အာဆီယံ က မြန်ုမာ နိုင်ငံတွင်း အကြမ်းဖက်မှု များ ရှုတ်ချ မင်းအောင်လှိုင် တက်ရောက်ခွင့် ဆက်လက် ပိတ်ပင်

by Hla Soewai - Nov 23 2026

စစ်အုပ်စုသည် ၂၀၂၁ ခုနှစ် ငြိမ်းချမ်းရေးအစီအစဉ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခဲ့ပြီး ၎င်းတို့၏ စစ်တပ်နှင့် အခြားလက်နက်ကိုင်အဖွဲ့များက အရပ်သားများအပေါ် ဆက်လက်တိုက်ခိုက်နေကြောင်း အရှေ့တောင်အာရှ ခေါင်းဆောင်များက တနင်္ဂနွေနေ့တွင် ပြောကြားလိုက်ပြီး၊ ယင်းအခြေအနေကြောင့် အာဆီယံအဖွဲ့၏ နှစ်ပတ်လည် ထိပ်သီးအစည်းအဝေးများသို့ မြန်မာခေါင်းဆောင် တက်ရောက်ခွင့် ပိတ်ပင်ထားမှုကို သက်တမ်းတိုးမြှင့်လိုက်သည်ဟု ဆုံးဖြတ်ချက် ထွက်ပေါ်လာသည်။

 

ယင်းကဲ့သို့ ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချမှု သည် စစ်အုပ်စု ၏ ဘုံသဘောတူညီချက် ငါးရပ်ပါ ငြိမ်းချမ်းရေးအစီအစဉ် အကောင်အထည်ဖော်မှု တိုးတက်မှုအခြေအနေကို ပြန်လည်သုံးသပ်စဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။ 

 

ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ရာတွင် လုံ လောက်သည့် တိုးတက်မှု များ မရှိသည့် အပေါ် "အလွန်အမင်း စိုးရိမ်ပူပန်မိကြောင်း" အာဆီယံ ခေါင်းဆောင်များက ထပ်လောင်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပါဝင်ပတ်သက်သူ အားလုံး၊ "အထူးသဖြင့် လက်နက်ကိုင်တပ်ဖွဲ့များ၊ လုံခြုံရေးတပ်ဖွဲ့များနှင့် လက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် အကြမ်းဖက်မှုများကို လျှော့ချရန်၊ အရပ်သားများနှင့် အရပ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်နေမှုများ ရပ်တန့်ရန်နှင့် ယုံကြည်မှုတည်ဆောက်ရေး ကြိုးပမ်းမှုများကို မြှင့်တင်ရန်" ၎င်းတို့က တိုက်တွန်းခဲ့သည်။

 

ပြီးခဲ့သည့်လက ပင် ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူးတစ်ဦးက မြန်မာနိုင်ငံရှိ စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရသည် အရပ်သားများကို အကြောက်တရား လွှမ်းမိုးစေရန်နှင့် လက်နက်ချ အညံ့ခံလာစေရန် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေကြောင်း ပြောကြားခဲ့ပါသည်။

 

ငြိမ်းချမ်းရေးအစီအစဉ် အကောင်အထည်ဖော်ရာတွင် "အဓိပ္ပာယ်ပြည့်ဝသော တိုးတက်မှုများ ရှိလာသည့်အချိန်အထိ" အာဆီယံ ထိပ်သီးအစည်းအဝေးများသို့ မြန်မာခေါင်းဆောင်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့ တက်ရောက်ခွင့် ပိတ်ပင်ထားမှုကို ဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်း ခေါင်းဆောင်များက ပြောကြားခဲ့ပါသည်။ အဆိုပါ ငြိမ်းချမ်းရေးအစီအစဉ်တွင် အခြားအချက်များအပြင် တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန်နှင့် ဒေသတွင်းအဖွဲ့အစည်း၏ အထူးကိုယ်စားလှယ်က ကြားဝင်စေ့စပ်ပေးသည့် တွေ့ဆုံဆွေးနွေးမှု စတင်ရန်တို့ကို လည်း တောင်းဆိုခဲ့ကြသည်။

 

ထိုကဲ့သို့ ပိတ်ပင်ထားသည့် အတွက် မနီလာတွင် လက်ရှိကျင်းပနေသော အာဆီယံ အစည်းအဝေးများ အပါအဝင် အစည်းအဝေးများသို့ မြန်မာနိုင်ငံအနေဖြင့် အဆင့်နိမ့် နိုင်ငံ့ဝန်ထမ်း သံတမန်များကိုသာ ကိုယ်စားပြု စေလွှတ်ခွင့် ရရှိမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ယခုနှစ်တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ရန်နှင့် ဒေသတွင်း အစည်းအဝေး အများအပြားကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ရှိခဲ့သော်လည်း ပြည်တွင်းပဋိပက္ခများကြောင့် ယင်းတာဝန်ကို ဖိလစ်ပိုင်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ရခြင်း ဖြစ်သည်။

 

ယခုအစည်းအဝေး သို့ စစ်အုပ်စု နိုင်ငံခြားရေး ဝန်ကြီးဌာန အာဆီယံ ရေးရာ ညွှန်ကြားရေးမှုး ချုပ် ဟန်ဝင်းအောင်သာ ရောက်ရှိလာခဲ့သည်။

 

ဗုံးကြဲတိုက်ခိုက်မှုအချို့နှင့် မြန်မာပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရမှုများ ရှိနေဆဲဖြစ်သည့်အတွက် ဤပြဿနာကို မည်သို့ကိုင်တွယ်ဖြေရှင်းမည်ဆိုသည်ကို မိမိတို့က ၎င်းတို့အား တဆင့်ချင်းစီ အခွင့်အရေးပေးသွားမည်ဖြစ်ပြီး ယင်းကိုလည်း စောင့်ကြည့်သွားမည် ဖြစ်သည်" ဟု လက်ရှိ အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရို က မနီလာမြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသွားခဲ့သည်။

 

အေပီ သတင်းဌာနက ကြည့်ရှုခွင့်ရခဲ့သည့် ထိပ်သီးအစည်းအဝေးအပြီး ထုတ်ပြန်မည့် ပူးတွဲကြေညာချက် မူကြမ်းများအရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဦးဆောင်သည့် ကမ္ဘာ့ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမည့် အစီအစဉ်များ တွင် မြန်မာပြည်တွင်းစစ် အပါအဝင် ပဋိပက္ခများကို အဓိကထား ဆွေးနွေးသွားမည် ဖြစ်သည်ဟု သိရသည်။

 

အာဆီယံအဖွဲ့က အဆိုပြုထားသည့် ဘုံသဘောတူညီချက် ငါးရပ် (5PC) အပေါ် မြန်မာဘက်မှ "ရေရှည်တည်တံ့ပြီး လက်ဆုပ်လက်ကိုင်ပြနိုင်သော" တိုးတက်မှုများ ဖော်ဆောင်နိုင်ပါက "အဆင့်လိုက်နှင့် တိုးတက်မှုအပေါ် အခြေခံသည့်" ချဉ်းကပ်မှုမှတစ်ဆင့် "ချိန်ညှိထိတွေ့ဆက်ဆံမှု" ကို လုပ်ဆောင်သွားရန် သဘောတူညီခဲ့ကြကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

 

ထူးခြားသည့် ခြေလှမ်းတရပ်အနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား မြန်မာနှင့် နှစ်နိုင်ငံချင်း သီးခြားထိတွေ့ဆက်ဆံမှုများ ပြုလုပ်ခြင်းကိုလည်း အဖွဲ့အနေဖြင့် ထောက်ခံအတည်ပြုပေးလိုက်ပုံ ပေါ်သည်။

 

သို့သော် အထိရောက်ဆုံး ဖိအားသည်က စစ်အုပ်စု ဆက်၍ ခေါင်းမာ နေမည်ဆိုက တော်လှန်ရေး အင်အားစု များ နှင့် ဆွေးနွေးသွားခြင်းသည်သာ အထိရောက်ဆုံး ဖြစ်ပေမည်။ ၎င်းတို့၏ ကြေညာချက်ထဲတွင်လည်း အကြမ်းဖက်မှု များ ကျုးလွန်နေသည်ဆိုကာ စစ်အုပ်စု နှင့် အတူ အခြား လက်နက်ကိုင် အဖွဲ့အစည်းများပါ ယှဉ်တွဲ ဖေါ်ပြထားသည့် အပြင် လူသားချင်းစာနာ ထောက်ထားသည့် အကူအညီများ ပေးရေးလည်း ပါဝင်နေ၍ ဆွေးနွေးစရာ အကြောင်းရင်း များက ရှိနေပြီး ဖြစ်သည်။

 

အာဆီယံက NUG နှင့် EROs များကို တရားဝင် ဖိတ်ခေါ်ဆွေးနွေးလိုက်ပါက စစ်အုပ်စု၏ "တဦးတည်း ကိုယ်စားပြုခွင့်" ပြိုလဲသွားမည်ဖြစ်ပြီး၊ ၎င်းတို့ ဘေးဖယ်ခံရမည်စိုး၍ ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ မဖြစ်မနေ ပြန်လည်ဝင်ရောက်လာရန် ဖိအားပေးနိုင်မည် ဖြစ်သည်။

 

နယ်မြေခံ တော်လှန်ရေးအဖွဲ့အစည်းများနှင့် တိုက်ရိုက်ညှိနှိုင်းခြင်းကသာ ဒုက္ခရောက်နေသည့် ပြည်သူများထံ အမှန်တကယ် အကူအညီ ရောက်ရှိစေမည် ဖြစ်သည်။

 

ပဋိပက္ခလျှော့ချရေး အတွက် အာဆီယံအနေဖြင့် မိမိတို့၏ မူဘောင်ကို ချိုးဖောက်စရာမလိုဘဲ တော်လှန်ရေးအင်အားစုများနှင့် တရားဝင် တွေ့ဆုံဆွေးနွေးရန် အကြောင်းပြချက် ခိုင်ခိုင်လုံလုံ ရှိနေပြီး ဖြစ်ပါသည်။

 

ဤသည်ကပင် ၎င်းတို့ ခေါင်းခဲနေသော အချက် ငါးချက်ကို ရှေ့ဆက် မည်သို့ အကောင်အထည် ဖေါ်မည် ဆိုသည်အပေါ် ချည်းကပ်မှု အသစ်များ ဖန်တီးလိုက်ခြင်းလည်း ဖြစ်ပေမည်။ 

 

မလုပ်ပါဘူးဟု တသမတ်တည်း ငြင်းဆိုနေသည့် စစ်အုပ်စု အပေါ် သာ အာရုံစိုက် နေမည့်အစား အချက် ငါးချက် ကို အခြားနည်းမျိုး ဖြင့် လှည့်၍ ကြိုးစားသင့်ပေသည်။

 

ပုံတွင် နိုဝင်ဘာလ ၁၅ ရက်၊ တနင်္ဂနွေနေ့က ဖိလစ်ပိုင်နိုင်ငံ၊ ကွီဇွန်မြို့ ရှိ အဆောက်အအုံတခု၌ မင်းအောင်လှိုင်ကို တက်ကြွလှုပ်ရှားသူများနှင့် ကျောင်းသားဆန္ဒပြသူများက ဆိုင်းဘုတ်များနှင့် နဖူးစည်းစာတမ်းများ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!