငွေကြေးအပေါ် ထိန်းချုပ်မှုများကို ပိုမိုတင်းကျပ်ခဲ့ရာ စီးပွားရေးလုပ်ငန်းအများအပြားသည် ကုန်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် စစ်အုပ်စူ၏ ခွင့်ပြုချက်များအပေါ် မှီခိုနေရသည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်။
ထိုအခြေအနေများ တွင် ၎င်းတို့နှင့် ပလဲနံပ သင့်နေသော ကရိုနီများ အဖို့ ဖိုးကျိုင်းတုတ် ဖြစ်လာခဲ့သည်။ ဒုသမ္မတ ညိုစော နှင့် အဆက်အသွယ် ရှိသူများသာ ကောင်းစားဖို့ ဖြစ်လာရသည်ဟု ကုန်သည်များက ညည်းတွားခဲ့ကြသည်။ ကရိုနီများသည် သွင်းကုန်များ အပေါ် လက်ဝါးကြီးအုပ်ထားနိုင်၍ ပြိုင်ဆိုင်သူ မရှိသလောက် ဖြစ်လာသည်။
စစ်အုပ်စု အနေဖြင့် ၎င်း၏ စီးပွားရေးကတိကဝတ်များကို ပြည်တွင်း ကရိုနီများ၏ အကျိုးစီးပွားများ၊ လုံခြုံရေးဆိုင်ရာ ဦးစားပေးမှုများနှင့် ဟန်ချက်ညီအောင် ညှိနှိုင်း ပေးရန် လက်တွန့် နေကြသည်။ လက်ရှိဖြစ်ပေါ်နေသော ကုန်သွယ်ရေးကန့်သတ်ချက်များသည် လက်နက်ကိုင် အဖွဲ့အစည်း များထံ ဝင်ငွေစီးဆင်းမှုကို ဆက်လက်ဟန့်တားနေဆဲဖြစ်ပြီး အာဏာပိုင်များနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများအတွက် အခွင့်ထူးများကို ဆက်လက်ထိန်းသိမ်းပေးထားသည်။
ဤကဲ့သို့သော အခြေအနေများအောက်တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ တခုတည်းဖြင့် လက်ရှိကုန်သွယ်ရေးကန့်သတ်ချက်များအပေါ် လွှမ်းမိုးနေသည့် နိုင်ငံရေးအကျိုးစီးပွားများကို ကျော်လွှားနိုင်ရန် မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။ ထို့ကြောင့် လက်ရှိဖြစ်ပွားနေသော နိုင်ငံရေးအကျပ်အတည်းနှင့် ကုန်သွယ်ရေးလမ်းကြောင်းများအပေါ် အပြိုင်အဆိုင် ထိန်းချုပ်နေမှုများရှိ နေသရွေ့ စီးပွားရေး ပြန်လည်နာလန်ထူရေး ဆိုသည်က ဝေးကွာ နေဦးမည်သာ ဖြစ်ပေသည်။
ပြည်သူများကတော့ ၎င်းတို့ လက်ထက် စီးပွားရေး နာလံထူလာဖို့ ဆိုသည်က စိတ်ကူးယဉ် အိမ်မက် ပမာ သဘောထား နေကြပြီး နေ့တဒူဝ စားဝတ်နေရေး အဆင်ပြေ နေလျင်ပင် ဘုရားသကြားမ သည့် အလား သဘောထားနေကြရသည်။
သို့သော် ယခုလ အတွင်း ပြည်တွင်းဈေးကွက်၌ ကြက်သွန်နီဈေးနှုန်းသည် တပိဿာလျှင် ကျပ် ၂၀,၀၀၀ မှ ၂၅,၀၀၀ အထိ စံချိန်တင် အဆမတန် မြင့်တက်လာခဲ့သည်။ ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းက တပိဿာလျှင် ကျပ် ၉,၈၀၀ ဝန်းကျင်သာ ရှိခဲ့ရာမှ ရက်ပိုင်းအတွင်း နှစ်ဆကျော်အထိ ထိုးတက်သွားခြင်း ဖြင့် မင်းအောင်လှိုင်သည် အိမ်ရှင်မ များ၏ မီးဖိုချောင်ထဲအထိ ဒုက္ခ ပေးလာခဲ့သည်။
ကြက်သွန်နီ ဈေးနှုန်းသည် အသားဈေးနှင့် တန်းတူနီးပါး ဖြစ်လာ နေသည်။
ပြည်တွင်းဈေးကွက်တွင် ယခင်ထွက်ရှိထားသည့် နွေကြက်သွန်နီအဟောင်း လက်ကျန်ပမာဏ အလွန်နည်းပါးသွားပြီ ဖြစ်သည်။ ဘုရင့်နောင် ကုန်စည်ဒိုင်သို့ မိုးကြက်သွန် အသစ် သယ်ဆောင်လာသည့် ကုန်ကားများအဝင် နည်းပါးနေချိန်တွင် ဝယ်လိုအား ကောင်းနေသဖြင့် ဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာခြင်း ဖြစ်သည်ဟု သိရသည်။
စိုက်စရိတ်၊ မြေသြဇာနှင့် လုပ်သားစရိတ် ကြီးမြင့်မှုများကြောင့် ယခုရာသီတွင် စိုက်ပျိုးမှု လျှော့ချခဲ့ကြခြင်းသည်လည်း အကြောင်းရင်း တခု ဖြစ်နေသည်။
ပြည်တွင်း၌ ကြက်သွန်နီ ပြတ်လပ်နေသော်လည်း နယ်စပ်ကုန်သွယ်ရေး ကန့်သတ်ချက်များနှင့် သွင်းကုန်မူဝါဒများကြောင့် ပြည်ပမှ အလွယ်တကူ တင်သွင်းဖြည့်တင်းနိုင်ခြင်း မရှိ တော့ပေ။
လုပ်နေကျ အတိုင်း အရေးပေါ် အစည်းအဝေး ခေါ်ယူပြီး နိုဝင်ဘာ ၁၃ ရက်တွင်မြန်မာ စားဖိုဆောင် အသင်းကြီးမှ ပွဲရုံ ပိုင်ရှင်များ ကို ဈေးနှုန်း ထိန်းညှိ ပေးချော့လိုက် ခြောက်လိုက်ဖြင့် ပြောဆိုခဲ့သည်ဟု သိရသည်။
ဝဋ်ကြီးလှသော ပြည်သူများ ကတော့ ထိုသို့ သော လူများ၏ သေနတ်ပြ ဗိုလ်ကျ အုပ်ချုပ်နေမှု များ အောက်တွင် မည်မျှထိ ဆက်၍ ရုန်းကန်နေရဦးမည် မသိ။
With Information from the Diplomat
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!