တိုင်းပြည် ရေစုံမျောပြီ

by Hla Soewai - Nov 23 2026

လူပုဂ္ဂိုလ် တဦး တယောက်၏ နိုင်ငံရေး ခြေထိုးလိုမှုဖြင့် မဆင်မခြင် ကျုးလွန်ခဲ့မှု ကြောင့် နိုင်ငံ သမိုင်းသည် ၂၀၂၆ နိုဝင်ဘာ ၁၉ ရက် နေ့တွင် အမည်းစက်ကြီး စွန်းထင်ခဲ့ရ ရှာပြီ ဖြစ်သည်။

 

ထို နေ့သည် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က မြန်မာနိုင်ငံအနေဖြင့် ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု (Genocide) ကျူးလွန်ခဲ့ကြောင်း သမိုင်းဝင် အပြီးသတ်စီရင်ချက် ချမှတ်ခံလိုက်ရသည့် နေ့လည်း ဖြစိသည်။

 

ဂမ်ဘီယာနိုင်ငံက ၂၀၁၉ ခုနှစ်တွင် စတင်တရားစွဲဆိုခဲ့ပြီးနောက် ၇ နှစ်အကြာတွင် ထွက်ပေါ်လာသော ဤစီရင်ချက်သည် ကမ္ဘာ့တရားရေးသမိုင်းနှင့် မြန်မာ့နိုင်ငံရေးအတွက် အလွန်အရေးပါသည့် အချက်အလက်များ ပါဝင်နေသည်။

 

ICJ တရားရုံး စတင်တည်ထောင်ခဲ့သည့် နှစ်ပေါင်း ၈၀ ကျော် သမိုင်းတစ်လျှောက်တွင် လူပုဂ္ဂိုလ်တစ်ဦးချင်းမဟုတ်ဘဲ "နိုင်ငံတစ်နိုင်ငံ (State)" အနေဖြင့် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်း ပထမဆုံးအကြိမ် တရားဝင် ဆုံးဖြတ်ခံရခြင်း ဖြစ်သည်။ (၂၀၀၇ ခုနှစ် ဘော့စနီးယားအမှုတွင် ဆားဘီးယားနိုင်ငံအား တားဆီးရန် ပျက်ကွက်မှုဖြင့်သာ အပြစ်ပေးနိုင်ခဲ့ပြီး နိုင်ငံတော်အဆင့် ကျူးလွန်မှုအဖြစ် မသတ်မှတ်ခဲ့ပေ)။

 

တရားသူကြီး ၁၅ ဦး ပါဝင်သည့် အဖွဲ့တွင် ထောက်ခံမဲ ၉ မဲ၊ ကန့်ကွက်မဲ ၆ မဲ ဖြင့် မြန်မာနိုင်ငံတွင် အပြစ်ရှိကြောင်း အတည်ပြုခဲ့သည်။

 

ICJ ဥက္ကဋ္ဌ တရားသူကြီး ယူဂျီ အီဝါဆာဝါ က ၃ နာရီကြာ ဖတ်ကြားခဲ့သည့် စီရင်ချက်တွင် မြန်မာစစ်တပ်၏ ၂၀၁၆-၂၀၁၇ "နယ်မြေရှင်းလင်းရေး စစ်ဆင်ရေး" များသည် သာမန်အကြမ်းဖက်မှု နှိမ်နင်းရေးထက် ကျော်လွန်ပြီး လူမျိုးစုတစ်စုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းကို ဖျက်ဆီးလိုသည့် ရည်ရွယ်ချက် (Genocidal Intent) အထင်အရှား ရှိနေကြောင်း ထောက်ပြခဲ့သည်။

 

၁၉၄၈ ဂျီနီဗာ ကွန်ဗင်းရှင်း အပိုဒ် (၂) အရ အောက်ပါ အချက်များကို ကျုးလွန်ခဲ့သည်ဟု ဆိုသည်။

 

(၁) အရပ်သား ၁၀,၀၀၀ ခန့် သတ်ဖြတ်ခံခဲ့ရပြီး ထွက်ပြေးနေသူများကိုပါ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း။

(၂) နေရာ အနံ့တွင် အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (မုဒိမ်းကျင့်မှု) များ ကျူးလွန်ခဲ့သည်။

(၃) အသက် ၅ နှစ်အောက် ကလေးငယ် ၂,၁၀၀ ကျော် အပါအဝင် မွေးကင်းစကလေးငယ်များကိုပါ ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်းသည် မျိုးဆက်ပြတ်တောက်စေရန် ရည်ရွယ်ကြောင်း သက်သေပြနေခြင်း။

(၄) ကျူးလွန်သူ တဦးတ‌ ယောက်ကို မျှ စုံစမ်းစစ်ဆေး အရေးယူခြင်း မရှိဘဲ လွတ်ငြိမ်းခွင့် ပေးထားခဲ့ခြင်း။

တို့ ဖြစ်သည်။

 

တရားရုံးက မြန်မာနိုင်ငံအား အောက်ပါအချက်များကို မဖြစ်မနေ လုပ်ဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။

 

(၁) တရားစွဲဆို အပြစ်ပေးရန်။ ကျူးလွန်ခဲ့သည့် စစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို စုံစမ်းစစ်ဆေးပြီး ထိုက်သင့်သည့် ပြစ်ဒဏ်ပေးရမည်။

 

(၂) နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၇ သိန်းကျော် ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ရေး၊ ဖျက်ဆီးခံရသည့် ကျေးရွာပေါင်း ၃၉၀ ကျော်နှင့် ပိုင်ဆိုင်မှုများ ပြန်လည်ပေးအပ်ရေး၊ နစ်နာကြေး ပေးချေရေးတို့ကို ဆောင်ရွက်ရမည်။ (လျော်ကြေးပမာဏကို နောက်ပိုင်းတရားခွင်တွင် ဆက်လက်သတ်မှတ်မည် ဖြစ်သည်။

 

(၃) အထက်ပါ လျော်ကြေးနှင့် ပြန်လည်ထူထောင်ရေး အစီအစဉ်များကို မည်သို့ အကောင်အထည်ဖော်နေကြောင်း တရားရုံးသို့ ၂ နှစ်အတွင်း တရားဝင် အစီရင်ခံစာ တင်သွင်းရမည်။

 

ICJ တွင် ကိုယ်ပိုင်ရဲတပ်ဖွဲ့ မရှိသော်လည်း မြန်မာဘက်က စီရင်ချက်ကို မလိုက်နာပါက ဂမ်ဘီယာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ သို့ တင်ပြ၍ စီးပွားရေးပိတ်ဆို့မှု အပါအဝင် အခြားအရေးယူမှုများ ပြုလုပ်ရန် တောင်းဆို တော့မည် ဟု သိရသည်။

 

ဤစီရင်ချက်သည် စခေါင်းဆောင်များကို တဦးချင်း တရားစွဲဆိုနေသည့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) နှင့် အာဂျင်တီးနား တရားရုံးတို့၏ အမှုများအတွက် ခိုင်မာသော ဥပဒေကြောင်းဆိုင်ရာ အထောက်အထား ဖြစ်လာ ပေတော့မည်။

 

စစ်ရေးရည်ရွယ်ချက် ရှိနေသည့်တိုင် လူမျိုးတုံးသတ်ဖြတ်လိုသည့် ရည်ရွယ်ချက် ယှဉ်တွဲရှိနေနိုင်သည်" ဟူသော ICJ ၏ သုံးသပ်ချက်သည် လက်ရှိ ICJ တွင် တရားရင်ဆိုင်နေရသည့် အစ္စရေး-ဂါဇာ အရေးအခင်း ကဲ့သို့သော အခြားလူမျိုးတုံးသတ်ဖြတ်မှု အမှုများအတွက်ပါ အရေးပါသော စံနမူနာ တခု ဖြစ်သွားခဲ့သည်။

 

ICJ ၏ သမိုင်းဝင် စီရင်ချက် ထွက်ပေါ်လာပြီးနောက် ကမ္ဘာ့ခေါင်းဆောင်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ရိုဟင်ဂျာ အသိုင်းအဝိုင်းများက အပြုသဘောဆောင် ကြိုဆိုထောက်ခံခဲ့ကြပြီး စစ်အုပ်စု အပေါ် နိုင်ငံတကာ ဖိအားများ ပိုမိုတိုးမြှင့်ရန် တိုက်တွန်းလိုက်ကြသည်။

 

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် က ဤဆုံးဖြတ်ချက်သည် နိုင်ငံတကာ တရားမျှတမှုကို ပြသလိုက်ခြင်းဖြစ်ပြီး ဤမျှရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့် မရှိစေရဟူသော မူဝါဒကို ထပ်လောင်းအတည်ပြုလိုက်ခြင်း ဖြစ်ကြောင်း ပြောကြားကာ စစ်အုပ်စု အနေဖြင့် စီရင်ချက်ကို လိုက်နာရန် တောင်းဆိုခဲ့သည်။

 

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့ခ် ကလည်း မြန်မာနိုင်ငံအနေဖြင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် အဆိုးရွားဆုံး ရာဇဝတ်မှုကြီးတစ်ခုအတွက် တာဝန်ရှိကြောင်း တရားရုံးက ရှင်းရှင်းလင်းလင်း ဆုံးဖြတ်လိုက်ပြီဖြစ်ပြီး ရိုဟင်ဂျာတို့ ခံစားခဲ့ရသည့် ဒုက္ခများသည် လူသားထု၏ အသိဉာဏ်ပေါ်မှ အမည်းစက်ကြီးတခု ဖြစ်ကြောင်း ထုတ်ဖေါ် ပြောဆိုခဲ့သည်။

 

အမှုကို စတင်တရားစွဲဆိုခဲ့သည့် ဂမ်ဘီယာနိုင်ငံက ဤနေ့သည် "နိုင်ငံတကာ တရားမျှတမှုအတွက် သမိုင်းဝင်နေ့တနေ့" ဖြစ်ကြောင်း ကြိုဆိုခဲ့ပြီး၊ OIC ကလည်း နစ်နာသူများအတွက် ကုစားမှုပေးနိုင်သည့် ဆုံးဖြတ်ချက်အဖြစ် ချီးကျူးခဲ့သည်။

 

စီရင်ချက် ထွက်ပေါ်ပြီးနောက် ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး အက်ဒ် မီလီဘန် က မြန်မာစစ်သံမှူးကို နိုင်ငံအတွင်းမှ နှင်ထုတ်ကြောင်း ကြေညာခဲ့ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေး ခေါ်ယူရန် တောင်းဆိုခဲ့သည်။ နော်ဝေ နိုင်ငံခြားရေးဝန်ကြီး ကလည်း နိုင်ငံတကာဥပဒေကို လေးစားလိုက်နာရန် မြန်မာအာဏာပိုင်များကို တိုက်တွန်းခဲ့သည်။

 

အမျိုးသား ညီညွတ် ရေး အစိုးရမှ ICJ ၏ အာဏာပိုင်မှုနှင့် စီရင်ချက်ကို လေးစားလိုက်နာကြောင်း တရားဝင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

 

တရားရုံး၏ တွေ့ရှိချက်နှင့် အမိန့်များကို အလေးအနက် ထည့်သွင်းစဉ်းစားမည်ဖြစ်ပြီး၊ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတွင် ရိုဟင်ဂျာများအား နိုင်ငံသားဖြစ်ခွင့်၊ တန်းတူညီမျှမှုနှင့် ဘေးကင်းစွာ နေရပ်ပြန်နိုင်ရေးတို့ကို အာမခံကြောင်း ထပ်လောင်းအတည်ပြုခဲ့သည်။

 

ရိုဟင်ဂျာများအတွက် တရားမျှတမှု ရှာဖွေရာတွင် လက်ရှိ မြန်မာတနိုင်ငံလုံး၌ စစ်ကောင်စီက အရပ်သားများအပေါ် ကျူးလွန်နေသည့် လေကြောင်းတိုက်ခိုက်မှုနှင့် ရက်စက်မှုများကိုပါ ရပ်တန့်နိုင်ရန် နိုင်ငံတကာက လက်နက်၊ လေယာဉ်ဆီနှင့် ဘဏ္ဍာရေး စီးဆင်းမှုများကို ဖြတ်တောက်ပေးရန် တိုက်တွန်းခဲ့သည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇား ဒုက္ခသည်စခန်းရှိ ရိုဟင်ဂျာများသည် စီရင်ချက်ကို ရုပ်မြင်သံကြား ဖန်သားပြင်များမှတဆင့် စောင့်ကြည့်ခဲ့ကြပြီး အောင်ပွဲခံ ဝမ်းမြောက်ခဲ့ကြသည်။

 

ရိုဟင်ဂျာနှင့် မြန်မာအရပ်ဘက် အဖွဲ့အစည်းပေါင်း ၂၁၉ ဖွဲ့က ပူးတွဲကြေညာချက် ထုတ်ပြန်ကာ ရိုဟင်ဂျာများသာမက မြန်မာတနိုင်ငံလုံးအပေါ် စစ်တပ်က ကျူးလွန်နေသည့် ဆယ်စုနှစ်ချီကြာ ရက်စက်ကြမ်းကြုတ်မှုများကို အဆုံးသတ်နိုင်ရန် နိုင်ငံတကာက ဆက်လက်ရပ်တည် ကူညီပေးကြရန် တောင်းဆိုခဲ့ကြသည်။

 

နှစ်ပေါင်းများစွာ ဖုံးကွယ်ငြင်းဆိုခံခဲ့ရသည့် အမှန်တရားကို တရားဝင် အသိအမှတ်ပြုလိုက်ခြင်းဖြစ်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် စစ်ကောင်စီကို စီရင်ချက်အတိုင်း လိုက်နာဆောင်ရွက်စေရန် ဖိအားပေးရမည့် အချိန်ဖြစ်ကြောင်း Amnesty International က တောင်းဆိုလိုက်ပြန်သည်။

 

ထို့အပြင် လူ့အခွင့်အရေးအဖွဲ့များက အာဆီယံနိုင်ငံများအနေဖြင့် ၁၉၄၈ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးစာချုပ်ပါ တာဝန်များအရ စစ်အုပ်စုအပေါ် အရေးယူရန် တိုက်တွန်းထားသည်။ မင်းအောင်လှိုင် ကိုယ်တိုင်က အာဆီယံနှင့် ဆက်ဆံရေးကို ပြန်လည်သုံးသပ်မည်ဟု ၎င်း အား ထောက်ခံသူ များ အကြိုက် ပြောဆိုထားချိန်တွင် ဤစီရင်ချက် ထွက်ပေါ်လာခြင်းကြောင့် အာဆီယံအနေဖြင့် စစ်အုပ်စုအပေါ် ချဉ်းကပ်ပုံကို ပိုမိုတင်းကျပ်ရန် ဖိအားများ တိုးလာတော့မည် ဖြစ်သည်။

 

စစ်အုပ်စုနှင့် အာဆီယံ တို့ဘက်မှ စီရင်ချက်အပေါ် တရားဝင် ကြေညာချက် တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးသော်လည်း နေပြည်တော်ရှိ စစ်ရုံးတွင်တော့ ညလုံးပေါက် မီးများ ထိန်ထိန်လင်း နေလောက်ပြီ ဖြစ်သည်။

 

တိုင်းပြည် အတွက် အရိပ်မည်းကြီး လွှမ်းမိုးလာ နေသည့် အရေးကြောင့် တော့မဟုတ်၊ နိုင်ငံတနိုင်ငံအနေဖြင့် ကျူးလွန်ကြောင်း ICJ က အတည်ပြုလိုက်ခြင်းသည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) တွင် ၎င်းတို့ တဦးချင်း အပေါ် ဖမ်းဝရမ်းထုတ်ရန်နှင့် အပြစ်ပေးရန် ကြိုးပမ်းနေမှုများအတွက် ခိုင်မာသော အခြေခံအုတ်မြစ် ဖြစ်လာ တော့မည်ကို သိနေကြသော ကြောင့် ဖြစ်သည်။

 

အိုင်စီ ဂျေ၏ ဆုံးဖြတ်ချက် ကို ၎င်းတို့ဖက်က လိုက်နာမည် မဟုတ် သော်လည်း တရားလို ဂမ်ဘီယာ ကိုယ်တိုင်က ကုလ လုံခြုံရေး ကောင်စီ သို့ တိုင်တန်းလာပါက တရုတ် နှင့် ရုရှားသည် အာဖရိက နိုင်ငံများနှင့် အစ္စလမ် နိုင်ငံများကို ပစ်ပယ်၍ ဗီတိုအာဏာ ဖြင့် ပယ်ချ ရဲကြဦးမည် လော ဆိုသည်က ၎င်းတိုအတွက် အဓိက စိုးရိမ်မကင်း ဖြစ်လာပေတော့မည်၊ တရုတ်ကလည်း ထိုသို့ အကျပ်ရိုက်လာမည်ကို ရှောင်ရှားရန် ၎င်းတို့ အပေါ် ဖိအားပေးလာတော့မည် ဖြစ်သည်။ ထိုဖိအားသည် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မဖြစ်မနေ ပြန်လွှတ်ပေးရေး အထိ ဖြစ်လာနိုင်ပေသည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!