ရွေးကောက်ပွဲ (၁၀)

by Hla Soewai - Nov 08 2020

ယနေ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီ ဂူတာရက်စ်မှ မြန်မာပြည်တွင် ရေရှည်တည်တံ့မည့် ဖွံဖြိုးမှု၊ လူသားချင်း စာနာထောက်ထားမှု၊ လူ့အခွင့်အရေး နှင့် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှု များ ဆက်လက် ဖေါ်ဆောင်နိုင်ရေး အတွက် ရွေးကောက်ပွဲကို တည်ငြိမ်အေးချမ်းပြီး အစီအစဉ်တကျ ဖြင့် ကျင်းပနိုင်ရန် တောင်းဆိုသည့် ကြေညာချက်ကို ထုတ်ပြန်လိုက်ပေသည်။

 

မြေပြင် အခြေအနေများက ၎င်းကြေညာချက်နှင့် ဆန့်ကျင်ဖက် ဆီသို့ ရောက်ရန် ဦးတည်လာနေပေသည်။

 

တပ်မတော်မှ ကြေညာ ချက်များ ထုတ်လာရုံမက၊ သာဝကလည်း ပြော၊ ထို့အပြင် ဒုသမ္မတ နှင့် အဆင့်ညီသည် ဟု ၂၀၀၈ ဖွဲ့စည်းပုံ မူကြမ်း (အတည်ပြုရာတွင် ပါမလာခဲ့) ကို ဆွဲထုတ်ပြီး ဒုသမ္မတဟု ဆိုကာ အတင်း တန်းညှိလာပြန်သည်။ ထိုမျှ မကသေး ယခင် အာဏာသိမ်းပွဲ ထောက်ခံသော အဖေ နှင့် သားများ ဗီဒီယို ဇာတ်လမ်းကို ၎င်းတို့ ပိုင် ရုပ်သံတွင် ထုတ်ပြလာခဲ့သည်။ ဤကဲ့သို့ Voter suppression မဲလာမပေးအောင် ခြိမ်းခြောက်မှု များ တန်းစီပြီး ပြုလုပ်လာခဲ့သည်။

 

လူထုက တပ်မတော်၏ လုပ်ရပ်များ အပေါ် အဘယ်သို့ ဖြစ်နေရသနည်း၊ လူတ‌ဦး တယောက် သမ္မတ ဖြစ်ဖို့ အရေးကို ထိုမျှ အထိ ထောက်ခံနေရသလဲဟု သို့လော သို့လော ဖြစ်လာနေချိန်မှာ ပဲခူးတိုင်း ရွေးကော်ရုံးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားလာခဲ့ရပြန်သည်။ ထုံးစံအတိုင်း မည်သူ့လက်ချက်မှန်း ဘယ်သော အခါမှ သိခွင့်ရလိမ့်မည် မဟုတ်ပေ။

 

အကောင့်တု များ ကို အုံနှင့်ကျင်း နှင့် အသုံးပြုပြီး ၎င်းတို့ လိုလားသော ပါတီကို မည်မျှ အထိ ထောက်ခံ နေကြောင်း လုပ်ကြံ ဖန်တီးထားသည့် ဖေ့စ်ဘုတ် ပေ့ချ် များကို ပြည်တွင်းရှိ Openmind ဟူသော ပီအာ ကုမ္ပဏီတခုက စီမံခန့်ခွဲနေကြောင်း နှင့် သောကြာနေ့က ရိုက်တာမှ သတင်းပေးလာသည့် စာမျက်နှာ ၃၆ ခုကို ဖြုတ်ချလိုက်ကြောင်း ဖေ့စ်ဘုတ်က သတင်းထုတ်ပြန်ခဲ့ပြန်သည်။

 

ထိုသို့သော လုပ်ရပ်များသည် ၎င်းတို့ ဦးတည်ရာ သို့ ရောက်မသွားပဲ counter productive မဖြစ်စေချင်သော ရလဒ်များ ဆီ ဦးတည်သွားခဲ့ရသည်။ ယခင်က ဒေါ်အောင်ဆန်းစုကြည်အား အိမ်ထဲတွင် အတင်းချုပ် နှောင်ထားကာ မျက်စိပိတ်၊ နားပိတ် လုပ်ထားရုံမက ရုပ်သံ၊ သတင်းစာများ မှ နေ့စဉ်လို အပုတ်ချ ဝေဖန်နေခြင်း ခံခဲ့ရသည့် အဖြစ်ကို အားလုံး၏ မျက်စိထဲတွင် ကွက်ကွက်ကင်းကင်း ပြန်လည် မြင်ယောင်စေခဲ့သည်သာ အဖတ်တင်ခဲ့သည်။

 

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရမှ ၂၀၁၅ တွင် ပြည်သူများ၏ အဆုံးအဖြတ် နှင့် တာဝန်လွှဲပြောင်းယူပြီး နိုင်ငံတကာတွင် မျက်နှာပန်းတင့်ကာ ရင်းနှီးမြှုပ်နှံမှုများ ဒလဟော ဝင်လာရန် အားသွန်ကြိုးပမ်းနေခဲ့သည်။ ပြည်သူများမှာလည်း တကမ္ဘာလုံးမှ မျိုးဆက်တခုနည်းပါးလောက် အပစ်ပယ် ခံနေရသည့် ဘဝမှ ရုန်းထွက်နိုင်တော့မည်ဟု အားတက် လာနေခဲ့ရသည်။ တပ်မတော်၏ “ရိုဟင်ဂျာ” အရေး ပေါ် ရက်စက် ကြမ်းကြုပ်စွာ ကိုင်တွယ်ခဲ့မှုကြောင့် မြန်မာသည် လူမျိုးတုံး သတ်ဖြတ်သည်ဟု စွပ်စွဲ ခံရမှု နှင့် အတူ ကမ္ဘာအလယ်တွင် မျက်နှာအောက်ကျ သွားရကာ အာဖရိကရှိ ဒါဖား၊ ဆာရာဂျေဗို တို့ နှင့် တတန်းစားတည်း ဖြစ်သွားခဲ့ရသည်ဟု ကမ္ဘာသတင်း စာများက ရေးသားလာခဲ့ကြသည်။

 

နိုင်ငံတော် အတိုင်ပင်ခံသည် ထိုအရေးကို အတတ်နိုင်ဆုံး ကယ်တင်ရန် ကမ္ဘာခုံရုံးတွင် ကိုယ်တိုင်ကိုယ်ကျ သွားရောက် ခုခံ လျှောက်လှဲပေးခဲ့သည်။ သို့သော် ပြင်းထန်သော ဖိအားပေးမှုများကြောင့် အရာထင် သင့်သလောက် မထင်ခဲ့ပေ။ ကမ္ဘာတဝှမ်းက နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ၏ သိက္ခာ သမာဓိကို ယုံကြည်ကြ၍ ယခင်ကဲ့သို့ ဒုံရင်း ဒုံရင်း ဘဝကို ပြန်မရောက်သွားခဲ့ခြင်း ဖြစ်သည်။

 

ထိုအရေးကို ကျေးဇူး တင်ရကောင်းမှန်း မသိဘဲ ပြည်တွင်း တွင်လည်း နေရာတကာ ကန့်လန့်တိုက်ကာ နည်းမျိုးစုံ အဖျက်အမှောင့် လုပ်နေသူများ နှင့်လည်း ငါးနှစ်လုံးလုံး သင့်မြတ်အောင် ကြိုးစားပေးခဲ့ပြန်သည်။ ဤသည်ကပင် လူသာမန်တို့ မည်သို့မျှ မလုပ်နိုင်သော လုပ်ရပ်များကို သည်းခံနိုင်ခဲ့သည့် မြင့်မြတ်သော စိတ်ဓါတ်ကို နိုင်ငံသားများအား စံပြ အဖြစ် ထုတ်ဖေါ်ပြသွားခဲ့ခြင်းသာ ဖြစ်သည်။

 

ဗာလနံ လူမိုက်များကတော့ ငါတို့တွင် လက်နက်ရှိ၍ အလျော့ပေးခြင်းဟု အထင် ရောက်နေကြသည်မှာလည်း အဆန်းတော့ မဟုတ်ပေ။ မနေ့က ကျွန်တော်၏ပို့စ်တွင် ဖေါ်ပြခဲ့သလို ၎င်းတို့ အသိုက်အဝန်းပြင်ပရှိ ပြည်သူများကို ရန်သူ အဖြစ် ရှုမြင်နေသည့် စိတ် mindset ကလည်း အရိုးစွဲနေ၍ ဖြစ်သည်။

 

စစ်အာဏာရှင်တို့ အဖို့က အာဏာ သိမ်းရန်မလို၊ လက်ရှိတွင်ပင် နိုင်ငံတော်၏ အဓိက အာဏာကြီး သုံးရပ် ဖြစ်သည့် ကာကွယ်ရေး၊ ပြည်ထဲရေး နှင့် နယ်စပ်လုံခြုံရေး တို့ကို ဖွဲ့စည်းပုံအရ မိမိတို့ သဘောရှိ စီမံခန့်ခွဲ နိုင်နေပြီ မဟုတ်ပါလား။ ထို့အပြင် လွှတ်တော်ထဲတွင်လည်း အမတ်နေရာ ၂၅% ကို ရွေးကောက်ခံစရာ မလိုပဲ အခန့်သား ရယူထားခဲ့ပြီးဖြစ်သည်။ သို့သော်လည်း သမ္မတတော့ ဖြစ်ခွင့်မရှိသည်ကို ၎င်းတို့ အဖို့က မကျေနပ်နိုင်သေး၊ သမ္မတ ဖြစ်ရမှ ဖြစ်မည် ဆိုကာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် ရေးဆွဲခဲ့သော ဖွဲ့စည်းပုံကိုပင် ဆုတ်ဖြဲပြစ်ရန် အတွေးဝင်လာနေပြီ ဖြစ်၍ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးကိုပင် ခြိမ်းခြောက်လာနေပြီ ဖြစ်သည်။ သူသည်လည်း ဦးနေဝင်း လမ်းစဉ် လိုက်ရတော့မည်လော ဆိုသည်ကား မသိနိုင်။

 

တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ လည်း နိုဝင်ဘာ ၆ ရက်နေ့ နေ့စွဲဖြင့် ဗိုလ်ချုပ်မှူးကြီး နှင့် ဂျပန်နိုင်ငံရှိ အဆာဟိရှင်ဘွန်း သတင်းစာ နှင့် တွေ့ဆုံ မေးမြန်းခန်း အပြည့်အစုံကို ထုတ်ပြန်လာခဲ့သည်။ သတင်းစာမှ နောက်ဆုံး မေးခွန်း အဖြစ် နောက်နှစ်တွင် အနားယူမယ် ဆိုတဲ့ သတင်းအပေါ် မေးမြန်းခဲ့ရာ သူ၏ အတွေ့အကြုံများကို နိုင်ငံတော်နဲ့ ပြည်သူအတွက် ဆောင်ရွက် ကြိုးပမ်းပေးသွားမှာ ဖြစ်လို့ တပ်မတော်သား တယောက် အနေနဲ့ကော ကျွန်တော် အနေနဲ့ပါ ဥပဒေ အရ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဖြေသွားခဲ့ပြန်သည်။

 

သို့သော် ၂၀၁၆ ခုနှစ် သူ၏အသက် ၆၀ ပြည့်ချိန်မှာ ကကန ကောင်စီ အမိန့် ၄/၂၀၁၄ အမိန့်ဖြင့် အသက် ၆၅ နှစ် ထက် မပိုသော ကာလအထိ တာဝန်ထမ်းဆောင် ခွင့်ပြုခဲ့ကြောင်း ၂၀၁၆ ၊ ဇူလိုင် ၂၀ ရက်နေ့မှာ တပ်မတော် သတင်းစာရှင်းလင်းပွဲတွင် ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးက အတိအလင်း ပြောခဲ့ပြီး ဖြစ်သည်။

 

အာဏာငမ်းငမ်းတက်ကာ မေ့လျော့နေမည် စိုး၍ ၁၉၉၀ ဩဂုတ်လ ၆ ရက်နေ့တွင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် အမှတ် ၆၆၁ ဖြင့် အီရတ် အပေါ် ပြဌာန်းခဲ့သော စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုများ မည်မျှ အထိ ပြင်းထန်ခဲ့သည်ကို ပြန်၍ လေ့လာစေလိုပါသည်။ အဆိုပါ sanction အရ အီရတ် နိုင်ငံအား ကုန်စည်များ တင်သွင်းခွင့်၊ ပြည်ပ သို့ တင်ပို့ခွင့် တခုတလေမျှ ခွင့်မပြုခဲ့တော့ပေ။ လူသားချင်း စာနာသော ကုန်စည်များ ချွင်းချက် ဖြင့် ခွင့်ပြုခဲ့သော်လည်း ကလေးနို့မှုန့်ဘူး တင်သွင်းခွင့်ကိုပင် လပေါင်း များစွာ ကြာအောင် ကုလ မှ ဖွဲ့စည်းပေးထားသော ဆန်းရှင်း ကြီးကြပ်ရေး ကော်မတီ မှ စစ်ဆေးပြီး ခွင့်ပြုခဲ့ရသည်။ ထိုဆန်းရှင်းသည် အီရတ်အား အမေရိကန်တို့ ဝင်ရောက် တိုက်ခိုက်ခဲ့သည့် ၂၀၀၃ ခုနှစ်တိုင်အောင် ရှိနေခဲ့သည်။ ပြည်သူများက ဆေးရုံသုံး ကိရိယာ၊ ဆေးဝါးများ ပြတ်လတ်ကုန်၍ အီရတ်ပြည်သူများ သိန်းချီ ၍ သေဆုံး ကြရသည်။

 

ထိုသို့ ဖြစ်လာလျှင် ပြည်သူများသာ လူးလိမ့်နေအောင် ခံရတော့မည် ဖြစ်သည်။ ၎င်းတို့ အဖို့ကား ဆက်ဒမ်လိုပင် ပန်းပန်နေကြဦးမည်သာ ဖြစ်သည်။ ထိုသို့ ပန်းပန်နိုင်အောင်ကလည်း အလကားတော့ မရ၊ တရုတ်၏ ဗီတို ကို မြစ်ဆုံ၊ ရခိုင်မြောက်ပိုင်း ကိုယ်ပိုင် အုပ်ချုပ်ခွင့် တို့ဖြင့် ဈေးကြီးပေး၍ ဝယ်ရပေတော့မည်။

 

ယခုအခါ သာဝများ အဖို့ အမေရိကန်တွင် ဒီမိုကရက် သမ္မတလောင်း အနိုင်ရဖို့ သေချာသလောက် ရှိနေပြီ ဖြစ်၍ ထရန့်လို တရုတ်နှင့် လှည့်ခြောက်ထား၍ ရတော့မည် မဟုတ်ဆိုသည်ကိုလည်း သဘောပေါက်သင့်ပြီ ဖြစ်သည်။

 

ယခုအခါ ပေါ်ပေါက်လာနေသော ဖြစ်ရပ်များကြောင့် ပြည်သူများသည် တပ်မတော်နှင့် သာဝများကို ခွဲခြား သိမြင် သဘောပေါက်လာကြပြီ ဖြစ်သည်။ ထို့အတွက် တပ်မတော် အနေဖြင့် ပြည်သူများ ၎င်းတို့ ဆန္ဒရှိသည့် အတိုင်း လုံခြုံစိတ်ချစွာ မဲပေးနိုင်မည့် တရားမျှတသည့် ရွေးကောက်ပွဲကြီး ဖြစ်မြောက်အောင် ဝိုင်းဝန်း ပံ့ပိုးပေးကြလိမ့်မည်ဟု မျှော်လင့်ကြောင်း ရေးသားလိုက်ရပေသည်။

 

ပြည်သူများ အနေဖြင့် မိမိတို့ နိုင်ငံအား နိုင်ငံတကာ တရားရုံးများမှ ဖမ်းဝရမ်း ထုတ်ခံရလုဆဲဆဲ အပြင် ဘာမှန်းညာမှန်းမသိ ပြောချင်ရာ ပြောနေကြသော လူများကို ရွေးချယ်ကြမည်လော၊ သို့တည်းမဟုတ် ကမ္ဘာအလယ်တွင် လေးစားခံရသည့် လူတဦး၏ ဦးဆောင်မှု နောက်ကို ယုံယုံကြည်ကြည် လိုက်ကြမည်လော၊ မိမိတို့၏ မျိုးဆက်များ အား မိမိတို့ ခံခဲ့ရသည့် ဆင်းရဲဒုက္ခ နွံအိုင်ကြီးထဲသို့တဖန် ပြန်၍ ဆွဲသွင်းကြ တော့မည်လော အစရှိ သည်တို့ကို တနင်္ဂနွေနေ့တွင် အဆုံးအဖြတ် ပေးရမည်လည်း ဖြစ်သည်။ သာဝများ လက်လျော့သွားရအောင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရကိုသာ ပုံအောပြီး မဲထည့်ပေးကြရန်လည်း တိုက်တွန်းလိုက်ရပေသည်။