အိုင်စီဂျေ က ထွက်ပေါ်လာနိုင်သည့် စီရင်ချက် သုံးမျိုး

by Hla Soewai - Nov 23 2026

ထို မေးခွန်း နှင့် ပတ်သက်၍ ယ‌ နေ့ထုတ် ကမ္ဘာထိတ်တန်း သတင်းစာကြီးများက ထင်ကြေး အမျိုးမျိုး ပေးကာ ရေးသာ နေကြပြီ ဖြစ်သည်။

 

အ‌ဓိက အားဖြင့် အိုင်စီဂျေ ၏ ဆုံးဖြတ်ချက်သည် တောင်အာဖရိက မှ အစ္စရေး အား ဂါဇာရှိ ပါလက်စတိုင်းများ အပေါ် "လူမျိုးတုန်း သတ်ဖြတ်ခဲ့သည်" ဆိုကာ တရားစွဲဆိုထားမှု အပေါ် သက်ရောက်မှု ရှိလာနိုင်သော ကြောင့် ဖြစ်သည်။

 

ထိုသတင်းမီဒီယာ များ ၏ ရေးသားချက် များထဲမှ သိသင့်သိထိုက်သည်များကို ကောက်နှုတ်တင်ပြသွားပါမည်။

 

ထွက်ပေါ်လာနိုင်သော ဆုံးဖြတ်ချက် သုံးမျိူး ရှိသည်ဟု ဆိုသည်။

 

၁။ လူမျိုးတုံးသတ်ဖြတ်မှု တိုက်ရိုက်ကျူးလွန်ကြောင်း အပြစ်ရှိသည်ဟု ဆုံးဖြတ်ခြင်း (Direct Commission of Genocide)

 

မြန်မာစစ်တပ်၏ ၂၀၁၇ ခုနှစ် စစ်ဆင်ရေးများသည် ရိုဟင်ဂျာ လူမျိုးစုကို တစိတ်တပိုင်းအားဖြင့် ဖျက်ဆီးလိုသော တိကျသည့် ရည်ရွယ်ချက် (dolus specialis) ဖြင့် ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း တရားရုံးက အတည်ပြုဆုံးဖြတ်ခြင်း ဖြစ်သည်။

 

ထိုအခါတွင်တော့ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ ဥပဒေအရ နစ်နာကြေးပေးဆောင်ရန်နှင့် ကျူးလွန်သူများကို အရေးယူရန် အပြည့်အဝ တာဝန်ရှိလာမည် ဖြစ်သည်။

 

၂။ တားဆီးရန်နှင့် အပြစ်ပေးရန် ပျက်ကွက်မှုဖြင့် ချိုးဖောက်ကြောင်း ဆုံးဖြတ်ခြင်း (Failure to Prevent and Punish)

 

တရားရုံးသည် ၂၀၀၇ ခုနှစ် ဆားဗီးယားနိုင်ငံ အမှုစီရင်ထုံးကဲ့သို့ ဤနည်းလမ်းကို ရွေးချယ်နိုင်ခြေ အများဆုံးဖြစ်ကြောင်း ဥပဒေပညာရှင် အများအပြားက သုံးသပ်ကြပသည်။ ဆိုလိုသည်မှာ နိုင်ငံတော်အဆင့် စီမံကိန်းဖြင့် လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက် ရှိခဲ့သည်ဟု သံသယကင်းစွာ သက်သေမပြနိုင်သော်လည်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို တားဆီးရန် ပျက်ကွက်ခဲ့ခြင်း၊ ကျူးလွန်သူ စစ်သားများကို ထိရောက်စွာ အပြစ်မပေးခဲ့ခြင်းနှင့် တရားရုံး၏ ကြားဖြတ်စီမံချက် များကို မလိုက်နာခဲ့ခြင်းတို့ကြောင့် ၁၉၄၈ သဘောတူစာချုပ်ကို ချိုးဖောက်ကြောင်း ဆုံးဖြတ်ခြင်း ဖြစ်သည်။

 

တိုက်ရိုက်ကျူးလွန်သည်ဟု မသတ်မှတ်သည့်တိုင် မြန်မာနိုင်ငံသည် နိုင်ငံတကာ သဘောတူစာချုပ်ကို ချိုးဖောက်သူအဖြစ် တရားဝင် မှတ်တမ်းဝင်သွားမည်ဖြစ်ပြီး စစ်အုပ်စုအပေါ် နိုင်ငံတကာ ဖိအားများ ဆက်လက်ပြင်းထန်နေမည် ဖြစ်ပါသည်။

 

၃။ လူမျိုးတုံးသတ်ဖြတ်မှု မမြောက်ကြောင်း ပယ်ချခြင်း 

 

မြန်မာစစ်တပ်၏ လုပ်ရပ်များသည် စစ်ရာဇဝတ်မှု သို့မဟုတ် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ မြောက်နိုင်သော်လည်း၊ လူမျိုးတုံးသတ်ဖြတ်မှု ဥပဒေပါ "လူမျိုးစုတစ်ခုလုံးကို ဖျက်ဆီးလိုသည့် တိကျသော ရည်ရွယ်ချက်" ရှိကြောင်း ခိုင်လုံသည့် သက်သေမရှိဟု ဆိုကာ ဂမ်ဘီယာ၏ စွပ်စွဲချက်ကို ပယ်ချခြင်း ဖြစ်သည်။

 

ICJ သည် လူမျိုးတုံးသတ်ဖြတ်မှု တခုတည်းကိုသာ စီရင်ပိုင်ခွင့်ရှိသောကြောင့် ဤသို့ဆုံးဖြတ်ပါက အမှုပြီးဆုံးသွားမည် ဖြစ်သည်။ သို့သော် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း တရားရုံးက မှတ်ချက်ပြုနိုင်သဖြင့် ICC ကဲ့သို့သော အခြားရာဇဝတ်တရားရုံးများတွင် စစ်ခေါင်းဆောင်များကို ဆက်လက်တရားစွဲဆိုနေသည့် အမှုများအပေါ် ထိခိုက်မည် တော့ မဟုတ်ပေ။

 

ICJ သည် နိုင်ငံကိုသာ စီရင်သည့် တရားရုံးဖြစ်ပြီး တရားရုံး၌ ကိုယ်ပိုင်ရဲတပ်ဖွဲ့ မရှိသော်လည်း၊ ထိုဆုံးဖြတ်ချက် (၁) သို့မဟုတ် (၂) ထွက်ပေါ်လာပါက စစ်အုပ်စုအပေါ် သံတမန်ရေး၊ ဥပဒေရေး၊ စီးပွားရေးနှင့် ပြည်တွင်းနိုင်ငံရေးအရ ကြီးမားသော ဖိအားများ သက်ရောက်လာစေမည် ဖြစ်သည်။

 

ဤသည်ကို အောက်ပါ အချက် ငါးချက် ဖြင့် သုံးသပ်ထားသည်။

 

(၁) သံတမန်ရေးနှင့် နိုင်ငံတကာ တရားဝင်မှု

 

စစ်အုပ်စုသည် ၂၀၂၆ ခုနှစ်အတွင်း ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲများမှတဆင့် အရပ်သားအစိုးရပုံစံ ပြောင်းလဲကာ နိုင်ငံတကာ ဆက်ဆံရေး ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းနေသော်လည်း၊ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ထားသည့် အစိုးရအဖြစ် သတ်မှတ်ခံရပါက နိုင်ငံတကာ၏ တရားဝင်အသိအမှတ်ပြုမှု ရရှိရန် ပိုမိုခက်ခဲသွားမည် ဖြစ်သည်။

 

တရုတ်၊ ရုရှားနှင့် အာဆီယံ အိမ်နီးချင်းနိုင်ငံများအနေဖြင့် ကုလသမဂ္ဂ၏ အမြင့်ဆုံးတရားရုံးက လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် တရားဝင်သတ်မှတ်လိုက်သည့် အစိုးရတရပ်ကို ဆက်လက်အကာအကွယ်ပေးရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတကာ မျက်နှာစာတွင် များစွာအကျပ်ရိုက် လာတော့မည် ဖြစ်သည်။

 

(၂) လူပုဂ္ဂိုလ်တစ်ဦးချင်း အရေးယူခံရမှု

 

ICJ သည် နိုင်ငံကိုသာ စီရင်သော်လည်း ယခုစီရင်ချက်ပါ အချက်အလက်များနှင့် သက်သေခံချက်များသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အခြားထိပ်ပိုင်းခေါင်းဆောင်များအား လူပုဂ္ဂိုလ်တဦးချင်းအလိုက် တရားစွဲဆိုနေသည့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ၏ ဖမ်းဝရမ်းထုတ်ရေး လုပ်ငန်းစဉ်များကို များစွာအားကောင်းလာစေမည် ဖြစ်သည်။

 

အာဂျင်တီးနားနှင့် ဒိန်းမတ် အပါအဝင် နိုင်ငံတကာ တရားရုံးများတွင် စစ်အုပ်စုခေါင်းဆောင်များကို တရားစွဲဆိုထားသည့် အမှုများအတွက် ခိုင်မာသော ဥပဒေဆိုင်ရာ စံနှုန်းတစ်ခု ဖြစ်လာပြီး စစ်ခေါင်းဆောင်များ၏ ပြည်ပခရီးသွားလာခွင့်ကို ပိုမိုကျဉ်းမြောင်းစေမည် ဖြစ်သည်။

 

(၃) စီးပွားရေးနှင့် နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများ

 

အနောက်နိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် စစ်အုပ်စု၏ ဘဏ္ဍာရေး ရင်းမြစ်များ၊ နိုင်ငံပိုင်လုပ်ငန်းများနှင့် လက်နက်ဝယ်ယူရေး ကွန်ရက်များအပေါ် ပိုမိုပြင်းထန်သော ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် ခိုင်လုံသော အကြောင်းပြချက် ဖြစ်လာ ပေတော့မည်။

 

ဂမ်ဘီယာနိုင်ငံက တောင်းဆိုထားသည့်အတိုင်း နစ်နာသူ ရိုဟင်ဂျာများအား လျော်ကြေးပေးဆောင်ရန်နှင့် ဘေးကင်းစွာ ပြန်လည်နေရာချထားပေးရန် တရားရုံးက အမိန့်ချမှတ်နိုင်ပြီး စစ်အုပ်စုက လိုက်နာရန် ငြင်းဆန်ပါက ပြည်ပနိုင်ငံများတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံပိုင် ဘဏ္ဍာငွေများကို လျော်ကြေးအဖြစ် အသုံးပြုရန် နိုင်ငံတကာဥပဒေကြောင်းအရ ကြိုးပမ်းမှုများ ပေါ်ပေါက်လာနိုင်သည်။

 

(၄) ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ၏ အခန်းကဏ္ဍ

 

ICJ ၏ စီရင်ချက်များသည် ဥပဒေအရ မဖြစ်မနေ လိုက်နာရမည့် ဆုံးဖြတ်ချက်မျိုး ဖြစ်သည်။ စစ်အုပ်စုက တရားရုံးအမိန့်ကို မလိုက်နာပါက ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း အပိုဒ် ၉၄ အရ ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ တင်ပြ၍ အရေးယူရန် ကြိုးပမ်းလာနိုင်သည်။ ထိုအခါ လုံခြုံရေးကောင်စီတွင် တရုတ်နှင့် ရုရှားတို့က ဗီတိုအာဏာ သုံး၍ ပယ်ချမည်လော သို့မဟုတ် နိုင်ငံတကာ ဖိအားကြောင့် လက်နက်ပိတ်ဆို့မှုကဲ့သို့ အရေးယူမှုများကို ခွင့်ပြုမည်လော ဆိုသည်မှာ စစ်အုပ်စုအတွက် လွန်စွာ စိုးရိမ်မကင်း ဖြစ်စရာ နိုင်ငံရေး စမ်းသပ်မှု ဖြစ်လာ ပေမည်။

 

(၅) ပြည်တွင်းနိုင်ငံရေးနှင့် စစ်ရေးအပေါ် သက်ရောက်မှု

 

နိုင်ငံတကာ တရားရုံးက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သူများအဖြစ် တရားဝင် တံဆိပ်ကပ်လိုက်ခြင်းသည် ပြည်တွင်းစစ်မျက်နှာစာ အသီးသီးတွင် အရေးနိမ့်နေသည့် စစ်အုပ်စု တပ်ဖွဲ့ဝင်များအကြား စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက် ဖြစ်စေနိုင်သည်။

 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ (EROs) အနေဖြင့် စစ်အုပ်စုကို ဖယ်ရှားရေးနှင့် နိုင်ငံတကာ အကူအညီများ ပိုမိုရရှိရေးအတွက် နိုင်ငံတကာ မျက်နှာစာတွင် ပိုမိုခိုင်မာစွာ စည်းရုံးလှုံ့ဆော်နိုင်မည် ဖြစ်သည်။

 

မင်းအောင်လှိုင်သည် ၎င်း အပေါ် ကျရောက်လာလတ္တံသော အန္တရာယ်ကြီး ကို ဂရု မစိုက် ကြောင်း ပြသသည့် သဘော ဖြင့် တပည့်သားမြေး များ ရှေ့တွင် သုံးနာရီမျှ မိန့်ခွန်းခြွေသွားသော်လည်း ထုံးစံ အတိုင်း ကိုယ်ရည်သွေး ပေါက်ပန်းလေးဆယ် များ နှင့်သာ ပြီးဆုံးသွားပြီ ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!