"စိမ်းပိန်း တို့ စဉ်းစားရတော့မည့် နောက်ဆက်တွဲများ

by Hla Soewai - Nov 23 2026

စစ်အုပ်စု သည် ပြည်တွင်း တွင် မတရားမှု များကို ဆက်တိုက် ကျုးလွန်နေကြသော်လည်း နိုင်ငံတကာ မျက်နှာစာ တွင် မတရား အလုပ်ခံ နေရသူ များ အဖြစ် အမြဲလို ပုံဖေါ် လေ့ ရှိသည်။

 

ထိုအချိန်က ကာချုပ် ဖြစ်သူကလည်း ဘာသာတရား ကိုးကွယ်ယုံကြည်မှု၏ အဓိက အကြောင်းရင်း ဖြစ်သော အကြောက်တရားပင် မရှိဆိုသည့်သဘောဖြင့် " ဘာမဆိုလုပ်ရဲသူ" အဖြစ် ကမ္ဘာသိ ကြွေးကြော်ထားခဲ့ပြီး ဖြစ်သည်။

 

ICJ ၏ ကြာသပတေးနေ့တွင် ချမှတ်ခဲ့သည့် စီရင်ချက်၌ ရိုဟင်ဂျာများအပေါ် စစ်ဆင်ရေးပြုလုပ်စဉ်က ဗိုလ်ချုပ်ကြီးအဖြစ် စစ်တပ်ကို ဦးဆောင်ခဲ့သူ လက်ရှိနိုင်ငံတော်သမ္မတ အဖြစ် ခံယူထားသူ မင်းအောင်လှိုင် တဦးတည်း၏ အမည်ကိုသာ ထပ်တလဲလဲ ထည့်သွင်းဖော်ပြခဲ့သည်။

 

စာရွက်စာတမ်း အထောက်အထား မရှိ‌ သော်လည်းအကြမ်းဖက်မှုများ ဖြစ်ပွားနေစဉ်အတွင်း ၎င်းပြောကြားခဲ့သည့် မိန့်ခွန်းများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ “ပြောင်မြောက်သော ကြိုးပမ်းအားထုတ်မှုများ” ကို ချီးကျူးခဲ့ပြီး “‘ဘင်္ဂါလီ ပြဿနာ’ ၏ ‘မပြီးပြတ်သေးသည့် အလုပ်’ ကို ‘ဖြေရှင်းခြင်း’” ဟု ရည်ညွှန်းပြောဆိုခဲ့သည်ဟု စီရင်ချက်တွင် ဖေါ်ပြထားသည်။

 

ယင်းသည် တရားရုံးက “၎င်းအား လူမျိုးတုံးသတ်ဖြတ်မှု၏ အထင်ရှားဆုံး လက်သည်တရားခံအဖြစ် သတ်မှတ်ပေးလိုက်ခြင်း ဖြစ်သည်” ဟု မြန်မာ့အရေး လွတ်လပ်သော လေ့လာသုံးသပ်သူ ဒေးဗစ် မက်သီဆန်က ပြောကြားခဲ့သည်။ “သူ့နာမည်ကို အကြိမ်ကြိမ် ထည့်သွင်းဖော်ပြလိုက်ခြင်းအားဖြင့် သူ့ကို မူလက ရှိနှင့်ပြီးသားထက်တောင် ပစ်မှတ်ထား အရေးယူခံရမယ့် အခြေအနေထဲကို ပိုမိုရောက်ရှိသွားစေမှာ သေချာပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

 

ယခုအခါ ၎င်းအား လက်ခံကြိုဆိုသည့် မည်သည့်အစိုးရမဆို ယင်းကိစ္စနှင့်ပတ်သက်၍ မေးခွန်းထုတ်ခံရတော့မည် ဖြစ်ပါသည်။

 

၎င်း၏ ပြောရေး ဆိုခွင့် ရှိသူက အိုင်စီဂျေ ၏ ဆုံးဖြတ်ချက်သည် တရားမျှတမှု မရှိကြောင်း နှင့် တရားသူကြီး ၁၅ ဦးကလည်း ဝာညီတညွတ် တည်း ဆုံးဖြတ်ခဲ့ခြင်း မဟုတ်ဟု ဆိုသည်။ သို့သော် တရားရုံး၏ ဆုံးဖြတ်ချက်ကို လိုက်နာမည် မဟုတ်ဟူ၍ အတိအလင်း ပြောဆိုခဲ့ခြင်း တော့ မရှိသေးပေ။ ဤသည်ကလည်း အကြောင်း ရှိပေသည်၊ ထိုဆုံးဖြတ်ချက်သည် ဥပဒေအရ မဖြစ်မ နေ လိုက်နာရန် တာဝန်ရှိ နေ၍ ဖြစ်သည်။

 

သဘောထားကွဲလွဲသည့် တရားသူကြီးများက သက်သေအထောက်အထားများသည် အဆိုပါ လူစုလူဝေး၏ အစိတ်အပိုင်း အများအပြားကို ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်ကို သာ ကန့်ကွက် ခဲ့ကြသော်လည်း အတင်းအဓမ္မ နှင်ထုတ်လိုသည့် ရည်ရွယ်ချက် သို့မဟုတ် တစုတဝေး တည်း အပြစ်ပေးလိုသည့် ရည်ရွယ်ချက်ကို တော့ တညီတညွတ် တည်း သဘောတူခဲ့ကြသည်။

 

အာဆီယံအနေဖြင့် စီရင်ချက်ကို “လေးစားလိုက်နာပြီး ထိခိုက်ပျက်ပြားစေခြင်း မရှိစေမည့် နည်းလမ်းများဖြင့် ဆောင်ရွက်ရန်” တာဝန်ရှိလာသည် ဟု လေ့လာသူများက သုံးသပ်ကြသည်။

 

အဆိုပါ စီရင်ချက်သည် အာဂျင်တီးနားနိုင်ငံမှ စုံစမ်းစစ်ဆေးမှုနှင့် အင်ဒိုနီးရှားနိုင်ငံမှ ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားချက်တို့ အပါအဝင် လူမျိုးတုံးသတ်ဖြတ်မှုအတွက် တဦးချင်းစီကို ရာဇဝတ်ကြောင်းအရ တာဝန်ခံစေရန် ကြိုးပမ်းနေမှုများအား အားသစ် လောင်းလိုက်သလို ဖြစ်လာစေသည်က သေချာနေ ပေသည်။

 

လူ ခုနှစ်သိန်း ခန့် တဖက်နိုင်ငံတွင် ဒုက္ခသည် အဖြစ် ခိုလှုံ နေရမှု အပေါ် ၎င်းတို့တွင် အပြစ်မရှိ၊ စစ်ဗိုလ်ချုပ်များ သည် "မတရားမှု၏ သားကောင်များ" ဖြစ်ခဲ့ရဟု မည်သည့် တရားရုံးက ဆုံးဖြတ်ပေမည်နည်း။

 

စစ်အုပ်စု ပြောခွင့်ရ ခိုင်ခိုင်စိုး ၏ အပြောကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူနိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက စနေနေ့တွင် ပြောကြားခဲ့သည်။

 

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၏ စီရင်ဆုံးဖြတ်ချက်များသည် အပြီးသတ်ဖြစ်ပြီး သက်ဆိုင်ရာ အမှုသည် နိုင်ငံအ‌ နေဖြင့် နိုင်ငံတကာ ဥပဒေနှင့်အညီ အပြည့်အဝ လိုက်နာအကောင်အထည်ဖော်ရမည် ဖြစ်ကြောင်း ပြင်သစ်နိုင်ငံက အလေးအနက် ထောက်ပြလိုသည်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းအရ အငြင်းပွားမှုတွင် ပါဝင်သည့် အမှုသည်နိုင်ငံတခုခုက ဆုံးဖြတ်ချက်ကို လိုက်နာရန် ပျက်ကွက်ပါက အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၏ စီရင်ချက်များကို အတည်ပြု အကောင်အထည်ဖော်နိုင်ရေးအတွက် လုံခြုံရေးကောင်စီအနေဖြင့် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် တောင်းဆိုခံရနိုင်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားခဲ့သည်။

 

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အပြည်ပြည်ဆိုင်ရာ တရားရုံး ၏ စီရင်ချက်ကို အတည်ပြု အကောင်အထည်ဖော်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ လုပ်ပိုင်ခွင့်အာဏာ ရှိ နေသည်။

 

နစ်နာခဲ့ရသည့် ရိုဟင်ဂျာများအတွက် မြန်မာထံမှ လျော်ကြေးငွေ ရရှိစေရေး ကုလသမဂ္ဂမှတစ်ဆင့်သော်လည်းကောင်း၊ နိုင်ငံတကာ မိတ်ဖက်များနှင့် ပူးပေါင်း၍သော်လည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဟူမေယွန် ကဘီယာက ဒါကာမြို့၌ သတင်းထောက်များအား ကတိပြု ပြောကြားခဲ့သည်။

 

ဂမ်ဘီယာနိုင်ငံအနေဖြင့် ယင်းကိစ္စရပ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ တင်ပြသွားဖွယ်ရှိကြောင်း ၎င်းက ပြောကြားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့်လည်း ကုလသမဂ္ဂ စနစ်ဘောင်အတွင်းမှ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဖြည့်စွက်ပြောဆိုခဲ့သည်။

 

ယခု အခါ လုံခြုံရေး ကောင်စီတွင် တရုတ် မှ "စိန်းပိန်း" တိုအား ဗီတိုအာဏာဖြင့် ကာကွယ် ပေးမည်ဆိုက ကမ္ဘာ အလယ် တွင် ၎င်းတို့၏ ဂုဏ်သိက္ခာ နှင့် ရင်းရ တော့မည် ဖြစ်၍ လွန်စွာတန်ဖိုးကြီးလာမည့် ဗီတို ဖြစ်လာပေတော့မည်။

 

မြန်မာ့အရေးနှင့် ပတ်သက်၍ တရုတ်က လုံခြုံရေးကောင်စီတွင် ကာကွယ်ပေးခဲ့စဉ်က "ပြည်တွင်းရေး ဝင်မစွက်ဖက်ရေးမူ" နှင့် "ဒေသတွင်း တည်ငြိမ်ရေး" ဆိုသည့် အကြောင်းပြချက်များကို သုံးနိုင်ခဲ့သည်။

 

ယခု ကိစ္စတွင် ဗီတိုကို သုံးလိုက်ပါက တရုတ်သည် "လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သူများကို အကာအကွယ်ပေးသည့် နိုင်ငံ" အဖြစ် ကမ္ဘာ့သမိုင်းတွင် တရားဝင် အမည်းစက် ထင်ကျန်သွားမည် ဖြစ်သည်။

 

တရုတ်သည် မိမိကိုယ်ကို အမေရိကန်နှင့် အနောက်အုပ်စုတို့ကဲ့သို့ နိုင်ငံငယ်များအပေါ် ဗိုလ်ကျစိုးမိုးသူ မဟုတ်ဘဲ "နိုင်ငံတကာ ဥပဒေနှင့် ကုလသမဂ္ဂ စနစ်ကို လေးစားလိုက်နာသည့် တာဝန်သိ မဟာအင်အားကြီးနိုင်ငံ အဖြစ် ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံများ အကြား ပုံဖော် နေမှုများသည်လည်း တန်ဖိုးမရှိ ဖြစ်သွားပေမည်။

 

တရုတ်သည် အရှေ့အလယ်ပိုင်းနှင့် မွတ်စလင်နိုင်ငံများတွင် စီးပွားရေးနှင့် သံတမန်ရေး သြဇာချဲ့ထွင်နေချိန် တွင် ထိုသို့ ဗီတို သုံးမည်ဆိုက တရုတ်အပေါ် ယုံကြည်မှု ကျဆင်းခြင်းနှင့် ဝေဖန်ကန့်ကွက်မှုများ ပြင်းထန်စွာ ပေါ်ပေါက်လာ ပေတော့မည်။

 

ကမ္ဘာအလယ် လူရာမဝင် အားနည်းချိနဲ့နေသည့် စစ်အုပ်စု ကို ကာကွယ်ရန်အတွက် တရုတ်အနေဖြင့် ဂုဏ်သိက္ခာ အကြီးအကျယ် အပွန်းပဲ့ခံပြီး ဗီတိုသုံးမည်ဆိုပါက ရလာမည့် အကျိုးအမြတ်ထက် ပေးဆပ်ရမည့် တန်ဖိုးက အဆမတန် ကြီးမားနေမည်သာ ဖြစ်သည်။

 

ထိုသို့ လုပ် ပေးရမည် ဆိုက တရုတ်သည် မင်းအောင်လှိုင် ရာထူး မှ နှုတ်ထွက်ပေးရေး ကို မဖြစ်မနေ တောင်းဆို လာရဖို့သာ ရှိပေတော့သည်။

 

တကယ်တမ်းလည်း အသိဉာဏ် ရှိမည် ဆိုလျင် ထိုသို့ လုပ်သင့် နေပြီ ဖြစ်သည်။

 

ယခုအချိန်ထိ တော့ အိမ်ဖြူတော်မှ တစုံတရာ ဝေဖန်ချက် ထွက်မလာသေးပေ။

 

ပူတင် နှင့် နာသန်ယာဟု ကဲ့သို့ ထိတ်ထိတ်ကျဲ ပုဂ္ဂိုလ်များကိုပင် အိုင်စီစီက ဖမ်းဝရမ်း ထုတ်ထားပြီ ဖြစ်၍ မင်းအောင်လှိုင် အတွက်က မည်သည့် အချိန်တွင် ဖြစ်လာမည်လဲ ဆိုသည်ကိုသာ မေးဖို့ ရှိပေတော့သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!