ရွေးကောက်ပွဲ (၁၁)

by Hla Soewai - Nov 10 2020

ယနေ့ မနက် နောက်ဆုံးရ သတင်းများ အရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၁၃၇ နေရာ အနိုင်ရလျက် ရှိပြီး ကြံ့ခိုင်ရေး ကတော့ ၃ နေရာပဲ အနိုင်ရရှိ တယ်လို့ သိရပါတယ်။ ပညာတတ် အမျိုးသမီးကြီး လို့ နာမည်ကြီး နေတဲ့ ဒေါ်သက်သက်ခိုင် ကတော့ မရမ်းကုန်း မဲဆန္ဒနယ် မှာ ခွက်ခွက်လန် ရှုံးနိမ့်ပြီး RFA ကို ဝန်ခံသွားခဲ့ပြီ ဖြစ်ပါတယ်။

 

ဦးသန်းဌေးက တော့ သူရဲ့ တွက်ချက်မှု မှန်ကန်သွားတယ်လို့ ယူဆရမှာ ဖြစ်ပါတယ်။ ၂၀၁၅ တွင် ဧရာဝတီ တိုင်း မြန်အောင် မဲဆန္ဒနယ် မှာ အရေးနိမ့်သွားခဲ့ပြီး နောက် စိတ်ချရတဲ့ တပ်ချုပ်နယ်မြေ ကို ပြောင်းရွှေ့အရွေးခံ ခဲ့ရာက အောင်ပန်း ဆွတ်ခူး နိုင်ခဲ့ပါတယ်။ နောက်နှစ်နေရာ အနိုင်ရရှိတာကတော့ ကိုးကိုးကျွန်း နဲ့ ကယားပြည်နယ် အတွင်းမှ တနေရာ ဖြစ်ပါတယ်။

 

သို့သော်လည်း ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ကြံ့ခိုင်ရေး ရဲ့ ခြေကုပ်စခန်းတွေ ဖြစ်တဲ့ မိတ္ထီလာ၊ မင်းကင်း၊ ကျောင်းကုန်း နယ်မြေတွေ လက်လွှတ်လိုက်ရပြီ ဖြစ်တဲ့ အတွက် NLD က ပိုပြီး အားသာလာပြီး ပြည်နယ် တွေ အားလုံး မှာ ၃၇ နေရာ ရရှိတယ် ဆိုရင်ပဲ အစိုးရ ဖွဲ့ဖို့ လိုအပ်တဲ့ ၃၂၂ နေရာ ပြည့်သွားမှာ ဖြစ်ပြီး စိုးရိမ်စရာ လုံးဝ မလိုတဲ့ အနေအထား ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမျိုးရန်နောင်သိန်း သုံးသပ်ထားတာလဲ ဖတ်ရှုခဲ့ရပါတယ်။

 

NLD တပ်ကိုယ်စားလှယ် ၁၆၆ နေရာ က မားမားကြီး ရပ်နေတာမို့ သူတို့ ကို ကျော်ဖြတ်နိုင်ဖို့ လိုအပ်နေတာပဲ ဖြစ်ပါတယ်။ ညွှန်ပေါင်း အဖွဲ့တွေကတော့ စစ်တပ်ကို သူတို့အတွက် liability ဝန်ထုပ်ဝန်ပိုး ဖြစ်နေတာကို ဖယ်ထုတ်ဖို့ မစဉ်းစားပဲ asset အဖြစ်နဲ့ ပုခုံးပေါ် အတင်းဝန်ထမ်း ခဲ့တာ ကြောင့် ယခုလို မရှုမလှ အရေးနိမ့်သွားကြတာ ဖြစ်ပါတယ်။ နောက်တကြောင်းက NLD ကို လူကြိုက်နည်းလာပြီ ဆိုတဲ့ မှားယွင်းသော အယူအဆကြောင့်လည်း ဖြစ်ပါတယ်။

 

သူတို့ ဒီလို ယူဆတာကလည်း အခြေအနေပေါ် သွားပြီး မူတည်နေပြန်ပါတယ်။ လွှတ်တော်မှ စစ်တပ်ကို မဖယ်ရှား နိုင်သရွေ့ ၎င်းတို့ အဖို့ မည်သည့် အခါမျှ နေရာ ရမည် မဟုတ်သည်ကိုမှန်ကန်စွာ သုံးသပ်နိုင်ခြင်း မရှိခဲ့တာ တွေ့ရပါတယ်။

 

ရွှေဂုံတိုင် NLD ရုံးချုပ်ရှေ့မှာတော့ ထောက်ခံသူတွေ နဲ့ ပြည့်နှက်နေပြီး ည ၈ နာရီမှာ တာဝန်ရှိသူတွေ ထွက်လာပြီး စိတ်ရှည်ကြဖို့ ပန်ကြားခဲ့ပါတယ်။

 

ဂျပန်က ရောက်ရှိလာတဲ့ ရွေးကောက်ပွဲ လေ့လာရေး အဖွဲ့ကတော့ လုံခြုံရေးအရ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ နေရာမှာ အခြေအနေ ပေးလာသည်နှင့် အမျှ ကြားဖြတ် ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးဖို့ ရွေးကော်ကို တိုက်တွန်းသွားခဲ့တယ်လို့ Nikkei Asia Review မှာ ဖေါ်ပြထားပါတယ်။

 

အဆိုပါ သတင်းစာကပဲ မွန်ပြည်နယ် အတွင်း ရွာတရွာ မှ ကြံခိုင်ရေး ပါတီဝင်ဟု စွပ်စွဲခံထားရသူ အမျိုးသမီးတဦး အိတ်ထဲမှာ တံဆိပ်တုံး အတု တွေနဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ နိုင်ငံတွင်း မီဒီယာတွေကို ကိုးကား ဖေါ်ပြထားပါတယ်။

 

ပြည်တွင်းရှိ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့ PACE ကတော့ လူအင်အား ၁,၈၈၈ နဲ့ နိုင်ငံ အနှံ့ စောင့်ကြည့်ခဲ့ရာမှာ အားလုံး အဆင်ပြေပြေ ချောချောမွေ့မွေ့ နဲ့ ပြီးဆုံးသွားပြီး မဲရုံတွေမှာ လည်း ကိုဗစ်-၁၉ အတွက် သတ်မှတ်ထားတဲ့ စံချိန်စံနှုန်းတွေနဲ့ လုပ်ကိုင်ကြတာတွေ့ရတယ်လို့ အမှုဆောင် ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့် က ဧရာဝတီ သတင်း ကို ပြောပြတာလဲ သိခဲ့ရပါတယ်။ ကြိုတင်မဲအားလုံးရဲ့ ၉၃% ကိုလည်း ရွေးကော်ရဲ့ စည်းမျဉ်း များနဲ့ အညီ မဲရုံ မဖွင့်မီမှာ အချိန်မီ ပို့ပေးနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

 

မနေ့က ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့် ရှိသူ ၃၇ သန်း ရှိခဲ့ပြီး ၅ သန်း က ပထမ ဆုံးအကြိမ် မဲပေးကြရမှာ ဖြစ်ပါတယ်။ ပါတီ ၉၀ ကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ် အရေအတွက် ၅,၆၄၃ ဦး မှ ဗဟို နဲ့ ဒေသကြီး လွှတ်တော် ၁,၁၁၇ နေရာ ကို ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

 

လာရောက်မဲထည့်သူ အရည်အတွက်က ၂၀၁၅ မှာ ၆၉% ရှိနေပြီး ယခုအခါ ပိုမိုနိုင်တယ်လို့ တောင် ခန့်မှန်းမှုတွေ ရှိနေပါတယ်။

 

ပြည်သူတွေ အဖို့ကတော့ တာဝန်ကျေခဲ့ကြပြီ ဖြစ်ပြီး အစိုးရ အနေဖြင့် တိုင်းပြည်၏ အရေးကိစ္စများကို ပြည်သူများ ရွေးချယ်တင်မြှောက်ခံထားရသူ စစ်စစ်များ နှင့်သာ တိုင်ပင်ဆုံးဖြတ်နိုင်ဖို့ ယခု သက်တမ်း အတွင်း ဖြစ်တဲ့ နည်းနဲ့ ဆောင်ရွက်ရဖို့ တာဝန် ရှိလာနေပြီ ဖြစ်ပါတယ်။

ဓါတ်ပုံ ။ ။ Nikkei Asia Review