ကဲ ..မင်းအောင်လှိုင် ဘာလဲ...ဘယ်လဲ

by Hla Soewai - Nov 23 2026

မင်းအောင်လှိုင်အနေဖြင့် အာဆီယံ၏ ဘုံသဘောတူညီချက် ငါးရပ် (5PC) ကို မလိုက်နာနိုင်ဘဲ အဘယ် ကြောင့် တင်းခံ နေရသနည်း။ ဤသည်ကလည်း အာဆီယံသာ ဘူးလုံး နား မထွင်း ဖြစ် နေသော်လည်း အဘယ်ကြောင့် ဆိုသည်ကို မြန်မာ ပြည်သူများက ကောင်းစွာ သိထားပြီး ဖြစ်သည်။

 

5PC သည် မြန်မာ အကျပ်အတည်းကို ဖြေရှင်း နိုင်မည့် အကောင်းဆုံး ထွက် ပေါက် ဖြစ်သော်လည်း ယင်းကိုသာ အကောင်အထည်ဖော်လိုက်ပါက ၎င်းတို့၏ အာဏာတည်မြဲမှုနှင့် တရားဝင်မှုကို တိုက်ရိုက်ခြိမ်းခြောက်လာနိုင်သော၍ တိုင်းပြည်ကို ဗုံးမိုးရွာကာ ဆက်၍ တင်းခံ နေခြင်းသာ ဖြစ်သည်၊ မနီလာထိပ်သီးအစည်းအဝေး၏ ဆုံးဖြတ်ချက်သည် စစ်အုပ်စုအတွက် နိုင်ငံတကာစင်မြင့်တွင် တရားဝင်မှု ဆက်လက်ပိတ်ပင်ခံရသော်လည်း နှစ်နိုင်ငံချင်း သံတမန်ရေးရာ ထွက်ပေါက်အချို့ကို ပြန်လည်ဖွင့်ပေးနိုင်သည်ဟု ဖြေသိမ့်စရာတော့ ကျန်နေသေးသည်။

 

သို့သော် ၎င်းတို့ ရတက် မအေးစရာ ဖြစ်လာရသည်က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် ကိုယ်တိုင်က ပိုမိုဆိုးရွားလာနေသည့် မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို "သည်းမခံနိုင်လောက်သည့် အခြေအနေ" ဖြစ်လာနေပြီဟု ပြောဆိုလာပြီ ဖြစ်သည်။

 

၎င်းတို့၏ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်နေမှုသည် နိုင်ငံတွင်း အရပ်သား များ သေဆုံးရမှု၏ အဓိက အကြောင်း ရင်း ဖြစ်သည်ဟု ပြတ်ပြတ်သားသား ထောက်ပြသွားခဲ့သည်။

 

ထိတွေ့ဆက်ဆံခြင်းဆိုသည်မှာ အလျှော့ပေး ချော့မော့ခြင်း မဖြစ်စေရ" ဟု ၎င်းက အာဆီယံ ကို သတိပေး ပြောကြားခဲ့ပါသည်။ ထိုနေရာတွင် ဂူတာရက်စ်က appeasement ရွှေပြည်အေး ဝါဒ ဟု သုံးနှုန်းသွားခဲ့သည်။

 

ထိုစကားရပ်သည်ဒုတိယကမ္ဘာစစ် မတိုင်မီ ၁၉၃၈ ခုနှစ်က ဗြိတိန်ဝန်ကြီးချုပ် ချိန်ဘာလိန် သည် ဂျာမနီခေါင်းဆောင် ဟစ်တလာ စစ်ဖြစ်လာမည်စိုး၍ ချက်ကိုစလိုဗားကီးယား နယ်မြေအချို့ကို ဂျာမနီလက်ထဲ ထိုးအပ်လိုက်လျောခဲ့သည်။ ယင်းကို အကြောင်းပြု၍ ထို စကားရပ် ခေတ်စားလာခဲ့သည်။ သို့သော် ထိုသို့ ရွှေပြည်အေးဝါဒ ကျင့်သုံးခဲ့ခြင်းကြောင့် စစ်ပွဲကို မတားဆီးနိုင်ခဲ့သည့်အပြင် ဟစ်တလာကို ပိုမိုအတင့်ရဲစေခဲ့သည့် သမိုင်းသင်ခန်းစာ ရှိခဲ့ပါသည်။ ထို့ကြောင့် နိုင်ငံတကာ နိုင်ငံရေးတွင် ယင်းစကားလုံးကို မကောင်းသည့် အနက်အဓိပ္ပာယ် ဖြင့် အသုံးပြု လေ့ ရှိသည်။

 

နိုဝင်ဘာလ ၉ ရက်နှင့် ၁၀ ရက်နေ့တို့တွင် ပြင်သစ်နိုင်ငံ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမှုဖြင့် ပဲရစ်မြို့၌ ကျင်းပခဲ့သော G7 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှ ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် လည်း မြန်မာ့အရေး ပါရှိလာခဲ့ပြီ ဖြစ်သည်။

 

ထရမ့်အစိုးရ၏ နေပြည်တော်နှင့် လျှို့ဝှက်တွေ့ဆုံမှုများကို အပြင်းထန်ဆုံး ဝေဖန်ထားသူ ဂရေဂိုရီ မိခ်စ် သည် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဋ္ဌ ဖြစ်လာ ပေတော့မည်။ ထို့ကြောင့် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို နှင့် သက်ဆိုင်ရာ အရာရှိများကို လွှတ်တော်သို့ ခေါ်ယူစစ်ဆေးခြင်း နှင့် လျှို့ဝှက်ဆွေးနွေးမှု အသေးစိတ်များကို အစီရင်ခံတင်ပြခိုင်းခြင်းများ ပြုလုပ်လာနိုင်ပါသည်။

 

အထက်လွှတ်တော်တွင် တစ်ဆို့ နေသည့် မြန်မာနိုင်ငံဆိုင်ရာ ပိတ်ဆို့အရေးယူမှု တိုးချဲ့ရေး ဥပဒေကြမ်း (BRAVE Burma Act) ကို ဒီမိုကရက် လွှတ်တော်အမတ် ခရစ်စ် ဗန် ဟော်လန် နှင့် ရီပတ်ဘလစ်ကန် အမတ်များ ပူးပေါင်းတင်သွင်းထားသည်။ ယခုအခါ လွှတ်တော်နှစ်ရပ်စလုံးကို ဒီမိုကရက်များ ထိန်းချုပ်လိုက်သည့်အတွက် မြန်မာ့စီးပွားရေးဘဏ်၊ လေယာဉ်ဆီ တင်သွင်းမှုနှင့် နိုင်ငံပိုင်လုပ်ငန်းများကို ပိတ်ဆို့ရန် သမ္မတထရမ့်အား ဥပဒေအရ မဖြစ်မနေ ဖိအားပေးနိုင်မည့် အခြေအနေ ရှိလာပြီ ဖြစ်သည်။

 

ထို့အပြင် အိုင်စီ ဂျေ တရားရုံးက မြန်မာနိုင်ငံအပေါ် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပါက လက်ရှိတွင် သံတမန်ရေးအရ ပြန်လည်ဝင်ဆံ့ရန် ကြိုးပမ်းနေသည့် စစ်အုပ်စု၏ ကြိုးပမ်းမှုများကို အကြီးအကျယ် ထိခိုက် ပေတော့မည်။ ထို့အပြင် နစ်နာကြေး ပေးဆောင်ရန်နှင့် ကျူးလွန်မှုများကို ရပ်တန့်ရန် တရားရုံး၏ စီရင်ချက် တွင် ပူးတွဲ ပါလာနိုင်ပေသည်။

 

အိုင်စီ ဂျေ ၏ သမိုင်းတလျှောက်တွင် နိုင်ငံတနိုင်ငံအား လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်း တကြိမ် တခါမျှ ဆုံးဖြတ်ဖူးခြင်း မရှိသေး၍ မြန်မာနိုင်ငံတွင် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပါက ယင်းသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း နိုင်ငံတကာဥပဒေ သမိုင်းတွင် အရေးအကြီးဆုံး စံနှုန်းတစ်ခု ဖြစ်လာမည် ဖြစ်သည်။

 

၂၀၂၇ တွင် ဥက္ကဌ ဖြစ်လာမည့် စင်္ကာပူသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများထဲတွင် မြန်မာစစ်အုပ်စုအပေါ် သဘောထားအတင်းမာဆုံး နိုင်ငံဖြစ်ပြီး၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလက ကျင်းပခဲ့သည့် ရွေးကောက်ပွဲကိုလည်း အသိအမှတ်မပြုခဲ့ပေ။

 

စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန် က မြန်မာနိုင်ငံအပေါ် တိုးတက်မှု ရှိ၊ မရှိ တိုင်းတာရာတွင် (၁) အရပ်သားများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ အပြီးတိုင် ရပ်တန့်ရေး၊ (၂) ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရေး နှင့် (၃) နိုင်ငံတစ်ဝန်း လူသားချင်းစာနာမှု အကူအညီများ ခွဲခြားမှုမရှိ ဖြန့်ဝေခွင့်ပြုရေး ဟူသော အချက် ၃ ချက်ကို အဓိကထား စောင့်ကြည့်မည်ဟု အတိအလင်း ပြောကြားထားပြီး ဖြစ်သည်။

 

စစ်အုပ်စုအတွက် အာဆီယံမှ မျက်နှာသာ ပေးခံရတော့မည်ကား မဟုတ်ပေ။

 

စစ်အုပ်စုသည် အတု အယောင် ရွေးကောက်ပွဲ ကို ဈေးဗန်းခင်း၍ ၎င်းတို့စိတ်ကြိုက် ပုံဖော်ထားသည့် နိုင်ငံရေးလမ်းကြောင်းအတိုင်းသာ သွားလိုသည်၊ သို့သော် ကမ္ဘာတွင် ၎င်းတို့အား ‌ထောက်ခံသည့် နိုင်ငံဟူ၍ တရုတ် နှင့် ရုရှား တို့သာ ကျန် ပေတော့သည်။

 

တရုတ်သည်လည်း အမေရိကန်၏ ကိုယ်ကျင့်တရားနှင့် အယူဝါဒပိုင်း ဦးဆောင်မှု ပေးခဲ့သည့် ကမ္ဘာ့အစီအစဉ်ကို ပြောင်းလဲရန် ကြိုးပမ်းနေမှု ကို စစ်အုပ်စု အား ထောက်ခံမှု ပေးထားခြင်းဖြင့် နောက်က ဆွဲခံထားရသလို ဖြစ်လာနေသည်ကို မည်မျှအထိ ဆက်၍ သည်းခံနိုင် ဦး မည်နည်း။ထိုသို့ ကိုယ်ကျင့် တရားပိုင်းအရ ကမ္ဘာကြီးကို ဆွဲဆောင်နိုင်ခြင်း မရှိက တရုတ် အဖို့ မည်သို့မျှ အစားထိုး ဝင်ရောက် နိုင်မည် မဟုတ်ပေ။

 

ထိုသို့ မဟုတ်က ဒီမိုကရက်များ ပြန်လည်ထိန်းချုပ်လိုက်သည့် အမေရိကန် အထက်လွှတ်တော် သည် မြန်မာ့အရေးကို အသုံးချ၍ တရုတ်၏ ဒေသတွင်း ဩဇာလွှမ်းမိုးမှုကို စံနှုန်းပိုင်းအရရော မဟာဗျူဟာပိုင်းအရပါ ပြန်လည်ထိုးနှက်နိုင်မည့် အခွင့်အရေး ရရှိလာတော့မည် ဖြစ်သည်။

 

အကယ်၍ သမ္မတ ဒေါ်နယ်ထရမ့် အစိုးရက တရုတ်ကို ယှဉ်ပြိုင်ရန်အတွက် စစ်အုပ်စုနှင့် လျှို့ဝှက်ပူးပေါင်းမည်ဆိုပါက အမေရိကန်ကိုယ်တိုင် တရုတ်နှင့် တတန်းတည်း ကိုယ်ကျင့်တရား ပျက်ယွင်းလာမှု အဖြစ် ရှုမြင်ခံရတော့မည် ဖြစ်သည်။ ထို့ကြောင့် အထက်လွှတ်တော်သည် ထရမ့်အစိုးရအား စစ်အုပ်စုနှင့် အပေးအယူ မလုပ်နိုင်စေရန် ထိန်းကျောင်းခြင်းဖြင့် အမေရိကန်၏ ကိုယ်ကျင့်တရားဆိုင်ရာ အသာစီးရမှု ကို ဆက်လက်ထိန်းသိမ်းရန် ကြိုးပမ်းမည် ဖြစ်ပါသည်။

 

အိုင်စီဂျေ၏ အဆုံးအဖြတ် ထွက်လာပြီး နောက်ပိုင်း တရုတ် အဖို့ ရှေ့တိုးရခက် နောက်ဆုတ်ရခက် အခြေအနေ သို့ ရောက်ရှိလာ‌ တော့မည် ဖြစ်သည်။

 

တရုတ်က စစ်အုပ်စုကို ဆက်လက်ကာကွယ်ပေးနေပါက အမေရိကန် အထက်လွှတ်တော်နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက တရုတ်ကို "လူမျိုးတုံးသတ်ဖြတ်မှုနှင့် စစ်ရာဇဝတ်မှု ကျူးလွန်သူများ၏ ကြံရာပါ" အဖြစ် နိုင်ငံတကာ စင်မြင့်တွင် ပိုမိုဖိအားပေး တိုက်ခိုက်လာမည် ဖြစ်သည်။

 

အမေရိကန် အထက်လွှတ်တော်တွင် ဒီမိုကရက်များ အားကောင်းလာခြင်းသည် တရုတ်အတွက် "ကိုယ်ကျင့်တရားဆိုင်ရာ ကျရှုံးမှု" ကို ပိုမိုထင်ရှားစေမည့် မှန်ဘီလူးတခု ဖြစ်လာပြီး၊ တရုတ်အနေဖြင့် ကမ္ဘာ့အစီအစဉ်သစ်ကို ဦးဆောင်လိုပါက မြန်မာစစ်အုပ်စုအပေါ် ထားရှိသည့် မူဝါဒကို မဖြစ်မနေ ပြန်လည်ပြင်ဆင်ရန် ဖိအားပေးခံရတော့မည် ဖြစ်သည်။

 

ရုရှားကလည်း တရုတ်က နိုး ဆိုလျင် ရက်စ် လုပ်ရဲမည် မဟုတ်။

 

အမျိုးသား ညီညွတ်ရေး အစိုးရသည် ယခုအခါ အယ်လီဇေး နန်းတော်ကြီး အထိ ထိုးဖောက် ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။

 

မြန်မာ အရေးသည် ငါးနှစ် ကျော်လာသည့် တိုင် ဖြေရှင်းနိုင်ခြင်း မရှိ ဖြစ်လာနေသည်ကို နိုင်ငံတကာ က ဆက်လက်၍ သည်းငြည်း မခံနိုင်တော့သည့် အရိပ်အယောင်များ စ တွေ့လာနေရပြီ ဖြစ်သည်။

 

မင်းအောင်လှိုင် အဖို့က နိုင်ငံ ကိုး နိုင်ငံ ခရီး ထွက်ခွင့်ရခြင်းသည် ၎င်း၏ ပုဂ္ဂလိက အောင်ပွဲသာ ဖြစ်ခဲ့ပြီး တိုင်းပြည်ကတော့ ဒုံရင်းဒုံရင်းဘဝက မတက်။

 

၎င်း၏ အနီးတဝိုက်တွင်လည်း စဉ်းစားတွေးခေါ်တတ်သည့် ဦးနှောက်နှင့် စွမ်းဆောင်ရည်ရှိသူများအစား ၎င်း အပေါ် သစ္စာရှိမှု တခုတည်းဖြင့် ရွေးချယ်ထားသူများက ဝိုင်းရံ ခစားနေပြန်သည်။

 

ကဲ..ဦးမင်းအောင်လှိုင် ဘာဆက်လုပ်မည်နည်း။

 

အတွင်း အင်အားစုများ ၏ တညီတညွတ်တည်း ဖြုတ်ချခြင်းခံမည်လော၊ သို့မဟုတ် သွားနေသည့် လမ်းကြောင်းကို ပြောင်းမည်လော၊ တခုခု တော့ လက်ခံရဝောာ့မည် ဖြစ်သည်။

 

နိုင်ငံတကာကလည်း ၎င်းတို့၏ အလိမ်အညာများကို "တခါသေဖူး ပျဉ်ဖိုးနားလည် ခဲ့ကြပြီး" ဖြစ်ပေသည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!