အာဆီယံ၏ အကြီးမားဆုံး သံတမန် ရေးရာ စိန်ခေါ်မှု

by Hla Soewai - Nov 16 2026

မြန်မာကို အာဆီယံ၏ ထိပ်သီးအစည်းအဝေးများနှင့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးများတွင် ပါဝင်ခွင့် ကန့်သတ်ထားမှုကို ပြန်လည်သုံးသပ်ရန် ထိုင်း၏ အတင်းအကျပ် ဖိအား ပေးမှု ကြောင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဆွေးနွေးကြ တော့မည် ဖြစ်သည်။

 

သို့သော် ပြည်တွင်းစစ် ဆက်လက်ဖြစ်ပွားနေပြီး နိုင်ငံရေးအကျပ်အတည်းလည်း မပြေလည်သေးသည့်အတွက် စစ်အုပ်စု ကို ပြန်လည်လက်ခံသင့်၊ မသင့်ဆိုသည့် ပြဿနာမှာ အာဆီယံအတွက် ကြီးမားသော သံတမန်ရေးရာ စိန်ခေါ်မှုတခု ဖြစ်လာနေသည်။

 

အာဆီယံက မြန်မာကို ပြန်လည်လက်ခံရန် စဉ်းစားလာရသည့် အထိ ဖြစ်လာရခြင်းမှာလည်း၂၀၂၅ ဒီဇင်ဘာနှင့် ၂၀၂၆ ဇန်နဝါရီလတို့တွင် စစ်အုပ်စု က ရွေးကောက်ပွဲများ ပြုလုပ်လာသည် ကို အကြောင်းပြု၍ ယခုနှစ်အတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က မင်းအောင်လှိုင်နှင့် တိုက်ရိုက်ဆက်ဆံမှုများ ပြန်လည်တိုးမြှင့်လာကြ၍ ဖြစ်သည်။

 

သို့သော် အတိုက်အခံအင်အားစုများ လွတ်လပ်စွာ ပါဝင်ယှဉ်ပြိုင်နိုင်ခြင်းမရှိသည့် အခြေအနေတွင် ကျင်းပခဲ့ပြီး စစ်ဗိုလ်ချုပ် ဟောင်းများ ၏ USDP ပါတီက အပြတ်အသတ် အနိုင်ရရှိသွားခဲ့၍ ရွေးကောက်ပွဲ၏ တရားဝင်မှုနှင့် နိုင်ငံရေးအရ ယုံကြည်လက်ခံနိုင်မှုတို့မှာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ရသည်။

 

ထိုအထဲတွင် ထိုင်းက ရှေ့ဆုံးမှ ထွက်လာခဲ့သည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖွမ်ကက်ကဲဝ် က စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီးအား အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ပါဝင်ခွင့်ပြုလိုကြောင်း ထုတ်ဖော်ပြောကြားလာခဲ့သည်။

 

ထိုင်း အနေဖြင့် ၂၀၂၈ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌတာဝန်ယူချိန် နောက်ဆုံးထား၍ မြန်မာနိုင်ငံ၏ ပါဝင်ခွင့်ဆိုင်ရာ ဆုံးဖြတ်ချက်တခု ထွက်‌ ပေါ်လာရန် မျှော်လင့်နေ၍ ဖြစ်သည်။

 

သို့သော် ထိုင်း အနေဖြင့် အာဆီယံ၏ ဘုံ သဘောတူညီချက် ငါးရပ် ဖြစ်သည့်

၁။ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်။

၂။ သက်ဆိုင်သူအားလုံး ပါဝင်နိုင်သည့် နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်ရန်။

၃။ လိုအပ်နေသူများအား လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရန်။

၄။ အာဆီယံအထူးကိုယ်စားလှယ်က ကြားဝင်စေ့စပ်ပေးရန်။

၅။ အထူးကိုယ်စားလှယ်သည် ပဋိပက္ခတွင် ပါဝင်နေသော အဖွဲ့အားလုံးနှင့် တွေ့ဆုံခွင့်ရရှိရန်။

 

အစရှိသည် တို့ တချက်တလေမျှပင် အကောင်အထည် ဖေါ်‌ နေ ခြင်းမျိုး မရှိပဲ ၎င်းတို့အား ထောက်ခံသူများ နှင့် ပြုလုပ်လာသည် ရွေးကောက်ပွဲ ကို စွဲကိုင်၍ ဖိအား ပေးလာနေခြင်း ဖြစ်သည်။

 

ထိုင်းသည် ၎င်းတို့၏ နယ်စပ်လုံခြုံရေး ထိခိုက်လာနိုင်ခြင်း။နှစ်နိုင်ငံကုန်သွယ်ရေး ရပ်တန့်ခြင်း သို့မဟုတ် အနှောင့်အယှက်ဖြစ်ခြင်း၊ ရွှေ့ပြောင်းအလုပ်သမားများနှင့် ဒုက္ခသည်ပြဿနာများ၊ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု ထိခိုက်နိုင်ခြင်း၊ တိုက်ပွဲများ ထိုင်းနယ်မြေအတွင်းသို့ ကူးစက်လာနိုင်ခြင်း များ အပေါ် စိုးရိမ်လာနေ၍ ဆက်သွယ်ရေး လမ်းကြောင်းများ ဖွင့်ထားရန် လိုအပ်သည်ဟု ယူဆလာခြင်း ဖြစ်သည်။

 

နိုဝင်ဘာ ၁၂ ရက်က နေပြည်တော်သို့ နေ့ချင်းပြန် ရောက်ရှိလာသည့် ဆီဟာဆက် ဖွမ်ကက်ကဲဝ် က ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ KNU နှင့် KNPP ကဲ့သို့သော တိုင်းရင်းသားအဖွဲ့အစည်းများနှင့် မြန်မာ "အစိုးရ" အကြား ဆွေးနွေးညှိနှိုင်းမှုများ ဖြစ်ပေါ်လာစေရန် ကြားဝင်ကူညီပေးဖို့ အသင့်ရှိကြောင်း မိမိ၏ ကမ်းလှမ်းခဲ့မှုကို မြန်မာဘက်ကလည်း မူအားဖြင့် သဘောတူညီခဲ့သည် ဟု ပြောခဲ့သည်။

 

ထိုင်းသည် သနားစရာ ကောင်း‌ လောက်‌ အောင် အပူလုံး ကြွ‌ နေရှာသည်။ ထိုင်း နိုင်ငံရေး သိပ္ပံပညာရှင် ထိတိနန် ဖွန်းဆူဒီရတ်က ၎င်းတို့၏ အခက်အခဲ ကို ဖြေရှင်းနိုင်ယုံ သက်သက်ဖြင့် တော့ စစ်အုပ်စု အား အခြေအနေမရွေး အသိအမှတ်ပြုခြင်း မဖြစ်သင့်၊ အနည်းဆုံး နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်၊လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ခွင့်ပြုရန် နှင့်လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်ရန် စသည့် လက်တွေ့ကျသော အပြောင်းအလဲများနှင့် ချိတ်ဆက်ထားသင့်သည်ဟု ဆိုသည်။

 

မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား သဘောထား တထပ်တည်း မရှိတော့သည်က အထင်အရှား တွေ့နေရသည်။

 

ထိုင်းနှင့် အဖွဲ့ဝင်နိုင်ငံအချို့သည် စစ်အုပ်စု နှင့် တိုက်ရိုက်ဆက်သွယ်မှုများ တိုးမြှင့်ခြင်းဖြင့် ပြဿနာကို ဖြေရှင်းနိုင်မည်ဟု ယူဆကြသည်။

 

အခြားနိုင်ငံများကမူ ၎င်းတို့ကို အလျင်စလို ပြန်လည်လက်ခံခြင်းသည် စစ်အုပ်စု အပေါ် အာဆီယံ၏ နိုင်ငံရေးဖိအား လျော့ နည်းသွားစေနိုင်သည်ဟု စိုးရိမ်ကြသည်။

 

Human Rights Watch အပါအဝင် အရပ်ဖက် လူ့အဖွဲ့အစည်း များ ကလည်း အကြမ်းဖက်မှုများ ရပ်တန့်ရေးနှင့် အရပ်သားအုပ်ချုပ်ရေးသို့ ကူးပြောင်းရေးအတွက် စစ်တပ်အပေါ် ဖိအားများ ဆက်လက်ပေးရန် အာဆီယံကို တိုက်တွန်းထားသည်။

 

၂၀၂၇ တွင် အာဆီယံဥက္ကဋ္ဌတာဝန်ယူမည့် စင်ကာပူနိုင်ငံအတွက်လည်း ဤပြဿနာသည် ကြီးမားသော သံတမန်ရေးရာ စိန်ခေါ်မှုတခု ဖြစ်လာ ပေတော့မည်။

 

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသည် မြန်မာ့အရေးအတွက် အရေးကြီးသော အလှည့်အပြောင်းတခု ဖြစ်လာနိုင်သည်။

 

အဓိကအားဖြင့် အာဆီယံသည် ဘုံသဘောတူညီချက် ငါးရပ် အား အကောင်အထည်ဖော်မှုကို ပြန်လည်သုံးသပ်မည့် စာတမ်းတခု ထုတ်ပြန်ရန် စီစဉ်ထားသည်။

 

ထိုစာတမ်းမှတစ်ဆင့် အာဆီယံသည် မူလသဘောတူညီချက်ကို ဆက်လက်စွဲကိုင်မည်လား၊ သို့မဟုတ် မြန်မာ့အရေးကို ကိုင်တွယ်ရာတွင် နည်းလမ်းသစ်တခု ပြောင်းလဲကျင့်သုံးမည်လားဆိုသည်တို့ ထွက်ပေါ်လာမည် ဖြစ်သည်။

 

ထို့အပြင် အာဆီယံအထူးကိုယ်စားလှယ်ရာထူးကို နှစ်စဉ်ပြောင်းလဲနေခြင်းအစား အမြဲတမ်းတာဝန်ယူမည့် ကိုယ်စားလှယ်တဦး ခန့်အပ်ရေးကိုလည်း ဆွေးနွေးကြမည် ဖြစ်သည်။

 

မြန်မာကို အာဆီယံအတွင်း ပြန်လည်လက်ခံရေးသည် အဖွဲ့ဝင် နိုင်ငံ အချို့၏ အကျိုးစီးပွား ကြောင့် မဖြစ်သင့်ဘဲ အမှန်တကယ် နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်လာခြင်းအပေါ်သာ မူတည်သင့် ပေသည်။

 

နှစ်နိုင်ငံချင်း ဆက်ဆံရေးပြန်လည်တိုးမြှင့်ခြင်းနှင့် အာဆီယံက နိုင်ငံရေးအရ တရားဝင်အသိအမှတ်ပြုခြင်းတို့သည် သက်ရောက်မှု ခြင်း မတူညီသည်ကိုတော့ သတိပြုရမည် ဖြစ်သည်။

 

ထို့အတွက် အဓိကစောင့်ကြည့်ရမည့်အချက်မှာ မနီလာအစည်းအဝေးတွင် အာဆီယံက စစ်အုပ်စု ကို ပြန်လည်လက်ခံမည်၊ မလက်ခံမည်ဆိုခြင်းထက် ပြန်လည်ပါဝင်ခွင့်အတွက် မည်သည့်နိုင်ငံရေးစံနှုန်းများ သတ်မှတ်မည်ဆိုခြင်းဖြစ်သည်။

 

အဘယ်ကြောင့်ဆိုသော် စစ်အုပ်စု ကို စည်းကမ်းချက် မသတ်မှတ်ဘဲ ပြန်လည်လက်ခံခြင်းသည် မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းပေးမည့်အစား အာဆီယံ၏ ဖိအားပေးနိုင်စွမ်းကိုသာ လျော့ကျသွားစေနိုင်သောကြောင့် ဖြစ်သည်။

 

With information from Modern Diplomacy

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!